တနင်္သာရီဝန်ကြီးချုပ်၏ ထိုင်း ခရီးစဉ် ခရိုနီနှင့်အတူသွားဟု ဝေဖန်ခံရ

0
941

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် အစိုးရအဖွဲ့ဝင်များက ထိုင်းနိုင်ငံပရာကျွတ်မြို့ ခရီးစဉ်အတွင်း ဒေသခံများက ခရိုနီဟု ခေါ်ဆိုသော မြို့ခံစီးပွားရေးလုပ်ငန်းရှင်များနှင့် အတူသွားရောက်ခဲ့သည့်အတွက် ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်း အချို့က ဝေဖန် ပြောဆိုလိုက်သည်။

letlet_maw
ဓာတ်ပုံ – တိုင်းအစိုးရ

မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဒေသနှင့် တဆက်တည်းရှိ ထိုင်းနိုင်ငံပရာကျွတ်မြို့ ခရီးစဉ်တွင် ဆီအုန်းကုမ္ပဏီကြီး တစ်ခုဖြစ်သည့် ပြည့်ဖြိုးထွန်း ဆီအုန်းကုမ္ပဏီ လုပ်ငန်းရှင် ဦးလှသန်း၊ အခြားလုပ်ငန်းရှင်များ အတူသွားရောက်ခဲ့သည့် အပေါ်တွင် ကျေနပ်မှုမရှိကြောင်း မြိတ်ဒေသခံအချို့က ပြောဆိုသည်။

ပြည့်ဖြိုးထွန်း ဆီအုန်းကုမ္ပဏီသည် မောတောင်ဒေသတွင် ဆီအုန်းလုပ်ငန်းများကို အကြောင်းပြုပြီးသစ် ခုတ်ထွင်မှုများ ရှိနေကြောင်း စွပ်စွဲမှုများရှိနေပြီး ကုမ္ပဏီ လုပ်ငန်းရှင် ဦးလှသန်းမှာ ငါးလုပ်ငန်း၊ ရာဘာလုပ်ငန်း၊ အအေးခန်း စက်ရုံတို့အပါအဝင် စီးပွားရေးလုပ်ငန်းအများအပြား လုပ်ကိုင်နေသူ ဖြစ်သည်။

ဝန်ကြီးချုပ် ထိုင်းခရီးစဉ်တွင် ဆီအုန်းကုမ္ပဏီနှင့်အတူ ရေလုပ်ငန်းရှင်များ၊ မြိတ်အများပိုင်မှ တာဝန်ရှိသူများ ရေလုပ်ငန်းနှင့် ဆက်စပ်ကုမ္ပဏီများမှ တာဝန် ရှိသူတို့ လိုက်ပါခဲ့သည်။

ခရီးစဉ် အတွင်း ထိုသို့သော လုပ် ငန်းရှင်များနှင့် အတူသွားရောက်သည်ကို မနှစ်သက်ကြောင်း မြိတ်ခရိုင်၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်းမှ ဦးလှမော်က ပြောသည်။

” သူတို့လုပ်ထားတဲ့ အလုပ်မဖြစ်တဲ့ ဆီအုန်း စီမံကိန်းတွေ ကျောက်မီးသွေး တွင်းကြီးတွေ ကိုဖုံးကွယ်ဖို့ ဒီမှာ ရှိနေတဲ့ ဒေသခံပြည်သူတွေ ဒုက္ခရောက် တဲ့ အပေါ် မျက်ကွယ်ပြုပြီး ဒီလို ခရီး စဉ်ကို ဒီကုမ္ပဏီက လူတွေနဲ့ အတူ ကိုယ့်နယ်စပ်ဂိတ် ဖြစ်ပါစေဆိုပြီး လိုက် လျောညီ ထွေပုံစံမျိုးနဲ့ သွားတာ မကြိုက် ဘူး”  ဟု ၎င်းက ဆိုသည်။

ဒီမိုကရေစီ အစိုးရဟု ယုံကြည် ထားချိန်တွင် ယခင် အစိုးရလက်ထက်မှ စီးပွားရေးသမားများနှင့် ပေါင်းသဖြင့် စိတ်ပျက်ရကြောင်း မြိတ်ဒေသခံအချို့က ဆိုကြသည်။

” ဒီမိုကရေစီ  အစိုးရတက်လာတော့ စစ်အစိုးရနောက်ကွယ်က စီးပွားရေး သမားတွေ အလုပ်လုပ်လို့ မရတော့ဘူး လို့ ထိုင်းကထင်နေတာပါ။ဒါကိုသူတို့ က ဒီအစိုးရကို သူတို့ ကိုင်ထားတယ် သူတို့ အစိုးရပဲဆိုပြီးဝန်ကြီးချုပ်နဲ့အတူ သွားတဲ့ သဘောမျိုးဖြစ်နေတယ်”  ဟု ကျောက်ဖျာကျေးရွာနေအသက် ၅၀ ရှိ အမျိုးသားတစ်ဦးက ပြောပြသည်။ သူမှာ လောင်စာဆီ ရောင်းချခြင်း ဖြင့် အသက်မွေးပြီး နိုင်ငံရေး အပေါ် အတန်ငယ်စိတ်ဝင်စားမှု ရှိသူ ဖြစ်သည်။
“ဒေသခံတွေ ပေးထားတဲ့ မဲတွေ အလကား ဖြစ်ကုန်တယ်။ ပြီးတော့ ဝန်ကြီးချုပ်လာမယ်လို့ ကြားတော့ ဝမ်း သာအားရနဲ့ ရပ်ကွက်ထဲမှာ သန့်ရှင်း ရေးတွေ လုပ်ထားရတယ်” ဟု ထိုင်း နယ်စပ် မောတောင်ဒေသနေ အသက်၃၀ ကျော်ရှိ အမျိုးသား တစ်ဦးက ပြော သည်။
ယခု ထိုင်းခရီးစဉ်တွင် လိုက်ပါ သွားသော လုပ်ငန်းရှင်အချို့မှာ ၂၀၁၅ ရွေးကောက်ပွဲ ကာလအတွင်းက ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ ကို အထောက်အပံ့ပြုခဲ့ကြောင်း ယင်း အမျိုးသားက ဆိုသည်။

သို့သော် ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ကမူ ခရိုနီများနှင့် ပေါင်းသင့် ပါက ပေါင်းရမည်ဖြစ်ကြောင်းကာကွယ် ပြောဆိုသည်။

“ခရိုနီ ဆိုပြီးဘေးဖယ်ထားလို့မရ ပါဘူး။ ဒေသဖွံ ဖြိုးတိုးတက်ဖို့စိတ်ဝင် စားတဲ့ မည်သူမဆိုပူးပေါင်းနိုင်ပါတယ်” ဟု ဇွန်လ ၈ရက်နေ့တွင် ထိုင်းနိုင်ငံမှ အပြန်မောတောင်ဒေသရှိ တိုက်နယ် ဆေးရုံတွင် ဋ္ဌာနဆိုင်ရာများ၊ ဒေသခံ များနှင့် တွေ့ဆုံရာတွင် ဝန်ကြီးချုပ်က ထည့်သွင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်၏ ထိုင်းခရီးစဉ်သည် ပုဂ္ဂိုလ်ရေးအရ ဖိတ်ခေါ်ခြင်းမဟုတ်ဘဲ ငါးလုပ်ငန်းအဖွဲ့ ချုပ်ဥက္ကဋ္ဌအနေနှင့် လိုက်ပါရခြင်းဖြစ်ကြောင်း မြိတ်ခရိုင်ရှိ နာမည်ကျော်လုပ်ငန်းရှင် ဦးလှသန်းက ဆိုသည်။

” အစိုးရအဖွဲ့တွေ  အတွက် သွားတဲ့ စရိတ်တွေကို ထိုင်းက အကုန်ကျခံ ပေးတာပါ။ ဒီက လိုက်သွားတဲ့သူတွေက ကိုယ့်ဟာကိုယ်သုံးကြတာပါ။ ဒေသ ကောင်းကျိုးအတွက် လိုက်သွားပေးရတာပါ” ဟု ၎င်းက တနင်္သာရီ အပတ်စဉ်သို့ ပြောကြားသည်။

တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီး ချုပ်နှင့် အစိုးရ အဖွဲ့ဝင်များသည် ထိုင်း နိုင်ငံပရာကျွတ် ခီရီခန်ခရိုင် အုပ်ချုပ် ရေးမှူးနှင့် တွေ့ဆုံခဲ့ပြီး ထိုင်းဘက်မှ စင်းခွန်းနယ်စပ်ဂိတ်အား အမြဲတမ်း ဂိတ်ဖြစ် လာရေး ၊ခရီးသွား လာရေး ကဏ္ဍ၊ ပညာရေး ကိစ္စရပ်များ အပြန် အလှန် သင်ကြားနိုင်ရေး၊ ဘာသာစကား ဖလှယ်ရေး၊ ကျန်းမာရေးနှင့် ကူးစက် ရောဂါ ပူးပေါင်းကာကွယ် တားဆီးရေး တို့ကို ဆွေးနွေးခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

ယင်းအပြင် စမူစခွန်နှင့် ကန်ချ နဘူရီခရိုင် တို့ရှိ ငါးဈေးကွက်ကိုသွား ရောက် လေ့လာခဲ့သည်။