ပေါင်တွင် ကလေး ၃ ဦးအပါအဝင် ဒေသခံ ၆ ဦး ခွေးရူးကိုက်ခံရ

0
424

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ကျေးရွာတစ်ခုတွင် ကလေး ၃ ဦးအပါအဝင် စုစုပေါင်းဒေသခံ ၆ ဦး ခွေးရူးကိုက်ခံရသည်ဟု ပေါင်မြို့နယ် ပြည်သူ့ဆေးရုံထံမှ သိရသည်။

ထိုမြို့နယ် ကျွဲခြံကျေးရွာတွင် ဇွန်လ ၁၃ ရက်နေ့က ၅ တန်းကျောင်းသား ၁ ဦး၊ ၄ တန်းကျောင်းသူ ၁ ဦး၊  ၉ တန်းကျောင်းသား ၁ ဦး အပါအ၀င် ရွာသား ၃ ဦးတို့ကို အနီရောင်ရှိ ခွေးရူးတစ်ကောင်မှ ဆက်တိုက် ကိုက်သွားသည်ဟု ဒေသခံတို့က ပြောသည်။

“မနေ့က ခွေးရူးကိုက်တဲ့လူတွေက ခွေးကိုက်လို့ ကာကွယ်ဆေးလာထိုးတယ်လို့ပဲ ပြောတယ်။ ခွေးရူးကိုက်လို့ မပြောတော့ ကျွန်မလဲ ခွေးရူးပြန်ကာကွယ်ဆေးပဲ ထိုးပေးလိုက်တယ်။ ဒီနေ့တော့ သူတို့ကို ပြန်ခေါ်ထားတယ်။ ခွေးရူးပိုးသတ်ဆေး ပြန်ထိုးပေးဖို့ပါ” ဟု ပေါင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှ ဦးစီးမှူး ဒေါက်တာခင်စုစုဟန်က ပြောသည်။

အဆိုပါခွေးကို လူ ၆ ဦး ဆက်တိုက် အကိုက်ခံရပြီးနောက် ရွာသားများ စုပေါင်းဝိုင်းရိုက်သတ်လိုက်ကြောင်း ဒေသခံ ဦးဂျပန်က ပြောသည်။

“ခွေးက အိမ်မွေးခွေး တစ်ကောင်ပဲ ၀၀လုံးလုံးနဲ့ ဒီရွာကတော့ မဟုတ်ဘူး။ ကျွန်မ မုန့်တီရောင်းနေတုန်း ကျွန်မသားကို အဲခွေးက အတင်းဝင်ဆွဲတာ၊ သားရဲ့ ညာဘက်ဒူးခေါင်း ကိုက်မိသွားတယ်။ လောလောဆယ်တော့ ပေါင်ဆေးရုံမှာ ကာကွယ်ဆေးထိုးထားတယ်” ဟု ၅ တန်းကျောင်းသားမိခင် ဒေါ်မော်ဦးက ပြောသည်။

ပေါင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှ ဇွန်လ ၁၃ ရက်နေ့အထိ ခွေးကိုက်ခံရမှုကြောင့် လူ ၁၀၁ ဦးအား ခွေးရူးပြန်ကာကွယ်ဆေး အခမဲ့ ထိုးပေးခဲ့ကြောင်း ဒေါက်တာခင်စုစုဟန်က ပြောသည်။

မွန်ပြည်နယ်တွင် ခွေးကိုက်ခံရသူများလာသလို ခွေးရူးပြန်ရောဂါဖြင့် သေဆုံးလာသဖြင့် ခွေးရူးပြန်ရောဂါကာကွယ်ရေးဆိုင်ရာ လူထုပညာပေးမှုကို လုပ်ဆောင်လျက်ရှိကာ ခွေးရူးပြန်ရောဂါလုံးဝင်ကင်းစင်သွားသည်ထိလည်း အကောင်အထည်ဖော်သွားမည်ဟု ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ဆိုထားသည်။

ပညာပေးရာတွင် လူထုတို့ သိထားသင့်သည့် အဓိက အချက်မှာ မည်သည့်ခွေးမဆို ခွေးရူးပြန်ရောဂါပိုးရှိနိုင်သည်ဖြစ်သည့်အတွက် ခွေးအကိုက်ခံရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်အကြောင်းကြားရမည်ဖြစ်သည်။

ခွေးကိုက်ခံရသူ၊ ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသွားသူများစာရင်း အချက်အလက် မရှိသည့်အတွက် ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူမရှိဟု ထင်ရသော်လည်း အမှန်တကယ် ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူအများအပြားရှိကြောင်း ပါမောက္ခ ဒေါက်တာချစ်စိုး (ဆေးပညာဌာန ဆေးတက္ကသိုလ် (၂) ရန်ကုန်) က မွန်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် ခွေးရူးပြန်ရောဂါကာကွယ်ရေးပညာပေးအခမ်းအနားတွင် ပြောဆိုသည်။