ရွှေ့ပြောင်းအတွက် အိမ်ထောင်စာရင်း မွန်လူမှုအဖွဲ့အစည်းများကန့်ကွက်

0
413

မွန်ပြည်နယ်အတွင်း ၀င်ရောက်နေထိုင်လျှက်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက်  အိမ်ထောင်စာရင်းများထုတ်ပေးနေသည့် စီမံချက်ကို  မွန်လူမှုအသင်းအဖွဲ့များက ကန့်ကွက်လိုက်သည်။

ပြည်နယ်အတွင်း နေရာအတည်တကျမရှိဘဲ ရွှေ့ပြောင်းနေထိုင်ကြသူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော မှတ်ပုံတင်တမျိုးမျိုး ဆောင်ရွက်ပေးမည့် မွန်ပြည်နယ် အစိုးရ၏ ရက် ၁၀၀ စီမံချက်ကို ပြန်လည်သုံးသပ်ရန် ၎င်းတို့က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

မွန်လူငယ်များဖိုရမ်၊ မွန်ရဟန်းပျိုကွန်ရက်၊ မွန်အမျိုးသားပညာရေးကော်မတီ၊ မွန်ပြည်နယ်အရပ်သား အပစ်ခတ်ရပ်စဲရေး လေ့လာစောင့်ကြည့်ရေးကော်မတီ၊ မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း မွန်လူငယ်ပညာပေးရေးအဖွဲ့၊ မွန်စာပေနှင့် ယဉ်ကျေးမှုလူငယ်ဆပ်ကော်မတီ (ရန်ကုန်) အစရှိသည့် မွန်လူမှုအသင်းအဖွဲ့ ၁၆ ဖွဲ့တို့က လက်မှတ်ထိုးပြီး ဇွန်လ ၁၀ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့၊ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး၊ လွှတ်တော်အသီးသီးနှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ကန့်ကွက်တောင်းဆိုစာ ပေးပို့ထားသည်။

ထို စီမံချက်ကြောင့် ပြည်နယ်အတွင်း အမှန်တကယ် မှီတင်းနေထိုင်သူတို့ကို ခြိမ်းခြောက်လာနိုင်သည့်အတွက် ယခုကဲ့သို့ ကန့်ကွက်တောင်ဆိုရခြင်းဖြစ်သည်ဟု မုဒုံမြို့နယ် မွန်လူငယ်အသင်း ဥက္ကဋ္ဌ နိုင်ထွန်းမြင်က ပြောသည်။

“အိမ်ထောင်စုစာရင်းတွေ ထုတ်မပေးဖို့ မပြောလိုပါဘူး။ အရပ်ဒေသရဲ့ လူဦးရေ လုပ်အားကိုကြည့်သင့်ပါတယ်။ အလုပ်မရှိတဲ့သူတွေ လာနေနေတာကိုလည်းကြည့်သင့်ပါတယ်” ဟု ပြောသည်။

ဒေသအတွင်း ရွှေ့ပြောင်းလုပ်သားများ ရောက်ရှိလာပြီးနောက် ဒေသတွင်း အေးချမ်းတည်ငြိမ်မှုပျက်ပြားကာ ခိုးမှုများ လုယက်မှုများ၊ လူသတ်မှုများ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ၊ လိင်ပိုင်းဆိုင်ရာပြစ်မှုများ ငြိမ်းခြောက်မှုများ ထူပြောလာခြင်း၊ ကျူးကျော်နေထိုင်ခြင်းများဖြစ်ပေါ်လာခြင်း၊ ရွှေ့ပြောင်းလုပ်သားပြဿနာသည် လူမျိုးရေးပဋိပက္ခသို့ ဦးတည်သွားနိုင်ခြင်း အစရှိသည့် အချက် ၇ ချက်ကို အဆိုပါကန့်ကွက်တောင်းဆိုစာတွင် ဖော်ပြထားသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ရွှေ့ပြောင်းလုပ်သားများဦးရေစာရင်းကို ကောက်ခံလျက်ရှိသည်။

ဇွန်လ ၁၀ ရက်က ရေးမြို့နယ် အံဒင်ကျေးရွာအုပ်စု ၆ ခုတို့တွင် လာရောက်ကောက်ခံခဲ့သည်ဟု အံဒင်ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင့်ရှောင်က ပြောသည်။

“အစိုးရရဲ့ ရက် ၁၀၀ စီမံချက်လို့ပြောတယ်၊ ကျွန်တော်တို့အံဒင်မှာရှိတဲ့ ကျေးရွာအုပ်စု ၆ ခုထဲက ကျေးရွာအုပ်စု ၃ ခုလောက်ကို ရွှေ့ပြောင်းလူဦးရေစာရင်း ကောက်ပြီးသွားပြီ” ဟု ၄င်းက ပြောသည်။

မွန်ပြည်နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနစာရင်းအရ မွန်ပြည်နယ်အတွင်း ကိုင်ဆောင် လက်မှတ်မရှိသည့်ရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းလူဦးရေ ၁၂၀၀၀ ကျော်ရှိသည်ဟု ဖော်ပြထားသည်။

၂၀၁၄ သန်းခေါင်စာရင်းဖော်ပြချက်အရ မွန်ပြည်နယ်အတွင်း ရွှေ့ပြောင်းအလုပ်သမားဦးရေ သုံးသိန်းခွဲနီးပါးရှိသည်။