ကဗျာဝတံတား နိမ့်ကျမှု ကုမ္ပဏီက ပြန်ပြင်မည်

0
490

ဖွင့်လှစ်ပြီး ၁၉ လအကြာတွင်ပင် နိမ့်ကျခဲ့သော ကဗျာဝတံတားကို ပြန်လည်ပြုပြင်ရန် လုပ်ဆောင်နေကြောင်း ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတက်ရေးဦးစီဌာနရုံးထံမှ သိရသည်။

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲရှိ ထိုတံတားမှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ဖွင့်လှစ်ခဲ့ပြီး ယခုလဆန်းတွင် တံတားတိုင် အမှတ် P-5 မှာ တစ်ပေခန့်နိမ့်ဆင်းသွားခဲ့သည်။

Image
ဇွန်လ ၇ ရက်နေ့က နိမ့်ဆင်းသွားသော ကဗျာဝ တံတား

တံတားကို တာဝန်ယူ တည်ဆောက်ခဲ့သည့် တော်ဝင်အောင်ဟိန်းကျော် ကုမ္ပဏီက တံတားနိမ့်ကျမှုကို တာဝန်ယူ ပြုပြင်မှုကို တာဝန်ယူသွားမည်ဖြစ်ကြောင်း အထက်ပါ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်းက ပြောသည်။

“နိမ့်ဆင်းသွားတဲ့ ရေလယ်တိုင်အမှတ် (P-5) တံတားတိုင်နှစ်ဖက်ကို Mini Wall နှစ်တိုင်ဆီ စုစုပေါင်း ၄ တိုင်ပြုလုပ်ပြီး ကွန်ကရစ်လောင်းထည့်မယ်။ နောက်ပြီး တိုင်အောက်ခြေက ဒီရေနဲ့ မျောသွားတဲ့ ချိုင့်နေရာကို ကွန်ကရစ်အပြည့်လောင်းထည့်ပါမယ်။ တံတားအောက်ဘက်မှာ ဒီရေအရှိန်ကိုလျှော့စေဖို့အတွက် ရေခွဲတွေကို ထည့်ပေးပါမယ် အက်ကွဲသွားတဲ့ တံတားကြမ်းခင်းနဲ့ တံတားလက်ရမ်းကိုလည်း ပြန်ပြုပြင်သွားပါမယ်” ဟု ၎င်းက ပြောသည်။

ပြင်ဆင်သည့်ကာလအတွင်း ကားများဖြစ်သန်းမှုကို ခေတ္တပိတ်ထားမည်ဖြစ်ပြီး ရာသီဥတုအခက်အခဲကြောင့် ပြုပြင်သည့်အချိန်ကာလ မသိနိုင်ကြောင်း ရေးမြို့နယ် ပြည်နယ်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတက်ရေးဦးစီဌာနရုံးထံမှ သိရသည်။

၂ နှစ် မပြည့်မီပင် ချွတ်ယွင်းသွားခဲ့သော တံတားကို ဇီးသီးဗန်း အဖြစ် ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။

သို့သော် တံတားစတင်တည်ဆောက်စဉ်က ရေစီးကြောင်း တည်ရှိပုံမှ လွန်စွာပြောင်းလဲသွားခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ရသည်ဟုယူဆကြောင်း ရေးမြို့နယ် နတလရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမင်းက ပြောသည်။

“တံတား ပြန်လည်ပြုပြင်ဖို့အတွက် စက်ယန္တရားတွေတော့ ရောက်နေပြီး ပြင်တာတော့ စမပြင်ရသေးဘူး။  ပြင်တဲ့အခါကျရင်တော့ ကားဖြတ်သန်းမှုပိတ်မယ်လို့ပြောတယ်။ ဆိုင်ကယ်တို့ ဘာတို့ကြတော့ ဖြတ်ခွင့်ပြုမယ်။  ကားပဲ ပိတ်မယ်တဲ့” ဟု ရေးမြို့ခံ ဦးအောင်နိုင်ဝင်းက ပြောသည်။

ကဗျာဝကွန်ကရစ်တံတားကို ၂၀၁၃-၂၀၁၄ ခုနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တော်ဝင် အောင်ဟိန်းကျော်ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ တံတားချဉ်းကပ်အတွက် ကျပ်သိန်း ၈၀၀ နှင့်  တံတားပေရှည် ၃၇၅ အတွက် ၃၇၅ သန်းဖြင့် တည်ဆောက်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါတံတားသည် ကဗျာဝကမ်းခြေနှင့် ရေးမြို့သို့ ဆက်သွယ်သွားလာရာတွင် အဓိက အရေးပါသည့် တံတားတစ်စင်းဖြစ်သည်။