ထားဝယ်အများပိုင် လုပ်ငန်းရပ်ဆိုင်းစေရေး လိုအပ်က မောင်းမကန်ဒေသခံများ ဆန္ဒပြမည်

0
764
DDPC ကုမ္ပဏီက သဲတူးထားစဉ်။ ဓာတ်ပုံ - မောင်းမကန် ရွာသားတစ်ဦး

မောင်းမကန်ကမ်းခြေတွင် ထားဝယ်အများပိုင်ကုမ္ပဏီက လုပ်ဆောင်နေသည့် လုပ်ငန်းများ ရပ်ဆိုင်းပေးရေးအတွက် လိုအပ်ပါက တိုင်းအစိုးရအဖွဲ့ကို ဆန္ဒပြတောင်းဆိုမည်ဖြစ်ကြောင်း မောင်းမကန်ဒေသခံများက ပြောသည်။


ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင် ကုမ္ပဏီလီမီတက်(DDPC)၏ မောင်းမကန်ကမ်းခြေတောင်ဖက် လုပ်ကွက်အတွင်း သဲစုပ်မြေညှိခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း အရှိန်အဟုန်မြင့် လုပ်ဆောင်နေမှုများ ရပ်ဆိုင်းပေးရန် တိုင်းအစိုးရအဖွဲ့အား ရက်ပိုင်းအတွင်း တင်ပြသွားမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“လိုအပ်ရင် လမ်းပေါ်ပြန်တက်မယ်၊ အရင်က ကုမ္ပဏီကို ဆန္ဒပြတယ်၊ အခုက ပြည်သူ့အစိုးရ တက်လာပြီဆိုတော့ ဒီတစ်ခါဆန္ဒပြဖြစ်ရင် အစိုးရသစ်ကို ဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆိုသွားမယ်” ဟု ဆန္ဒပြဖူးသည့် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးနိုင်ဝေက ပြောသည်။

DDPC ကုမ္ပဏီက သဲတူးထားစဉ်။  ဓာတ်ပုံ - မောင်းမကန် ရွာသားတစ်ဦး
DDPC ကုမ္ပဏီက သဲတူးထားစဉ်။ ဓာတ်ပုံ – မောင်းမကန် ရွာသားတစ်ဦး

ကမ်းခြေတောင်ဖက် ဒီရေချောင်းတောက်လျှောက် သဲများစုပ်ယူခြင်း မြေတူးစက်ကြီးများဖြင့် သဲနှိုက်ယူခြင်းများ ယခုရက်ပိုင်းအတွင်း တောက်လျှောက်လုပ်ကိုင်နေခြင်းကြောင့် ကဗွီး၊ မဲ့ စသည့် ဒီရေတောပင်များ ပျက်စီးခြင်းကြောင့် အစိုးရကို တောင်းဆိုရန်နှင့် ဆန္ဒပြရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ရွာခံတို့ကဆိုသည်။

“သူများတွေက သစ်ပင်စိုက်ပြီး သဘာဝတရားကို ထိန်းသိမ်းနေချိန်မှာ ဒီကုမ္ပဏီက သစ်ပင်နဲ့ သဘာဝတရားကို ဖျက်ဆီးနေတယ်”ဟု မောင်းမကန်မှ တက်ကြွလှုပ်ရှားသူ ကိုမင်းအောင်သူက ပြောသည်။

DDPC ၏ လုပ်ငန်းတရားဝင်လုပ်ပိုင်ခွင့်ရှိမရှိနှင့် မြေဧရိယာမည်မျှတွင် လုပ်ပိုင်ခွင့်ရရှိထားသည်ကို ရှင်းလင်းမှုမရှိသေးဘဲ ယင်းသို့ လုပ်ဆောင်နေသည်ကို လက်မခံနိုင်သဖြင့် ကန့်ကွက်ရန် စုပေါင်းဆုံးဖြတ်ရခြင်းဖြစ်သည်ဟု DDPC ကုမ္ပဏီကို အလိုမရှိကြောင်း ဆန္ဒပြဖူးသူများက ဆိုသည်။

ကနဦးတွင် ယင်းကုမ္ပဏီမှ မောင်းမကန် ကမ်းခြေသာယာလှပရေးအတွက် ဟိုတယ်ဇုန်ဆောက်မည်ဆိုကာ မြေဧကပေါင်း ၄၀၀ ကျော်ပေါ်ရှိ သီဟိုပင်များအား ဘူဒိုဇာဖြစ် ထိုးလှဲပြီး ပေ ၈၀ ပတ်လည် အကွက်ရိုက် ရောင်းချနေသည်ဟုဆိုကာ ရွာသားများက ၂၀၁၅ ဒီဇင်ဘာနှင့် ၂၀၁၆ ဖေဖော်ဝါရီတို့တွင် ယင်းကုမ္ပဏီအား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ဖူးသည်။

“ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ပေးမယ်ပြီး မယ်မယ်ရရ ဘာမှမလုပ်ပေးဖူးဘူး။ မြေကိုတော့ အကွက်ရိုက် ရောင်းစားတယ်” ဆန္ဒပြခေါင်းဆောင် ဦးနိုင်ဝေက ဆိုသည်။

ယင်းနယ်နိမိတ်အားလုံး ခြံစည်းရိုးခတ် ဝင်ထွက်ခွင့် ကန့်သတ်လိုက်သဖြင့် ဆိပ်ကမ်းသို့ အတက်အဆင်းလမ်းများ ပိတ်သကဲ့သို့ ဖြစ်သွားပြီး ပင်လယ်ကမ်းခြေချောင်းရိုးတစ်လျှောက် ပင်လယ်ခန်း(ခရု၊ ငါး၊ ဂဏန်း စသည်..)များ ရှာဖွေစားသောက်ခွင့်များ ဆုံးရှုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

၎င်းအပြင် သီဟိုနှင့် အလေ့ကျပင်များကို မှီခိုနေသူများလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရသည်ဟု ၎င်းတို့က ဆိုသည်။

“အလုပ်အကိုင် ပျက်တဲ့အပြင် ခုတလော တစ်ကြိမ်မှ မကြုံဖူးတဲ့ လေပွေလေပြင်းတွေတောင် တိုက်လာတယ်” ဟု မောင်းမကန် ချောင်းရိုးနဖူး ကဗွီးနှစ်ပင်ရပ်ကွက်သူ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ဧပြီလနှောင်းပိုင်းတွင် တိုင်းဝန်ကြီးချုပ်နှင့် အစိုးရဖွဲ့သစ် မောင်းမကန်ရောက်ခဲ့စဉ်က ယင်းကုမ္ပဏီလုပ်ကွက် မြေယာပိုင်ဆိုင်မှုကိစ္စနှင့် လုပ်ဆောင်ချက်များအား ရွာသားများက တင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ မြေယာဥပဒေအသစ် ထွက်ရှိသည်အထိ စောင့်ဆိုင်းရန် ပြန်လည်ဖြေကြားခဲ့ဖူးသည်။

“သူတို့ ပိုက်ဆံပေါလို့ လုပ်နေတာ လုပ်ပါစေ”ဟု ဝန်ကြီးချုပ်က မောင်းမကန်ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောခဲ့သည်။

DDPC  မှ ယခုကဲ့သို့ သဲစုပ်ခြင်း၊ သဲနှိုက်ခြင်း မြေဖို့ခြင်းများကြောင့် ဒီရေတောနှင့် အခြားသစ်ပင်များ အချိန်နှင့်အမျှ ပျက်စီးနေသည်ကို မည်သို့ပြန်လည်ကုစားမည်ဆိုသည်နှင့် ဝန်ကြီးချုပ်တွင် ယင်းသို့သောကိစ္စရပ်များအပေါ် စစ်ဆေး တားမြစ်ပိုင်ခွင့်၊ လုပ်ငန်းယာယီရပ်ဆိုင်းခိုင်းပိုင်ခွင့် မရှိ၍လော ဟူ၍ မောင်းမကန်ဒေသခံများက ၀န်ကြီးချုပ်အပေါ် မေးခွန်းလျက်ရှိသည်။