လွှတ်တော်ဥက္ကဋ္ဌဟောင်းခိုင်းသည့် အတိုင်း လုပ်ခဲ့သည်ဆိုသော ဆောက်လုပ်ရေးကိစ္စများ စစစ်

0
387

ပလောက်မြို့၊ ကျောက်လုံးကြီး ကျေးရွာအုပ်စု၊ ကျောက်တောင်ရွာ လယ် ကွင်းရေငန်တားတမံပြုလုပ်ရန် လယ်ယာ ဆည်မြောင်းဌာနမှ ထုတ်ပေးသည့် ငွေ ၉၈၇ သိန်းအား တာဝန်ခံထုတ်ယူသူက လုပ်ငန်းတွင် မသုံးဟုဆိုကာ လယ်သမားများက လက်ရှိဝန်ကြီးချုပ်ထံ တိုင်ကြားသဖြင့် မြို့နယ်အမှုစစ်ဆေး ရေးအဖွဲ့ က စတင်စစ်ဆေးနေကြောင်း ကျောက်တောင်ရွာလယ်သမားအဖွဲ့နှင့် အမှုစစ်အဖွဲ့ဝင်များထံမှ သိရသည်။

ငွေထုတ်ယူခဲ့သူ ပြည့်နေအောင်ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင် ဦးပန်းအေး ကမူ ၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် ယင်းငွေများကို သုံးရစ်ခွဲ ထုတ်ယူခဲ့သည်မှာ မှန်သော်လည်း လုပ်ငန်းကိစ္စများကို တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဟောင်း ဦးထင်အောင်ကျော်၏ အစီအစဉ်အတိုင်းသာ သုံးစွဲခဲ့သည်ဟု တနင်္သာရီအပတ်စဉ်သို့ ပြောသည်။

” ကုမ္ပဏီနဲ့ မဆိုင်ပါဘူး၊ ကျွန်တော်က ငွေထုတ်ပြီး ဦးထင်အောင်ကျော် သုံးစွဲခိုင်းသလို သုံးပေး တာပါ” ဟု ဦးပန်းအေးက ဆိုသည်။
၂၀၁၀ ခုနှစ်တွင် ကျောက်တောင်ရွာ၏ လယ်မြေဧကပေါင်း ၃၈၀၀ ကျော် ရေငန်ဝင် ပျက်စီးခဲ့သဖြင့် အစိုးရထောက်ပံ့ငွေနှင့် လယ်သမားများထည့်ဝင်ငွေ ပေါင်းကာ ၂၀၁၂ ခုနှစ်မှစ ရေတားတမံများ ပြုလုပ် ခဲ့ရာ ၂၀၁၄ ခုနှစ်အထိ လယ်ဧက ၁၇၀၀ (ရေတားတမံပေအရှည် တစ်သောင်း ခုနှစ်ထောင်) သာ ပြီးစီးခဲ့သည်ဟု လယ်သမားများက ပြောကြသည်။

၂၀၁၅ ခုနှစ်တွင် လယ်ယာဆည်မြောင်းဌာနမှ အထက်ပါ ဘတ်ဂျက်ငွေ ၉၈၅ သိန်း ထပ်မံချ ထားပေးသော်လည်း ဦးပန်းအေးနှင့်အဖွဲ့က ကျောက်တောင်လယ်သမားအဖွဲ့ထံ သိန်း ၃၀၀ သာ ထုတ်ပေးခဲ့သဖြင့် လယ်ပိုင်ရှင်များ၏ စုပေါင်းထည့်ဝင်ငွေနှင့်ပေါင်းကာ တမံ လုပ်ငန်းဆက်လုပ်ခဲ့ရသည်ဟု ၎င်းတို့က ဆိုသည်။ဦးပန်းအေးနှင့်အဖွဲ့က လယ်ဧက ပေါင်း ၃၆၀၀(တမံ ပေအရှည် ငါးသောင်းကျော်) အောင်မြင်ပြီး စီးခဲ့ပြီးကြောင်း သက်ဆိုင်ရာသို့ လိမ်လည်တင်ပြခဲ့ပြီး တမံ အမှန်လုပ်ကိုင်နေသူများထံ လက်ကျန်ငွေ ထုတ်မပေးတော့သဖြင့် ယခု တိုင်းအစိုးရအဖွဲ့အား တင်ပြခဲ့ခြင်းဖြစ် ကြောင်း လယ်သမားအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက ဆိုသည်။

” တမံလုပ်ဖို့ပေးတဲ့ငွေ တမံ မလုပ်ဘဲ အထက်ကို စာရင်းလိမ်တင်ပြတာ လယ်သမားတွေ အရမ်းနစ်နာ တယ်” ဟု ဦးအောင်မင်းက ဆိုသည်။
ဦးပန်းအေးကမူ ရေငန်ဝင်ရာတွင် လယ်ယာဆုံးရှုံးနစ်နာသည့်လယ်သမား များအား ငွေပေးဝေခြင်း၊ လယ်သမားများ အသုံးပြုရန် လယ်ထွန်စက်ဝယ်ခြင်း၊ ရွာလမ်းခင်းပေးခြင်းများကို လွှတ်တော် ဥက္ကဋ္ဌ (ဟောင်း)စေခိုင်းမှုဖြင့် လုပ်ဆောင်ခဲ့ပြီး လက်ကျန် သိန်း ၃၀၀ အား လယ်သမားများထံအပ်နှံခဲ့သည်ဟု ဆိုသည်။
တိုင်းလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးထင်အောင်ကျော်က ရေတားတမံပြုလုပ်ရန် ချပေးသည့် ယင်း ငွေများအား ကျေးရွာဖွံ့ဖြိုးရေးအတွက် သူစီစဉ် လုပ်ကိုင်ခိုင်းခဲ့သည်မှာ မှန်ကြောင်း တနင်္သာရီအပတ်စဉ်သို့ ပြောသည်။

” ဒီကိစ္စ အဲဒီရွာမှာ တစ်ခါရှင်းပြပြီးပါပြီ၊ ဒီရက်တွေထဲမှာ နောက်တစ်ခေါက်သွားရှင်းပြဖို့ ရှိပါ သေးတယ်၊ တိုင်တဲ့သူတွေက အမြင်စောင်းပြီး လိုက်တိုင်နေတာပါ” ဟု ဦးထင်အောင်ကျော်က ပြောသည်။ယင်းကိစ္စအား မြို့နယ်အုပ်ချုပ်ရေး မှူး ဦးဆောင်သည့် အမှုစစ်ဆေးရေး အဖွဲ့မှ စစ်ဆေးဆဲဖြစ်ကြောင်း အမှုစစ် အဖွဲ့တွင်ပါဝင်သည့် လယ်ဆည် မြိတ်ခရိုင်ဦးစီးမှူး ဦးကျော်သူက ဆိုသည်။” ထွက်ဆိုချက်တွေကို ခရိုင်ထွေအုပ် တိုင်းထွေအုပ်တွေကို တင်ပါလိမ့်မယ်၊ ပြီးတော့မှ ပြန်ကျလာပါ လိမ့်မယ်” ဟု ဦးကျော်သူက ပြောသည်။ယခု လက်ကျန် လယ်ဧက ၂၁၀၀ အား တိုင်းဆည်မြောင်းဌာနအား တင်ပြကာ လယ်သမားများ၏ စုပေါင်းထည့် ဝင်ငွေဖြင့် ဆက်လက်လုပ်ကိုင်နေကြရပြီး လယ်သမားများ လုပ်ငန်းလုပ်ကိုင်ခွင့် ဆုံးရှုံးမှု အပြင် ငွေပါထပ်ကုန်နေရသဖြင့် ယခုကိစ္စအား လက်ရှိ အစိုးရမှ ထိရောက်စွာ တာဝန်ယူကိုင်တွယ် ဖြေရှင်းပေးစေလိုကြောင်း လယ်သမားများက ပြောကြသည်။

ယခင်အစိုးရနှင့် ဌာနဆိုင်ရာတို့ တာဝန်ယူဆောင်ရွက် ရေးဆွဲခဲ့သည့် စီမံကိန်း အကြီးအငယ်များမှ အစွန်းထွက် ပြဿနာမြောက်များစွာကို တာ ဝန်ခံဖြေရှင်းရမည်မှာ ယခုအစိုးရအတွက် အရေးပေါ်စိန်ခေါ် ချက်တစ်ရပ် ဖြစ်နေသည်။