မိုးတွင်း နှစ်စဉ်လူသေသော ဇင်းကျိုက်ရေတံခွန် အန္တရာယ်ကင်းရေး

0
702
မိုးရာသီ အခါကြီး ရက်ကြီးများတွင် လူသောင်းချီ လာရောက်လည်ပတ်လေ့ရှိသည်။ ဓာတ်ပုံ - Dawei Watch

မိုးရာသီတွင် နှစ်စဉ်လူသေဆုံးမှုရှိသော မွန်ပြည်နယ်မှ နာမည်ကျော် ဇင်းကျိုက်ရေတံခွန် ယခု မိုးရာသီတွင် အန္တရာယ်ကင်းရေး လုပ်ငန်းများ စီမံထားကြောင်း ရေတံခွန်ကော်မတီက ပြောဆိုလိုက်သည်။

ကျောက်သင်္ဘောရေတံခွန်ဟု လူသိများသော ထိုရေတံခွန်သို့ လာရောက်သူများသည် အန္တရာယ်ရှိသော နေရာများသို့ ရေဆင်းကူးခြင်း၊ ဖြတ်သန်းသွားလာခြင်းကြောင့် နှစ်စဉ် လူသေဆုံးလေ့ရှိသည်။

မိုးရာသီ အခါကြီး ရက်ကြီးများတွင် လူသောင်းချီ လာရောက်လည်ပတ်လေ့ရှိသည်။ ဓာတ်ပုံ - Dawei Watch
မိုးရာသီ အခါကြီး ရက်ကြီးများတွင် လူသောင်းချီ လာရောက်လည်ပတ်လေ့ရှိသည်။  ဓာတ်ပုံ – Dawei Watch

ထိုကြောင့် ထိုသို့သော အန္တရာယ်ရှိသော နေရာများသို့ လူသွားလာခြင်းမပြုနိုင်အောင် သံဆူးကြိုး ကာရံခြင်း၊ အန္တရာယ်ရှိ နေရာများတွင် ရေဆင်းကူးခြင်း မပြုနိုင်အောင် ကာရံခြင်းတို့ ဆောင်ရွက်ထားသည်ဟု ဇင်းကျိုက် ရေတံခွန်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောသည်။

“ရေတံခွန်အောက်က ရေကန်ကို အနက် ၅ ပေလောက်ဖြစ်အောင် ကျောက်ပွတွေနဲ့ ဖို့နေတယ်၊ အနက်ကို လျှော့တဲ့သဘောပါ”ဟု ၎င်းကဆိုသည်။

ရေတံခွန်တွင် အသက်အန္တရာယ်ရှိပြီး နှစ်စဉ်လူသေဆုံးသည့် အဓိကနေရာများမှာ ရေတံခွန်အပေါ်ဘက်ရှိ စေတီတော်ကျောက်တုံးကြီးတဝိုက်၊ အရန်စေတီအနီးရှိ အနက် ၁၅ ပေခန့်ရှိ ရေကန်နှင့် ရေတံခွန်အောက်ရှိ ၁၂ ပေ ရေကူးကန်တို့ဖြစ်ကြောင်း ဦးထွန်းထွန်းနိုင်က ဆက်ပြောသည်။

နာမည်ကြီး ဇင်းကျိုက်ရေတံခွန်သို့ မိုးတွင်းကာလတွင် မြန်မာနိုင်ငံ အနှံ့မှ လာရောက် လည်ပတ်ကြသည့် ဧည့်သည်များဖြင့် စည်ကားလျက်ရှိကာ အထူးသဖြင့် အခါကြီးရက်များ ရုံးပိတ်ရက်များဖြစ်သည့် စနေ၊ တနင်္ဂနွေရက်များတွင် လူပေါင်း သောင်းနှင့်ချီ လာရောက်ကြသည်ဟု ရေတံခွန်အနီးနေထိုင်ကြသူတို့က ပြောသည်။

“ဥပုသ်ရက်တွေဆိုရင် တစ်နေ့ကို လူနှစ်သောင်းကျော်လောက် လာရောက်ကြတယ်” ဟု ရေတံခွန်အနီး စားသောက်ဆိုင် ဖွင့်ထားသည့် ကိုဇော်ဇော်က ပြောသည်။

ဇင်းကျိုက်ရေတံခွန်တွင် နှစ်စဉ် လူတစ်ဦး သို့မဟုတ် နှစ်ဦး  ရေနစ်သေဆုံးလေ့ရှိပြီး ယမန်နှစ်က လူ ၈ ဦးထိ ရေနစ်သေဆုံးခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ ယခုနှစ်တွင် ရေနစ်သေဆုံးမှု မရှိသေးပါ။

ဇင်းကျိုက်ရေတံခွန်ကို ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းခန့်က အဆင့်မြင့်အပန်းဖြေစခန်းအဖြစ် မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီက လုပ်ဆောင်ခဲ့ပြီးနောက် အလည်အပတ်များအတွက် မွန်ပြည်နယ်၏ စိတ်ဝင်စားစရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။