ဟန်ပြစိုက်ပျိုးရေးလုပ်ငန်းများကြောင့် သစ်တောပိုမို ပြုန်းတီး ဟုဝန်ကြီးဆို

0
762
မြိတ်ခရိုင်အတွင်းရှိ ဆီအုန်းစိုက်ခင်းတစ်ခု။ ဓာတ်ပုံ - ဇော်ဇော်/Dawei Watch

တိုင်းအတွင်း ဆီအုန်း၊ ရာဘာ စသည့် စိုက်ပျိုးရေး စီမံကိန်းအမျိုးမျိုးကို ဟန်ပြ အကောင်အထည်ဖော်ပြီး သစ်ခုတ်ခဲ့သဖြင့် သစ်တော်ပြုန်းတီးမှု ပိုမိုများပြားကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ ၀န်ကြီးတစ်ဦးက ပြောဆိုလိုက်သည်။

ဇွန်လ ၅ ရက်နေ့က ထားဝယ်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် တိုင်း သယံဇတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီး ဦးမြင့်မောင် က ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

တနင်္သာရီတိုင်းသည် သစ်တောနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ပေါများခဲ့သော်လည်း ဆီအုန်း၊ ရာဘာ စသည့် စိုက်ပျိုးရေး စီမံကိန်းများကို လုပ်ငန်းရှင်များက အကောင်အထည်ဖော်ရာတွင် တင်ပြထားသလောက် မလုပ်ဘဲ ဟန်ပြစိုက်ပျိုးကာ နှစ်ရှည်သစ်ပင်များ ခုတ်ယူခဲ့သဖြင့် သစ်တောပိုမိုပြုန်းတီးခဲ့ကြောင်း ဦးမြင့်မောင် ကပြောသည်။

ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ တရားဥပဒေစိုးမိုးမှု အားနည်းသည့် လက္ခဏာဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီး ဦးမြင့်မောင် ကဆိုသည်။

“ဒါက သဘာဝပတ်ဝန်းကျင် အထူးထိခိုက်စေတဲ့ ပြစ်မှုတွေပဲဖြစ်တယ်။ ဒါကလည်းနိုင်ငံရဲ့ ဥပဒေ စိုးမိုးမှုကို အားနည်းတဲ့ သဘောသက်ရောက်တယ်” ဟု ၀န်ကြီး ဦးမြင့်မောင် ကပြောသည်။

မြိတ်ခရိုင်အတွင်းရှိ ဆီအုန်းစိုက်ခင်းတစ်ခု။  ဓာတ်ပုံ - ဇော်ဇော်/Dawei Watch
မြိတ်ခရိုင်အတွင်းရှိ ဆီအုန်းစိုက်ခင်းတစ်ခု။ ဓာတ်ပုံ – ဇော်ဇော်/Dawei Watch

လက်ရှိအချိန်တွင် တိုင်းဒေသကြီး ဧရိယာ၏ လေးဆယ်ရာခိုင်နှုန်းနှင့် ငါးဆယ်ရာခိုင်နှုန်းသာ သစ်တော ဖုံးလွှမ်းဧရိယာကျန်ရှိပြီး သစ်တောများ တစ်ဖြည်းဖြည်းဆုတ်လျော့လာကြောင်း ၎င်းကဆိုသည်။

သစ်တောပြုန်းတီးမှုကာကွယ်ရေးနှင့် ပတ်သက်၍ သစ်တောဦးစီးဌာနက လုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် ပြည်သူများ ပါဝင်နိုင်ရန် အဓိကထားစေချင်ပြီး ပြည်သူများ မပါဝင်ပါက လုပ်ငန်းအောင်မြင် နိုင်မည်မဟုတ်ကြောင်း ၀န်ကြီး ဦးမြင့်အောင် ကပြောသည်။

တိုင်းအတွင်း မြိတ် ကော့သောင်းဒေများတွင် ယင်းကဲ့သို့ စိုက်ပျိုးရေး စီမံကိန်းအကြောင်းပြကာ သစ်ခုတ်မှုများရှိပြီး ထားဝယ်ဒေသတွင်မူ မရှိသလောက် နည်းပါးကြောင်း ထားဝယ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး ကဆိုသည်။

“အစိုးရအနေနဲ့ အမှန်တစ်ကယ်စိုက်ပျိုးမယ့် သူတွေနဲ့ လက်တွေ့ကျကျ ပူးပေါင်း ဆောင်ရွက်သင့်တယ်” ဟု အဆိုပါ လုပ်ငန်းရှင် ကပြောသည်။

တနင်္သာရီတိုင်းတွင်  တနင်္သာရီသဘာဝကြိုးဝိုင်း စီမံကိန်းဧရိယာ ဧကပေါင်း ၄၂၀၀၇၇ ဧက ကျယ်ဝန်းသည်။

အပင်မျိုးစိတ် ၃၈၄ မျိုး၊ ၀ါးမျိုးစိတ် ၃၀ မျိုး၊ သစ်ခွမျိုးစိတ် ၇၃မျိုး၊ ဆေးဘက်ဝင်အပင် မျိုးစိတ် ၃၄၄ မျိုး၊ နို့တိုက်သတ္တ၀ါ ၆၇ မျိုး၊ ငှက်မျိုးစိတ် ၂၄၅ မျိုးနှင့် ကုန်းနေ ရေနေနှင့် တွားသွားသတ္တ၀ါ ၉၅မျိုး ရှိကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။