လုပ်အားခ အပြည့်မရှင်းပေးသည့်ကိစ္စ မြိတ်ရေလုပ်သားများ မကျေနပ်

0
538

ထူးထူးတိုးကုမ္ပဏီပိုင် ငါးဖမ်း လှေတွင် လုပ်ကိုင်နေသည့် ရေလုပ်သား ၄၀ ဦးခန့်သည် လုပ်ငန်း ရာသီသိမ်းချိန် တွင် လုပ်အားခ အပြည့် ရှင်းမပေးသည့် ကိစ္စအား မကျေမနပ် ဖြစ်လျက်ရှိပြီး မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဇွန်လ ၂ ရက် နံနက်ပိုင်းက သွားရောက် တိုင်ကြားခဲ့သည်။

ထူးထူးတိုး အမှတ် ၁၉ ၊ ဝါတန်း ငါးဖမ်းလှေတွင် လုပ်ကိုင်သည့် အ ထက်ပါ ရေလုပ်သားများသည် ပင်လယ် ပြင်တွင် ၈ လခန့် အလုပ်လုပ်ခဲ့သော် လည်း ရာသီသိမ်းချိန်တွင် လုပ်အားခ ၄ လစာသာ ရှင်းပေးမည်ဟု ပြောသည့် အတွက် ယင်းသို့ တိုင်ကြားခြင်း ဖြစ် ကြောင်း ရေလုပ်သားများက ပြောသည်။
“ရေလုပ်သား အများစုက လစဉ် ကြိုတင် သုံးငွေ ယူထားတာဆိုတော့ လက်ရှိ ထုတ်ပေးတဲ့ ၄ လစာ ငွေမှာ ပြန်နှုတ်ရင်တစ်ပြားတစ်ကျပ်မှ ကျန် တော့မှာ မဟုတ်ဘူး” ဟု လုပ်သက် ၆ နှစ်ခန့်ရှိ ရေလုပ်သား ဦးဇော်လင်းထိုက် က ပြောသည်။
myeik_sea_worker
၈ လစာအတွက် လုပ်အားခကျပ် ၁၅ သိန်း ရမည်ဟု လုပ်ငန်းခွင် စဝင် ချိန်က ပြောထားကြောင်း ရေလုပ်သား များက ပြောသည်။
သို့သော် အမှန်တကယ် ပိုက်ဆံ ရှင်းချိန်တွင် ၄ လစာဟုဆိုကာ ကျပ် ၆၁၀၀၀၀ သာရှင်းပေးသည်ဟု ဦးဇော် လင်းထိုက်က ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ထူးထူးတိုးကုမ္ပဏီ တာဝန်ခံမှ ယနေ့ ဇွန်လ ၂ ရက် ညနေပိုင်းတွင် ရေလုပ် သားများနှင့် ညှိနှိုင်းခဲ့ကြောင်း သိရသည်။
ယခု ငါးဖမ်းလှေသည် လစာစနစ် မကျင့်သုံးဘဲ ငါးဖမ်းဆီးရရှိမှုတည်ပြီး လုပ်အားခရှင်းပေးသည့်စနစ်ကို ကျင့် သုံးခဲ့ပြီး ၈ လတာအတွင်း ငါးဆရာနှင့် ရေရှုး(ရေငုပ်ကျွမ်းကျင်သူ) ၂ သုတ်ဖြစ် သွားသည့်အတွက် လက်ရှိတွင် လုပ် အားခ ၄ လစာသာ ရှင်းပေးခဲ့ခြင်း ဖြစ် ကြောင်း အထက်ပါ တာဝန်ခံ ဦးအောင် မျိုးက ပြောသည်။

ပထမ ၄ လတွင် တာဝန်ယူခဲ့သည့် ငါးဆရာနှင့် ရေရှုး(ရေငုပ်ကျွမ်းကျင်) ကျန်းမာရေး မကောင်းသည့် အတွက် ရန်ကုန်တွင် ဆေးကုသနေရပြီး လုပ်အား ခ အတွက် မထုတ်ပေးရသေးကြောင်း၊ ယင်း ပထမ ၄ လ လုပ်အားခ ကိစ္စကို ရေရှုး သာ ရှင်းလင်းပေးနိုင်မည်ဖြစ်သည့်အတွက် ရေရှုးရောက်လာမှ ထုတ်ပေး မည်ဖြစ်ကာ ၎င်းမှ တစ်ဆင့် ရေလုပ်သား များအတွက် လုပ်အားခကို ရှင်းပေးမည် ကြောင်း ဦးအောင်မျိုးက ပြောသည်။
လက်ရှိတွင် အဆိုပါ ရေရှုးမှာ ရန်ကုန်တွင် ဆေးကုနေသည့်အတွက် ဇွန်လ ၇ ရက်အရောက် မြိတ်သို့ လာ ရောက်ပြီး လုပ်အားခကိစ္စ ရှင်းလင်း ပေးရန် မေတ္တာရပ်ခံထားကြောင်း ဦး အောင်မျိုးက ပြောသည်။