မွန်ပြည်နယ် လွှတ်တော်က အစိုးရကို ထိန်းကြောင်းရေး အရှိန်မြှင့်

0
6162
ဓာတ်ပုံ - Dawei Watch

မွန်ပြည်နယ် အစိုးရ၏ စီမံကိန်းကော်မရှင်ကိစ္စ အချိန်မီထိန်းကျောင်းရေး အရေးကြီးအဆို ဆွေးနွေးရန် သဘောတူလိုက်ပြီးနောက် လွှတ်တော် အမြန်ဆုံး ခေါ်ယူရန် လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုလိုက်သည်။ ထိုသို့ဖြင့် မွန်ပြည်နယ် အစိုးရကို လွှတ်တော်က ထိန်းကြောင်းရေး အရှိန်မြင့်လာပြီ ဖြစ်သည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးပြီးသည့်နေ့၌ပင် နောက်ထပ်အထူးအစည်းအဝေး ထပ်မံကျင်းပေးရန် ကိုယ်စားလှယ်အချို့တို့က လက်မှတ်ထိုး တောင်းဆိုထားသည်ဟု မွန်ပြည်နယ်လွှတ်တော်ရုံးထံမှ သိရသည်။

ဓာတ်ပုံ - Dawei Watch
ဓာတ်ပုံ – Dawei Watch

လူထုမလိုလားသော စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ထည့်သွင်းထားပြီး လွှတ်တော်သို့ အသိပေးခြင်းမရှိသည့် မွန်ပြည်နယ် စီမံကိန်းကော်မရှင်ကို အချိန်မီထိန်းသိမ်းရန် အဆိုကို ဇွန်လ ၃ ရက်နေ့က တင်သွင်းခဲ့သည်။

ကိုယ်စားလှယ်တို့၏ တောင်းဆိုမှုကြောင့် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးကို ဇွန်လ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ကျင်းပခဲ့ပြီး ထိုနေ့၌ပင် ကိုယ်စားလှယ် ၈ ဦးတို့က နောက်ထပ် အထူးအစည်းအဝေး ကျင်းပပေးရန် လက်မှတ်ထိုး တောင်းဆိုထားသည်ဟု လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောသည်။

ပြည်နယ်စီမံကိန်းကော်မရှင်နှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တို့က အရေးကြီး အဆိုတင်သွင်းခဲ့သည်ကို နောက်လာမည့် အနီးကပ်ဆုံးလွှတ်တော်မှသာ ဆက်လက်ဆွေးနွေးသွားရန် လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့သည်။

“၃ ရက်နေ့အစည်းအဝေးမှာ တင်လိုက်တဲ့ အရေးကြီးအဆိုကို လွှတ်တော်ပုံမှန်အစည်းအဝေးက ဘယ်တော့ ခေါ်လို့ ခေါ်မှန်းမသိဘူး။ အဲတော့ ကျွန်တော်တို့က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အမြန်ဆုံး ဆွေးနွေးစေချင်လို့ တောင်းဆိုတာပါ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားပါ” ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ဆိုသည်။

တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ဥပဒေအရ လွှတ်တော်အစည်းအဝေးကျင်းပပေးရန် ကိုယ်စားလှယ် ၄ ပုံ ၁ ပုံက တင်ပြတောင်းဆိုလာလျှင် ၁၅ ရက်အတွင်း ကျင်းပပေးရမည်ဟု ပြဌာန်းထားသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၉ ဦး၊ မွန်အမျိုးသားပါတီမှ ၂ ဦး၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ၁ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၈ ဦးတို့ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၃၁ ဦး ရှိသည်။

ပြည်နယ်စီမံကိန်း ကော်မရှင် ဖွဲ့စည်းမှုသည် လွှတ်တော်နှင့် မသက်ဆိုင်ဘဲ သမ္မတက တိုက်ရိုက်ဖွဲ့ခိုင်းခဲ့ခြင်းသာ ဖြစ်ကြောင်း မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးမင်းမင်းဦး၏ ပြောဆိုချက်ကို DVB သတင်းတွင် ဖော်ပြထားသည်။

“ကျနော်တို့ကို သမ္မတကြီးက စီမံကိန်းကော်မရှင်ဆိုပြီးတော့ တိုက်ရိုက်ဖွဲ့ခိုင်းတာ။ အဲ့ဒီမှာ ကျွန်တော် ဖွဲ့ခွင့် ဘာမှ မရှိဘူး။ ဥက္ကဋ္ဌက ဘယ်သူ၊ ၀န်ကြီးတွေက ဘာ၊ နောက် အတွင်းရေးမှူးက ဘယ်သူ တခါတည်း ထည့်ပြီးသား”ဟု ဦးမင်းမင်းဦးက ဆိုသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်လက်မှတ်ထိုးကာ မေလ ၂၅ ရက်နေ့က အတည်ပြု ဖွဲ့စည်းခဲ့သည့် ပြည်နယ်စီမံကိန်းကော်မရှင်တွင် စုစုပေါင်း အဖွဲ့ဝင် ၁၅ ဦးပါဝင်ပြီး နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင် နှစ်ဦးလည်း ပါဝင်သည်။

ပါဝင်သော ဒေသတွင်း နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ၂ ဦးမှာ လက်ရှိလွှတ်တော်က စိစစ်နေသည့် ကမ်းနားလမ်းတိုးချဲ့ အဆင့် (၆) ကို တာဝန်ယူ ဖောက်လုပ်ခဲ့သူ ဦးမိုးကျော်နှင့်  ကျိုက်ထီးရိုး ဘုရားနှင့် စပ်ဆိုင်သော လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်နေသေူ ပထမ ရိုးရိုးလေး ကုမ္ပဏီ လီမိတက်ပိုင်ရှင် ဦးနေထက်သိန်းနိုင်တို့ ဖြစ်သည်။

ယင်းနောက် မွန်ဝန်ကြီးချုပ်က ဇွန်လ ၂ ရက်နေ့တွင် ပြန်လည်ပြင်ဆင်ထုတ်ပြန်သည့် ကော်မရှင် အဖွဲ့ဝင်များ စာရင်းတွင် အထက်ပါ လုပ်ငန်းရှင် နှစ်ဦး၏ အမည် ပြန်လည်ပါဝင်လာခြင်းမရှိတော့ပေ။

 

ဆက်စပ်သတင်း – 

ပြည်သူမလိုသူများပါသည့် ပြည်နယ်စီမံကိန်းကော်မရှင်ကိစ္စ မွန်လွှတ်တော်နှင့် အစိုးရ ထိပ်တိုက်တွေ့