ဘိလပ်မြေစက်ရုံ ကန့်ကွက်သည့် လှုပ်ရှားမှု ကျိုက်မရောတွင် စတင်

0
561
ဓာတ်ပုံ - Dawei Watch

ကျောက်မီးသွေးသုံးပြီး လည်ပတ်မည့် မော်လမြိုင် ဘိလပ်မြေစက်ရုံကို ကန့်ကွက်ကြောင်း ဆိုင်းဘုတ်ထူခြင်းနှင့်  အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ဒေသခံတို့က စတင်လိုက်သည်။

စီမံကိန်းတွင် ကျောက်မီးသွေးအသုံးပြုမှုကို ကန့်ကွက်ကြောင်း ဒေသခံလူထု ၃၇၀၀ ကျော်က မွန်ပြည်နယ် အစိုးရ နှင့် လွှတ်တော်တို့ကို ဧပြီလအတွင်းက စာတင်ပြီးနောက် လှုပ်ရှားမှု နောက်တစ်ဆင့် တက်လာခြင်းဖြစ်သည်။

ကျောက်မီးသွေးသုံးပြီး လည်ပတ်မည့် ဘိလပ်မြေစက်ရုံစီမံကိန်းများကို ဒေသခံများ ကန့်ကွက်ကြောင်း အများသိရှိစေရန်နှင့် ကျောက်မီးသွေးစက်ရုံကြောင့် နောက်ဆက်တွဲ ကျန်မားရေ၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအခြေအနေများကို ဒေသခံတို့ သိရှိနားလည်လာအောင် ဆိုင်းဘုတ်ထူခြင်းနှင့်  လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဇွန်လ ၆ ရက်နေ့က ဒေသခံ ၂၀၀ ခန့်တို့က ဦးဆောင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားနဲ့ လည်ပတ်မယ့် ဘိလပ်မြေစက်ရုံကို ကျွန်တော်တို့ ဒေသက လူတွေ လက်မခံဘူး၊ ကန့်ကွက်တယ်ဆိုတာကို လူအများက သိရှိစေဖို့အတွက်နဲ့ ကျောက်မီးသွေးကြောင့် ဖြစ်လာတဲ့ဆိုးကျိုးတွေကို ဒေသခံ သိရှိနားလည်လာဆောင် ဒီလှုပ်ရှားမှုကို ပြုလုပ်တာဖြစ်တယ်” ဟု ကျိုက်မရောမြို့နယ်၊ ကတုံစိရွာမှ နိုင်မစ်က ပြောသည်။

ဓာတ်ပုံ - Dawei Watch
ဓာတ်ပုံ – Dawei Watch

ဆိုင်းဘုတ်ထူခြင်းနှင့်  လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ဒေသအတွင်းရှိ တရာနာ၊ ကွမ်ငန်း၊ ကဒုံစိ၊ ကော့ဒွန်၊ ကော့ပနော၊ ကော့ဝမ်း၊ မယ်ကရို၊ ပေါက်တော၊ ဝင်ငဲ့ရွာအစရှိသည့် ကျေးရွာတို့တွင် ပြုလုပ်ခဲ့သည်။

“ကျွန်မတို့က စက်ရုံကို ကန့်ကွက်နေတာမဟုတ်ပါဘူး။ ကျွန်မတို့လူတွေကို၊ ကျွန်မတို့ပတ်ဝန်းကျင်တွေကို ပျက်စီးစေနိုင်တဲ့ ကျောက်မီးသွေးကို ကန့်ကွက်နေတာပါ။ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားအကြောင်းကို အားလုံး သိအောင်လို့ အခုလို လုပ်တာ” ဟု လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ မိသီတာက ပြောသည်။

ဒေသခံတို့၏ ဧပြီလအတွင်း တိုင်ကြားချက်အရ မွန်ပြည်နယ် လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီ၊ တိုင်ကြားစာနှင့် အသနားခံစာများ လေ့လာသုံးသပ်စိစစ်ရေးကော်မတီ၊ ဥပဒေပြုရေးစိစစ်ရေး ကော်မတီတို့မှ ကော်မတီဝင်တို့က စက်ရုံကို ဇွန်လဆန်းက ကွင်းဆင်းသွားရောက် စစ်ဆေးခဲ့ပြီးဖြစ်သည်။

ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားဖြင့် လည်ပတ်မည့် မော်လမြိုင်ဘိလပ်မြေစက်ရုံသည် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှပ်နှံထားပြီး ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းခန့်တွင် စတင်လည်ပတ်သွားမည်ဟု စက်ရုံစီမံကိန်း အစီရင်ခံစာအရ သိရသည်။

ဘိလပ်မြေစက်ရုံအတွက် လျှပ်စစ်ဓါတ်အား ၄၉ မဂ္ဂါဝပ် လိုအပ်ပြီး ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်းများမှ ၄၀ မဂ္ဂါဝပ်ကိုလည်းကောင်း၊ စက်ရုံမှ စွန့်ပစ်သော လေပူ Waste Heat Generator မှ ၉ မဂ္ဂါဝပ်ကိုလည်းကောင်း ထုတ်ယူသုံးစွဲသွားမည်ဟု စီမံကိန်း အစီရင်ခံစာတွင် ပါရှိသည်။