ကျောက်ထုတ်လုပ်ငန်း ရပ်ဆိုင်းရေး ပေါင်တွင် ဆန္ဒပြ

0
788
ဓာတ်ပုံ - Dawei Watch

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ကျောက်ထုတ်လုပ်နေသည့် ကုမ္ပဏီတစ်ခုကြောင့် သဘာဝပတ် ဝန်းကျင်ထိခိုက်သည်ဟုဆိုကာ လုပ်ငန်း ပိတ်သိမ်းပေးရန် ဒေသခံ ၅၀၀ ခန့်တို့က ဇွန်လ ၅ ရက် နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြခံရသော ကုမ္ပဏီ၏ အမည်မှာ Long Life Aggregate Co.Ltd ဖြစ်ပြီး
ကျောက်ထုတ်လုပ်မှုကြောင့် ရေအရင်းအမြစ် ပျောက်ဆုံးခြင်းများ၊ လယ်ယာချောင်းမြောင်း ပျက်စီးခြင်းများနှင့် ဥယျာဉ်ခြံမြေပျက်စီးမှုများ အစရှိသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများရှိနေကြောင်း ဒေသခံတို့က စွပ်စွဲထားသည်။

ဓာတ်ပုံ - Dawei Watch
ဓာတ်ပုံ – Dawei Watch

“ကုမ္ပဏီရဲ့ လုပ်ငန်းသက်တမ်း တိုးတာတွေ လိုင်စင်တွေကို ပြန်လည်း စိစစ်ပေးဖို့ပါ၊ ဒီကုမ္ပဏီ စလုပ်တဲ့ နှစ်ကစပြီး ကျွန်တော်တို့ဒေသမှာ ချောင်းမြောင်းတွေပိတ်လို့ စပါးတွေလည်း အထွက်နည်းလာတယ်။ ဥယျာဉ်ခြံတွေမှာလည်း သစ်သီးတွေ ထင်သလောက် မထွက်တော့ဘူး” ဟု ဆန္ဒထုတ်ဖော်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ဇော်ထွေးက ပြောသည်။

ဆန္ဒထုတ်ဖော်ပြီး ထူးခြားမှုတစ်စုံတစ်ရာမရှိလာပါက ပြည်နယ်အဆင့်ထိ ဆန္ဒထုတ်ဖော်သွားရန်ရှိသည်ဟုလည်း ၄င်းက ဆက်ပြောသည်။

ကျောက်ထုတ်လုပ်နေသည့် Long Life Aggregate Co.Ltd ကုမ္ပဏီသည် ကျောက်ထုတ်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်က စတင်လုပ်ကိုင်လာခဲ့ပြီး ကုလားမတောင်တန်းရှိ သစ်တောကြိုဝိုင်းမြေဧရိယာပေါ်တွင် အနှစ် ၃၀ လုပ်ကိုင်ခွင့်ရရှိထားသည်။

“ကုမ္ပဏီအနေနဲ့ သစ်တောကြိုးဝိုင်းထဲမှာ လုပ်နေတဲ့အတွက် သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ထားတယ်၊ ဒေသခံတွေ စိုးရိမ်နေတာက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိလာမယ့်ကိစ္စတွေပါ၊ သက်ဆိုင်ရာ ဌာနတွေကို သူတို့တိုင်ကြားတာ ၃၇ ကြိမ်လောက်ရှိသွားပြီ။ ကျွန်တော်တို့ဆီကို ဌာနဆိုင်ရာပေါင်းဆုံ လာစစ်ဆေးပြီးသွားပါပြီ” ဟု Long Life Aggregate Co.Ltd မှ ဒါရိုက်တာ ဦးအောင်သက်ဌေးက ပြောသည်။

“ကျွန်တော်တို့ မထိခိုက်အောင်ဆောင်ရွက်နေတယ်၊ အားလုံးကို ညှိညှိနှိုင်းနှိုင်းနဲ့ ပူပေါင်းသွားချင်တယ်”

ကုမ္ပဏီအနေဖြင့် မြေဧရိယာအကျယ် ၁၂၅ ဧကပေါ်တွင် ကျောက်ထုတ်လုပ်ရန် ခွင့်ပြုချက်ရရှိထားကြောင်း ကျောက်တစ်ကျင်းလျှင် အခွန်ငွေ ၂၅၀၀ ကျပ် ပေးသွင်းနေရကြောင်း ဦးအောင်သက်ဌေးက ပြောသည်။

အဆိုပါ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ဇွန်လ ၂ ရက်ကကျင်းပခဲ့သည့် မွန်ပြည်နယ်လွှတ်တော်အထူးအစည်းအဝေးတွင်လည်း ကျောက်ထုတ်လုပ်ငန်း ပြန်လည်စိစစ်ပေးရေးအဆိုကို ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက တင်သွင်းခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်။