
ကျောက်ခဲများ၊ ချိုင့်ခွက်များဖြင့် ဆိုးဆိုးရွားရွားဖြစ်နေသောကြောင့် လကမ္ဘာဟု တင်စားခံရသည့် ထားဝယ်အဝေးပြေး ကားကွင်းကို အဆင့်မြှင့်ရန် ဒေသဆိုင်ရာ တိုင်းအစိုးရက ပြင်ဆင်လျက်ရှိသည်။ သို့သော် ကားဝင်းကို ဗဟိုအစိုးရက တိုက်ရိုက်ထိန်းချုပ်ထားသဖြင့် နေပြည်တော်သို့ တင်ပြရန် လိုအပ်နေသည်။
ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များ အဆင်ပြေစွာ ရပ်နားနိုင်ရန် လက်ရှိ ကားကွင်း ဧရိယာ ၄ ဧက အပါအ၀င် ဧက ၂၀ အထိ တိုင်းချဲ့ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ကို ယခုဇွန်လ ပထမအပတ်အတွင်း တင်ပြမည်ဟု တနင်္သာရီ တိုင်းအစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စွာထွန်းက ပြောသည်။
“ဧက နှစ်ဆယ်လောက် အကျယ်အ၀န်းရှိမှ ချောင်ချောင်ချိချိ လုပ်နိုင်မယ်၊ အဆင့်တစ်ခုရှိသွားနိုင်တာပေါ့” ဟု ဦးကျော်စွာထွန်း က ပြောသည်။

လက်ရှိ အဝေးပြေးကွင်းမြေနေရာ အပါအ၀င် ထပ်မံတိုးချဲ့မည့် ဧရိယာမှာ ကာကွယ်ရေးဌာနပိုင်မြေနှင့် လေကြောင်းဦးစီးဌာနပိုင် မြေများ ပါဝင်နေ၍ ပြည်ထောင်စုအစိုးရထံ တင်ပြခြင်း ဖြစ်သည်။
ယခင်က အဝေးပြေးကားဝင်းတိုးချဲ့ရန် အကျယ်အ၀န်း ၈.၂၉ ဧက ကနဦးလျာထားခဲ့သော်လည်း ပိုမိုကျယ်ဝန်းစွာ ရရှိရန် အတွက် ဧက ၂၀ အထိ တိုးချဲ့ရန် တင်ပြမည်ဖြစ်ကြောင်း ဦးကျော်စွာထွန်းက ပြောသည်။
တောင်းဆိုမည့် ဧက ၂၀ အထိ တိုးချဲ့ရန် အဆင်မပြေပါက လျာထားဧကအပေါ်တွင်သာ စနစ်တကျ အဆင့်မြှင့် တည်ဆောက်သွားမည်ဟု ၎င်းက ဆိုသည်။
လက်ရှိ ၄ ဧက ခန့်သာရှိသည့် အဝေးပြေးကားကွင်းကို အရှေ့ဘက်နှင့် တောင်ဘက်ကို တိုးချဲ့မည်ဖြစ်ပြီး ခွင့်ပြုမည့် မြေအကျယ်အ၀န်း အပေါ်မူတည်၍ ဆောက်လုပ်မည့်နည်းလမ်းကို စဉ်းစားသွားမည်ဖြစ်ကြောင်း ဦးကျော်စွာထွန်းက ပြောသည်။
“ကားကွင်းလာတဲ့သူတွေ ပြောကြတယ်။ မင်းတို့ ကားကွင်းက လကမ္ဘာကျနေတာပဲဆိုပြီးတော့။ ပြင်ဖို့ဆိုတာက အခုမှ မဟုတ်ဘူး။ ဖြစ်သင့်နေတာကြာပါပြီ” ဟု အဝေးပြေးကားကွင်းအတွင်းရှိ ခရီးသည်တင်ယာဉ်လိုင်းတစ်ခုမှ ဂိတ်မှူးက ပြောသည်။
ယခင်အစိုးရလက်ထက်က ကားကွင်းကို အဆင့်မြှင့်မည်ဟု မကြာခဏ ပြောဆိုခဲ့ဖူးသော်လည်း မည်သူမှ ဦးဆောင်တာဝန်ယူပြီး လုပ်ဆောင်ပေးခြင်း မရှိသည့်အတွက် လက်ရှိအချိန်အထိ ထူးခြားလာခြင်းမရှိသေးဟု အဆိုပါ ဂိတ်မှူးက ဆိုသည်။
ကားကွင်းအဆင့်မြှင့်ရာတွင် ကုန်ကားနှင့် ခရီးသည်ကားလိုင်းများ စနစ်တကျ ဖြစ်စေရန်နှင့် ပိုမိုကောင်းမွန်စေရန် ခရီးသည်ကားလိုင်းများနှင့် ကုန်တင်ကားလိုင်းများ၏ အကြံပြုချက်များကိုလည်း နားထောင်စေလိုကြောင်း ၎င်းက ပြောသည်။
ထားဝယ်အဝေးပြေးကားကွင်းသည် ခြောက်သွ့ရာသီတွင် ချိုင့်ခွက်များ၊ ကျောက်တုံး၊ ကျောက်ခဲများဖြင့် ကြမ်းတမ်းကာ ဖုန်ထူထပ်သည်။ မိုးရာသီတွင် ဗွက်အိုင်များဖြင့် ညစ်ပေသည်။
ထားဝယ်အဝေးပြေးကားကွင်းကို ၂၀၁၅ ခုနှစ်အပြီး တည်ဆောက်မည်ဟု ယခင်တိုင်းအစိုးရအဖွဲ့က ပြောဆိုခဲ့ဖူးသော်လည်း ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြန်လည်စွန့်လွှတ်မည့်အချိန်ကို စောင့်ဆိုင်းနေသည်ဟု ဆိုကာ တည်ဆောက်နိုင်ခဲ့ခြင်း မရှိပေ။