အံ့သြနဘန်း မဟုတ်သေးပါ – Not yet a Miracle

0
800

ကျနော်က Allister Sparks ရေးတဲ့ Tomorrow is another country စာအုပ်ကို ‘နိုင်ငံသစ်မနက်ဖြန်’ ဆိုပြီး ဘာသာပြန်ခဲ့ ဖူးတယ်။

တောင်အာဖရိက အပြောင်းအလဲတွေကနေ စဉ်းစားစရာ၊ သင်ခန်းစာယူစရာတွေ ရနိုင်တဲ့စာအုပ်ပါ။ အဲဒီ စာရေးသူ Allister Sparks ရေးခဲ့တဲ့ စာအုပ် 3-တွဲ (သူက Trilogy လို့ သုံးပါတယ်) ရှိပါတယ်။ The Mind of South Africa, 1990 (တောင်အာဖရိကရဲ့ စိတ်ဓာတ်) နဲ့ Beyond the Miracle, 2003. (အံသြနဘန်း ဖြစ်ရပ်များ၏ နောက်တွင်) ဆိုတဲ့ စာအုပ်တွေပါ။ တလောက မိတ်ဆွေတယောက်လည်း ဖတ်ချင်၊ ကျနော်ကလည်း ဖတ်ချင်လာလို့ မှာပြီးဖတ်ဖြစ်ပါတယ်။ စဖတ်တုန်းပါ။

တောင်အာဖရိကရဲ့ အပြောင်းအလဲက အတော်ကိုလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ တောင်အာဖရိက အပြောင်း အလဲအတွက် မဲပေးခဲ့ကြတဲ့ ၁၉၉၄ ခုနှစ် ရွေးကောက်ပွဲမှာ သူတို့ပြည်သူတွေကလည်း ကျနော်တို့ လက်သန်းလေးတွေ မင်စွန်းလို့ ဂုဏ်ယူခဲ့ကြသလို၊ တက်တက်ကြွကြွနဲ့ စိတ်ရှည်လက်ရှည် တန်းစီစောင့်ဆိုင်း၊ အကြမ်းဖက်မှုမရှိဘဲ မဲပေးခဲ့ကြ ပါတယ်။

အောင်သူငြိမ်း ဘာသာပြန်သော နိုင်ငံသစ် မနက်ဖြန် စာအုပ် အဖုံး
အောင်သူငြိမ်း ဘာသာပြန်သော နိုင်ငံသစ် မနက်ဖြန် စာအုပ် အဖုံး

ဒီလိုနဲ့ ၁၉၉၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာ သမ္မတမင်ဒဲလား ကျမ်းသစ္စာကျိန်ဖို့ ဖြစ်လာပါတယ်။ သူ့ရဲ့ ကျမ်းသစ္စာ ကျိန်ပွဲကို ပရီတိုးယားမှာရှိတဲ့ ယူနီယံအဆောက်အအုံမှာ ကျင်းပခဲ့ပါတယ်။ အဲဒီကျမ်းသစ္စာ ကျိန်ပွဲကို လူထုတွေက သောင်းသောင်းဖြဖြ တက်ရောက်အားပေးခဲ့ကြပါတယ်။ ခမ်းမတွင်းသာမက၊ ခမ်းမအပြင်ဖက် ယူနီယံအဆောက်အဦးက ပြေလျောလျောဆင်းလာတဲ့ ကုန်းဆင်းလေးပေါ်မှာလည်း လူထုထောင်သောင်းချီ စောင့်ဆိုင်းအားပေးနေခဲ့ကြပါတယ်။

ဒါတင်မကပါဘူး။ အထဲမှာလည်း နိုင်ငံတကာမင်းစုံညီ ရှိနေခဲ့ပါတယ်။ အမေရိကန်က ဟီလာရီကလင်တန်၊ အယ်လ်ဂိုး၊ ကျူးဘားခေါင်းဆောင် ဖီဒယ် ကက်စ်ထရို၊ အင်္ဂလန်က ဂျွန် မေဂျာ၊ ယာဆာ အာရဖတ်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ လီဆိုသိုက ဘုရင်တွေ၊ ဂျော်ဒန်ဘုရင် ဟူစိန်၊ ဥရောပ၊ အာရှနဲ့ လက်တင်အမေရိကခေါင်းဆောင်တွေပါ တက်ရောက်ခဲ့ ကြပါတယ်။ သေချာတာက အာဖရိကတိုက်က ခေါင်းဆောင်အားလုံး စုံညီစွာ ဂုဏ်ယူတက်ရောက်ခဲ့ကြပါတယ်။

သေချာတာက တစ်ချိန်တုန်းက ညှိုးငယ်အပယ်ခံဖြစ်နေတဲ့နိုင်ငံ (pariah state) တစ်ခုက ပိုးအိမ်ထဲက လှပတဲ့လိပ်ပြာ တစ်ကောင်လို တောင်ပံတွေဖြန့်ပြီး၊ နိုင်ငံတကာ အသိုက်အဝန်းရဲ့ လက်ခံမှုနယ်ပယ် နေရောင်ခြည်အောက်ထဲကို ရဲရဲကြီး ပျံသန်းလာခဲ့တာပါပဲ။

စစ်တီးဝိုင်းက ဘင်ခရာသံတွေနဲ့ ဆူညံနေခဲ့တယ်။ ဂျက်တိုက်လေယာဉ်တွေက ပျံသန်းဂုဏ်ပြုခဲ့ကြတယ်။ ရောင်စုံမီးခိုး တွေနဲ့ တောင်အာဖရိကနိုင်ငံရဲ့ အလံသစ် (အရောင် ၆ ရောင်) ကို ဖော်ကျူးခဲ့ကြတယ်။

ဒီနေရာမှာ တောင်အာဖရိကမှာ နိုင်ငံတော်သီချင်း ၂-ခု၊ အလံ ၂-ခု ခွင့်ပြုခဲ့ပါတယ်။ လူဖြူတွေအရင်သုံးတဲ့ အလံတော်နဲ့သီချင်းကို ဆက်ထားသလို၊ လူမဲ တွေ လိုလားတဲ့ အလံတော်သစ်နဲ့ နိုင်ငံတော်သီချင်းကိုလည်း ခွင့်ပြုထားတာပါ။ တစ်ချိန် သိပ်မကြာသေးခင်အချိန်က မင်ဒဲလားရဲ့လူ၊ သူပုန်တွေ တောအုပ်စခန်းမှာ ခပ်နိမ့်နိမ့်သာ လွှင့်ထားနိုင်ခဲ့တဲ့ အလံကို အခု စစ်ဂျက်တိုက်လေယာဉ်တွေ က ကောင်းကင်မှာ ဖော်ကျူးပြသနေပါပြီ။

လူထုတွေကလည်း အလံတွေလွှဲယမ်း၊ သီချင်းတွေဆို၊ ကခုန်။

ကျနော်တို့ အခုအပြောင်းအလဲနဲ့ ယှဉ်ကြည့်မိတာပေါ့လေ။ သမ္မတသစ်ကျမ်းသစ္စာ ကျိန်ဆိုပွဲဟာ ဒီထက်တော့ စည်ကား သင့်တာပေါ့။ လက်သန်းလေးတွေနဲ့ မဲပေးခဲ့တဲ့ ပြည်သူတွေလည်း ပျော်ပွဲခံသင့်ပါတယ်။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေနဲ့ လူအချို့အပြင် ပြည်သူတွေလည်း ဂုဏ်ယူပျော်ရွှင်သင့်တာပေါ့။ ဒါပေမယ့် ကျနော်မသိနိုင်တဲ့အကြောင်းတွေလည်း ရှိနိုင် တာပေါ့။

မင်ဒဲလားက ကျမ်းသစ္စာကျိန်ပွဲ မိန့်ခွန်းပြောပါတယ်။

“ကျနော်တို့ သဘောတူညီချက်တစ်ခု ရခဲ့ကြပြီ။ တောင်အာဖရိက ပြည်သူအားလုံး လူဖြူဖြစ်စေ၊ လူမဲဖြစ်စေ လူမှုအသိုင်းအဝိုင်းတစ်ခုအနေနဲ့ မားမားမတ်မတ် ရပ်တည်ပြီး လျှောက်နိုင်မယ့်၊ နှလုံးသားထဲမှာ အကြောက်တရားမရှိစေမယ့်၊ သူတို့ရဲ့ မွေးရာပါ အခွင့်အရေး လူသားဂုဏ်သိက္ခာအတွက် အာမခံချက် ရှိမယ့်၊ သူပင်ကိုယ်တရားကိုယ်က ငြိမ်းချမ်းတဲ့၊ ကမ္ဘာနဲ့ ငြိမ်းချမ်းတဲ့ သက်တန့်ရောင်နိုင်ငံတော်ကို တည်ဆောက်ကြမယ်” လို့ ကတိပြုခဲ့ပါတယ်။

တစ်ချိန်တုန်းက သူ့ရဲ့တော်လှန်ရေးလှုပ်ရှားမှုအတွက် အသက်ကိုပင်စွန့်ဖို့ ရည်ရွယ်ခဲ့တဲ့၊ ထောင်ထဲ မှာ ၂၇-နှစ်ကြာ ဖြတ်သန်းနာကျင်ခဲ့ရတဲ့ မင်ဒဲလားကပြောပါတယ်။

“ဘယ်သောအခါမှ၊ ဘယ်သောအခါမှ၊ ဘယ်သော အခါမှ၊ အခုလိုလှပတဲ့ အမိမြေဟာ တစ်ယောက်ကိုတစ်ယောက် ဖိနှိပ်တဲ့၊ ကမ္ဘာ့အလယ်မှာ သူများနှခေါင်းရှုံ့ရမယ့် ဂုဏ် သိက္ခာကင်းမဲ့မှုမျိုး ဘယ်တော့မှ မကြုံတွေ့စေရဘူး” လို့လည်း အာမခံခဲ့ပါတယ်။

ဘယ်လောက် အားတက်စရာကောင်း လိုက်ပါသလဲ။

AL3274_I16

ကျနော်က သမ္မတ (ဦးထင်ကျော်) ရဲ့ ကျမ်းသစ္စာကျိန်ပွဲ မိန့်ခွန်းကို တက်ကြွစွာနဲ့ စောင့်နေခဲ့တာပေါ့။ ၃-မိနစ်လောက်ပဲ ပြောတော့ အားမရတာတော့ အမှန်ပါပဲ။ အဓိကလုပ်ငန်းတွေအဖြစ် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ဒီမိုကရေစီ ထွန်းကားရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ် ရင်ကြားစေ့ရေး လုပ်ဆောင်သွားမယ်လို့ ဆိုခဲ့ပါတယ်။ ကျနော်တို့လည်း ကိုယ်ကမှ ဒီမို ကရေစီခရီး အပြည့်အဝ မလျှောက်နိုင်သေးတာဆိုပြီး၊ ကိုယ့်လောဘ ဆန္ဒကို ကိုယ်ပြန်မြိုချခဲ့ရပါတယ်။

တကယ်က မြန်မာနိုင်ငံ အပြောင်းအလဲမှာ တောင်အာဖရိကလို အင်အားစုတွေအကြား ကျေလည်တဲ့သဘောတူညီချက် (sunset clause) မရှိသေးပါဘူး။ ခုချိန်တိုင် ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း သင့်တော်တဲ့အတိုင်းအတာနဲ့ လျှောက်လှမ်း၊ ပြောင်း လဲနေခဲ့ကြရပါတယ်။ အကန့်အသတ်တွေရှိတာ အမှန်ပါပဲ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုလားသူ၊ လက်မခံ နိုင်သူတွေလည်း ရှိနေဆဲပါ။ အဲဒါသာမက ပြည်တွင်းပဋိပက္ခစစ်ပွဲတွေကို ဖြတ်ခဲ့ကြရတဲ့ သမိုင်းတွေလည်း ရှိခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (၂၀၁၅) ကို ချုပ်ဆိုနိုင်ခဲ့ပါ တယ်။ ဒါဟာ အတော်ခရီးပေါက်ရောက်လာတဲ့ကိစ္စ ဖြစ်ပေမယ့်၊ တိုင်းရင်းသားလက်နက်ကိုင် ၈-ဖွဲ့ပဲ လက်မှတ်ရေးထိုးခဲ့ ပါတယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ကြီးငယ်တွေ ကျန်ပါသေးတယ်။

သမ္မတဦးသိန်းစိန်နဲ့ တပ်မတော်ကာချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ဒီမိုကရေစီ၊ ဖယ်ဒရယ်စနစ်နဲ့ နိုင်ငံတော်တည်ဆောက်ရေးကို မူအရ သဘောတူပြော ဆိုခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဖက်ဒရယ်မူကို လက်ခံထားပြီး ဖြစ်ပါတယ်။ သူ့ရဲ့ရွေးကောက်ပွဲ ကြေညာစာတန်းမှာလည်း ဖော်ပြထားခဲ့ပါတယ်။

ဒါပေမယ့် ဘယ်လိုဖက်ဒရယ်လဲဆိုတဲ့ အခင်းအကျင်းက ဆက်လက် ညှိနှိုင်းဆွေးနွေးကြရဦးမှာပါ။

ကျနော်တို့သွားချင်တဲ့ နိုင်ငံတော် (National building) အတွက် ဆက်လက်ဆွေးနွေးကြဖို့ အများကြီးရှိပါသေးတယ်။ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းတွေက မပြီးသေးပါဘူး။ သက်တန့်ရောင်နိုင်ငံတော်– ဒီလို ဂုဏ်ယူအားကျဖွယ် ကတိကဝတ်တွေ ကျနော်တို့ မပေးနိုင်သေးပါဘူး။

တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးကတော့ “တစ်ချိန်မှာ ကျနော်တို့က မှန်ကန်တဲ့လမ်းကြောင်း လျှောက် နိုင်ရင်၊ တောင်အာဖရိကဟာ ကမ္ဘာ့ရဲ့မိုဒယ်အသစ် ဖြစ်လာမယ်” လို့ ဝင့်ကြွားခဲ့ဖူးပါတယ်။

လူမျိုးပေါင်းစုံ ချစ်ကြည်နေထိုင် ပြီး၊ ပြဿနာတွေကို ငြိမ်းချမ်းစွာညှိနှိုင်းဖြေရှင်းနိုင်တဲ့ မိုဒယ်အသစ်ပါ။

Struggle-web-6
တောင်အာဖရိကတွင် လူမည်းများကို ကြီးမားစွာ နှိပ်ကွပ်ခဲ့သည်။

ကျနော်တို့ အခုအစိုးရသစ်တက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ်နဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ရေးရာ အခင်းအကျင်းတွေမှာ ဦးဆောင်မှု အခန်းကဏ္ဍက ပါဝင်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါဟာ အားတက်စရာပါ။ ဖြစ်လာတဲ့မေးခွန်းတွေက ကျနော် တို့က ဘယ်လိုဘယ်ပုံ မိုဒယ်မျိုးကို ပြသမှာလဲ၊ ဘယ်လိုဦးဆောင်မှာလဲ ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံ အစိုးရသစ်က “အမျိုးသားပြန်လည်သင့်မြတ်ရေးအစိုးရ” လို ဖွဲ့စည်းခဲ့ပါတယ်။ အေအဲန်စီက မဲ အပြတ်အသတ်အနိုင်ရပေမယ့်၊ လူဖြူ အမျိုးသားရေးပါတီကိုလည်း ခွဲဝေပြီး အစိုးရသစ်မှာ နေရာပေးခဲ့ပါတယ်။ သူတို့ရဲ့ လက်တွေ့ကျတဲ့ ချည်းကပ်မှုကို ချီးကျူးရမှာပါ။ တစ်ချိန်က ပြဿနာအလွန်ရှာခဲ့တဲ့ အင်ကာသာ လွတ်မြောက်ရေးပါတီ ခေါင်းဆောင် မန်ဂိုဆူသူ ဘူသိုလီဇီကိုတောင် ကက်ဘိနက်ဝန်ကြီးတစ်နေရာ ပေးခဲ့ပါသေးတယ်။

လူဖြူတွေက တန်ပြန် တော်လှန်ရေးဖြစ်လာမယ်။ လူမဲ-လူမဲတွေကြား အကြမ်းဖက်မှုတွေ ဖြစ်လာမယ်ဆိုတဲ့ နမိတ်ဖတ်ချက်တွေ မမှန်ကန် ကြောင်း သက်သေပြသနိုင်ခဲ့ပါပြီ။ ဒီနေ့ ခွဲထွက်ရေးစကား ဘယ်သူမှ မပြောကြတော့ပါဘူး။

ယခင်အစိုးရလက်ထက် က ကျန်ရှိခဲ့တဲ့ ဗျူရိုကရေစီယန္တရားပေါ် မှာ ဆက်လက် အလုပ်လုပ်ကြရတာကို သူတို့စဉ်းစားခဲ့ ပါတယ်။ နိုင်ငံရေးအရ စဉ်းစားရင် အယူအဆမတူတဲ့ အုပ်စုနှစ်ခု အလုပ်ပူးပေါင်းလုပ်ရတာ ဖြစ်လို့ အားနည်းချက် ရှိနိုင်ပါတယ်။ လုပ်ငန်းပိတ်ဆို့ နေတာလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် အားကောင်းချက်က လူမျိုးရေးနှင့် နိုင်ငံရေး အခြေခံမတူတဲ့ အင်အားစုတွေ အကြား ပူးပေါင်းဆောင်ရွက်တဲ့ အသွင် ရောက်စေပြီး၊ နှစ်ဖက်အကြား အနာဟောင်း တွေကို ပြန်ကျက်စေဖို့ ကူညီပေး နိုင်တာပါပဲ။

မတူကွဲပြားမှုတွေကို သည်းခံဆောင်ရွက်တတ်တဲ့ ဓလေ့ကိုလည်း ဖြစ်စေ နိုင်ပါတယ်။ အခု ကျနော်တို့ အစိုးရသစ်မှာ ယခင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လူတွေ ဝန်ကြီးအဖြစ် ပါလာပေမယ့်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အစိုးရ (National Unity Government) မမည်လှဘူးလို့တော့ ထင်မြင်မိပါတယ်။

တောင်အာဖရိကနိုင်ငံ အပြောင်းအလဲကတော့ အတော့်တို တိုးတက်တယ်ဆိုနိုင်ပါတယ်။

တောင်အာဖရိက ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ကမ္ဘာပေါ်မှာတောင် အတော်တိုးတက်တဲ့ ဖွဲ့စည်းပုံထဲ ပါဝင်ပါတယ်။ ဗဟို၊ ပြည်နယ်၊ ဒေသန္တရ ရွေးကောက်ပွဲတွေကိုလည်း အခုအခါ ငြိမ်းချမ်းစွာ၊ အကြမ်းဖက်မှုကင်းစွာ ကျင်းပနိုင်ခဲ့ပါပြီ။

တောင်အာဖရိက ဖွဲ့စည်းပုံ ခုံရုံးမှာလည်း ကမ္ဘာ့အဆင့်မီ တရားသူကြီးတွေ တာဝန်ယူ၊ ဖွင့်ဆိုမှု၊ ရှင်းလင်းမှုတွေ ဆောင်ရွက်နေကြပါပြီ။ အရင် ဖိနှိပ်ရေး ဥပဒေတွေလည်း ဖျက်သိမ်းခဲ့ကြပါတယ်။ လွတ်လပ်တဲ့ မီဒီယာ၊ ပြောဆိုခွင့်၊ စုရုံးခွင့်တွေ ခွင့်ပြုပေးခဲ့ကြပါ တယ်။ သေဒဏ်ပေးမှုကို ဖျက်သိမ်းလိုက်တယ်။ ဥပဒေအရခွင့်ပြုတဲ့ သားဖျက်ချမှု၊ ဂေးတွေ အခွင့်အရေး၊ အမျိုးသမီး တွေက ပိုလို့အဆင့်မြင့်စွာ ပါဝင်ခွင့် စတဲ့ အခွင့်အရေးတွေပါ ခွင့်ပြုပေးခဲ့ကြပါပြီ။

ဒီကာလတွေမှာ လူ ၉ သန်းကျော်ကို သန့်ရှင်းတဲ့ သောက်သုံးရေတွေ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ လူ ၂သန်းကို လျှပ်စစ် မီး ရစေခဲ့ပါတယ်။ လူ ၁.၅ သန်းကို တယ်လီဖုန်းဆက်သွယ်စေနိုင်ခဲ့ပါတယ်။

အရင်က လူမျိုးရေးခွဲခြားထားခဲ့တဲ့ ကျောင်း ပေါင်း ၃၀,၀၀၀ ကျော်ကိုလည်း လူဖြူ-လူမဲ မခွဲခြားဘဲ ပြန်လည်ပေါင်းစည်းစေနိုင်ခဲ့ပါတယ်။ တက္ကသိုလ်တွေကိုလည်း အလားတူပြန်ပေါင်းစည်း နိုင်ခဲ့ပါတယ်။ ကလေးသန်းပေါင်းများစွာအတွက် ကျန်းမာရေးဝန်ဆောင်မှု ရရှိစေခဲ့သလို၊ အသက် ၁၅-၂၄ ကြား လူငယ်တွေစာတတ်မြောက်မှုနှုန်းကိုလည်း ၉၅ ရာခိုင်နှုန်း အထိ မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

ဒါတင် မဟုတ်ပါဘူး။ ငွေကြေးဖောင်းပွမှု ကိန်းဂဏန်း ၂ ခုကနေ ၃ ရာခိုင်နှုန်း က ၆ ရာခိုင်နှုန်း အကြား ပစ်မှတ်ကို ထိန်းထားနိုင်ခဲ့ပါတယ်။ ဘဏ္ဍာရေး စည်းမျဉ်းတွေကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းထားနိုင်ခဲ့ပါတယ်။ ကုန်သွယ်မှု အဟန့်အတားတွေ ဖယ်ရှား ခဲ့တယ်။ လျော်ကန်တဲ့ မက္ကရိုစီးပွားရေး မူဝါဒကျင့်သုံးနေတယ်လို့ နိုင်ငံတကာက ဂုဏ်ပြုပြောဆိုရတာမျိုး ဖြစ်စေခဲ့ပါ တယ်။

rein_port1j_e65b9

ဒါကိုစာရေးဆရာ အက်လစ်စတာ စပါ့ခ်က အံ့သြနဘန်းဖြစ်ရပ် (Miracle) လို့ ချီးကျူးခေါ်ဆိုတာ ဖြစ်ပါတယ်။

ကျနော်တို့အစိုးရက ရက် ၆၀ ကာလပဲရှိသေးတာ၊ အချိန်နည်းသေးတယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည်က လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးအတွက် နိုင်ငံတကာက လေးစားအားထားရတဲ့ စံပြ (icon) ဖြစ်နေပါတယ်။ ဒီတော့ ကျနော်တို့ဖက်က မျှော်လင့်မိတာ မမှားဘူးလို့လည်း ထင်ပါတယ်။

တောင်အာဖရိကနိုင်ငံမှာတုန်းက ယခင် လူ့ အခွင့်အရေးချိုးဖောက်မှုတွေကို ပြန်လည်ကိုင်တွယ်ဖို့ အမှန်တရားပေါ်ပေါက်ရေးနဲ့ တရားမျှတမှု ကော်မရှင်တွေ ဆောင် ရွက်ခဲ့ဖူးပါတယ်။ လူ့အခွင့်အရေး ကော်မရှင်ကိုလည်း နိုင်ငံက ယုံကြည်အားထားတဲ့ ခေါင်းဆောင်တွေနဲ့ သေချာဖွဲ့စည်း ဆောင်ရွက်ခဲ့ပါတယ်။

အဲဒါသာမက ကျား-မတန်းတူရေး ကော်မရှင် (Commission for Gender Equality) ကိုလည်း ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာလို သမ္မတကင်ဒေးဂျုံလက်ထက် ဒီမိုကရေစီဖောင်ဒေးရှင်း (Korea Democracy Foundation) ကို လွှတ်တော်က ဘဏ္ဍာချမှတ်ပေးပြီး၊ ဒီမိုကရေစီ ပြန့်ပွားခိုင်မာရေးလုပ်ငန်းတွေ ဆောင် ရွက်တာလည်း ကျနော်တို့က တွေ့ချင်တာပေါ့။

တောင်အာဖရိကမှာလည်း အံ့သြနဘန်းဖြစ်ရပ် (Miracle) လို့ခေါ်ဆိုတဲ့ အခြေအနေအလွန်မှာ ကြုံတွေ့နေရသေးတဲ့ ပြဿနာ အများကြီးရှိနေပါသေးတယ်။

အလုပ်လက်မဲ့ အရေအတွက် တိုးနေပါတယ်။ ဓနဥစ္စာပိုင်ဆိုင်မှု ကွာဟချက် ကလည်း လူဖြူ-လူမဲအကြား ကြီးထွားလာနေပါတယ်။ လူတစ်စုက စီးပွားရေးကို လက်ဝါးကြီးအုပ်ထားတုန်းပါ။ လူမဲအချို့ ကတော့ “ဘာမှမပြောင်းလဲပါဘူး” ဆိုပြီး ဝေဖန်နေ တာတောင် ရှိနေပါသေးသတဲ့။

အစိုးရက တုံ့ပြန်မှုကိုလည်း အားမရ ကြသူ အများသားပါ။ တောင်အာဖရိကကို ပြန်လာခဲ့တဲ့ ပြဇာတ်ဆရာ Mandla Langa (မန္တလာ လန်ဂါ) ကတော့ သူ့ နိုင်ငံအခြေအနေကို “အတိတ်က တစ်ခါတုန်းကမှ မဖြစ်ပျက်ခဲ့ဘူးသလိုမျိုး၊ အတိတ်မေ့ (amnesia) ရောဂါထဲမှာ ပိတ်မိ နေတယ်” လို့ ဆိုပါတယ်။

ဖတ်မိသလောက်အပေါ် စဉ်းစားမိတာလေးပါ။

အောင်သူငြိမ်း