အိတ်ပေါက်နဲ့ ဖားကောက် မဖြစ်ဖို့

0
555

မိုးအဝင်တွင် တိုင်းပြည်အတွင်း နေရာအနှံ့ ကြားရမြင်ရသည့် သတင်း များမှာ ပြိုကျ ပျက်ကျသတင်းများ ဖြစ်သည်။
“ဘယ်နေရာမှာတော့ ရေမြောင်းနံရံ ပြိုကျပြန်ပြီ။” ” ဘယ်နေရာမှာ ဝင်းခြံပြိုကျ ပြန်ပြီ။” “ဘာနေရာမှာဖြင့် တံတားကပြိုကျတော့မယ်” စသဖြင့် အကြားချင်မှ အဆုံးပင်။

ထို့အပြင် ဘယ်ကျေးလက်လမ်းကတော့ ကန်ထရိုက်လုပ်လိုက်မှ ပိုဆိုး သွားပြီ၊ ဘယ်လမ်းကတော့ဖြင့် ဖောက် ထားတာ ဘယ်လောက်မှ ကြာသေးဘူး ပျက်စီးနေပြီဆိုတာမျိုးလည်း မရိုးနိုင်အောင်ပင်။ တချိန်တည်းမှာပင် အစိုးရသစ်ကလည်း ဘယ်ကဏ္ဍမှာတော့ဖြင့် ဘတ်ဂျက် ဘယ်လောက်တိုး သုံးမည်ဟူသည့် ထုတ်ပြန်ချက်များကလည်း ဆက်တိုက်ပင်။ ဥပမာ ဧပြီလအတွက်ရသည့် တယ်လီဖုန်းဘေလ်အခွန် ၇ ဘီလီယံကျော် ကို ပညာရေး ကဏ္ဍအတွက် သုံးမည်။
ဖျက်သိမ်းသည့် ခုံးကျော်တံတား စီမံကိန်းအတွက် လျာထားသည့် ကျပ် ၃၂ ဘီလီယံကို ကျေးလက်ဖွံ့ဖြိုးရေးအတွက် သုံးမည်ဟူသည့် ထုတ်ပြန်ချက် များသည် အားရစရာကောင်းလှသည်။

သို့သော် ထိုငွေများသည် သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် အမှန်တကယ် ပင် အကျိုးရှိစွာ အသုံးချနိုင်မည်လောဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။
အခြားကြောင့်မဟုတ်။ အထက်တွင် ဖော်ပြခဲ့သည့် ပြိကျပျက်ကျ သတင်း များကြောင့် ဖြစ်သည်။
အစိုးရသစ်အနေဖြင့် မည်မျှပင် ရံပုံငွေများ တိုးမြှင့်သုံးစွဲသည်ဖြစ်စေ စီမံကိန်းများနှင့် ဆက်စပ်ဖြစ်ပေါ်နေသည့် လာဘ်ပေး လာဘ်ယူမှုများ၊ အရည် အသွေး စိစစ်မှု အားနည်း ချက်များ၊ ကန်ထရိုက်တာများ၏ လက်လွှတ်စပယ် ပြုလုပ်မှုများကို တင်းတင်းကြပ်ကြပ် မြန်မြန်ဆန်ဆန် မကိုင်တွယ်လျှင် သုံးကား သုံး၏ မထိရောက် ဖြစ်ပေမည်။

အမှန်တကယ် လုပ်နိုင်စွမ်းမရှိသည့် အမည်ခံ ကုမ္ပဏီများကိုလည်း စိစစ်ရ မည်ဖြစ်သည်။ထို့အပြင် ကန်ထရိုက်အဆင့်ဆင့် ပေးသည့်ကိစ္စကိုလည်း သေချာ ကြပ် မတ် သင့်သည်။ အရည်အသွေးစစ်ဆေးမှုကိုလည်း ဟန်ပြမဟုတ်ဘဲ အမှန်တကယ်လုပ်နိုင် ရန် တွန်းအားပေးရမည်ဖြစ်သည်။
ထို့အပြင် အားလုံးနှင့် ဆက်စပ်နေသည်မှာ လာဘ်ပေးလာဘ်ယူမှုကို လည်း တင်းတင်းကြပ်ကြပ် မြန်မြန်ဆန်ဆန် ကိုင်တွယ်ရမည် ဖြစ်သည်။
သို့မှသာ အိတ်ပေါက်နှင့် ဖားကောက်သကဲ့သို့ မဖြစ်မည်ဖြစ်သည်။