ပြည်သူမလိုသူများပါသည့် ပြည်နယ်စီမံကိန်းကော်မရှင်ကိစ္စ မွန်လွှတ်တော်နှင့် အစိုးရ ထိပ်တိုက်တွေ့

0
6572

လူထုမလိုလားသော စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ထည့်သွင်းထားပြီး လွှတ်တော်သို့ အသိပေးခြင်းမရှိသည့် မွန်ပြည်နယ် စီမံကိန်းကော်မရှင်ကို အချိန်မီထိန်းသိမ်းရန် ပြည်နယ်လွှတ်တော်က အစိုးရကို စတင်မေးခွန်းထုတ်နေပြီဖြစ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်လက်မှတ်ထိုးကာ မေလ ၂၅ ရက်နေ့က အတည်ပြု ဖွဲ့စည်းခဲ့သည့် ပြည်နယ်စီမံကိန်းကော်မရှင်တွင် စုစုပေါင်း အဖွဲ့ဝင် ၁၅ ဦးပါဝင်ပြီး နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင် နှစ်ဦးလည်း ပါဝင်သည်။

ပါဝင်သော ဒေသတွင်း နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ၂ ဦးမှာ လက်ရှိလွှတ်တော်က စိစစ်နေသည့် ကမ်းနားလမ်းတိုးချဲ့ အဆင့် (၆) ကို တာဝန်ယူ ဖောက်လုပ်ခဲ့သူ ဦးမိုးကျော်နှင့်  ကျိုက်ထီးရိုး ဘုရားနှင့် စပ်ဆိုင်သော လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်နေသေူ ပထမ ရိုးရိုးလေး ကုမ္ပဏီ လီမိတက်ပိုင်ရှင် ဦးနေထက်သိန်းနိုင်တို့ ဖြစ်သည်။

မွန် ၀န်ကြီးချုပ် ဦးမင်းမင်းဦး။ ဓာတ်ပုံ - Min Min Oo's Facebook
မွန် ၀န်ကြီးချုပ် ဦးမင်းမင်းဦး။ ဓာတ်ပုံ – Min Min Oo’s Facebook

‘‘ပြည်နယ်အဆင့် ကော်မရှင်ဖွဲ့စည်းခဲ့ပေမယ့် ပြည်သူရဲ့ အသံကို ဖော်ဆောင်နေတဲ့ လွှတ်တော်ရဲ့ သဘောထားကို ရယူခဲ့ ခြင်းမရှိပါဘူး။ ဒီကော်မရှင်မှာ ပြည်သူတွေ မလိုလားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေပါဝင်နေတယ်’’ ဟု သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောသည်။

“နောက်ပြီး ၀န်ကြီးတွေတောင် မသိတဲ့ ကိစ္စဖြစ်နေတယ်”

ဦးအောင်ကျော်သူမှာ ဇွန်လ ၃ ရက်နေ့ လွှတ်တော် အထူးအစည်းအဝေးတွင် အထက်ပါကိစ္စကို အရေးကြီး အဆိုတင်သွင်းခဲ့သူ ဖြစ်သည်။

ယင်းနောက် မွန်ဝန်ကြီးချုပ်က ဇွန်လ ၂ ရက်နေ့တွင် ပြန်လည်ပြင်ဆင်ထုတ်ပြန်သည့် ကော်မရှင် အဖွဲ့ဝင်များ စာရင်းတွင် အထက်ပါ လုပ်ငန်းရှင် နှစ်ဦး၏ အမည် ပြန်လည်ပါဝင်လာခြင်းမရှိတော့ပေ။

ဦးမင်းမင်းဦး၏ ဇွန်လ ၂ ရက်နေ့ ပြန်လည် ပြင်ဆင်ချက်၊ (ရှေ့တစ်မျက်နှာကို ဖော်ပြခြင်းမရှိပေ) Min Min Oo's Facebook
ဦးမင်းမင်းဦး၏ ဇွန်လ ၂ ရက်နေ့ ပြန်လည် ပြင်ဆင်ချက်၊ (ရှေ့တစ်မျက်နှာကို ဖော်ပြခြင်းမရှိပေ)
Min Min Oo’s Facebook

‘‘ပြီးခဲ့တဲ့ ၅ နှစ်စလုံးက စီမံကိန်းလုပ်မယ်ဆိုရင် သူဌေးတွေ အလိုကျ လုပ်သွားတာတွေများတယ်။ အခုလည်း လူတွေက အပြောင်းအလဲကို လိုချင်နေကြတယ်။ ပြောင်းလဲနိုင်တဲ့ စွမ်းအားက အစိုးရမှာ တာဝန်ရှိနေတယ်။ အပြင်လူပုဂ္ဂိုလ်တွေ၊ တကယ်ရိုးသားကြိုးစားတဲ့ ပုဂ္ဂိုလ်တွေပါစေချင်တယ်’’ ဟု ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောသည်။

စီမံကိန်းကော်မရှင် ဖွဲ့စည်းခြင်း ပြန်လည်ဖွဲ့စည်းခြင်းကိစ္စနှင့် ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင်အဖြစ် ပါဝင်နေသည့် ဝန်ကြီးအချို့ကလည်း တစ်စုံတစ်ရာ မသိခဲ့ကြောင်း ပြောဆိုခဲ့သည်။

ပြည်နယ်စီမံကိန်းကော်မရှင်ကိစ္စ အချိန်မီထိန်းကျောင်း ပြုပြင်ရန်လိုအပ်သည့် အရေးကြီးအဆိုကို  လာမည့် အနီးကပ်ဆုံးအကြိမ်တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေး၌ ဆက်လက်ဆွေးနွေးသွားရန် လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုထားသည်။

မွန်ပြည်နယ် အစိုးရ ၀န်ကြီးချုပ် ဦးမင်းမင်းဦးက အမည်စာရင်း ပြန်လည်ပြင်ဆင်ခြင်းမှ လွှဲ၍ တစ်စုံတစ်ရာ ဖြေရှင်းခြင်းမရှိသေးပါ။

 

နောက်ဆက်တွဲ သတင်း –

မွန်ပြည်နယ် လွှတ်တော်က အစိုးရကို ထိန်းကြောင်းရေး အရှိန်မြှင့်