သစ်တောဧရိယာ လျော့ကျလာသော ကျိုက်ထီးရိုးတောင် စိမ်းလန်းရေး

0
623
ဓာတ်ပုံ - အောင်သူ/Dawei Watch

ဟိုတယ် နှင့် ရွာချဲ့လာခြင်း၊ သာသနာ့နယ်မြေချဲ့လာခြင်း စသည့်အကြောင်း အမျိုးမျိုးကြောင့် သစ်တော့ ဧရိယာ လျော့ကျလာသော ကျိုက်ထီးရိုးတောင် စိမ်းလန်း စိုပြေရေးအတွက် ဘဏ္ဍာငွေ တောင်းခံလိုက်သည်။

ထိုအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၂၁ သန်းကျော် တောင်းခံထားကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ပြောသည်။

ဓာတ်ပုံ - အောင်သူ/Dawei Watch
ဓာတ်ပုံ – အောင်သူ/Dawei Watch

ကျိုက်ထီးရိုး သဘာဝကြိုးဝိုင်းသစ်တောသည် ယခင်က ဧရိယာ ၃၈၆၀၆ ဧကရှိပြီး ကျိုက်ထိုဟိုတယ်နှင့် ဇုန်ဝင်ကြေးမြေ၊ ရွာမြေ၊ သာသနာ့မြေ အများပိုင်မြေ စုစုပေါင်း ၅၂ ဒသမ ၃၉ ဧကအား ကြိုဝိုင်းတောမှ ပယ်ဖျက်လိုက်သည့်အတွက် လက်ရှိတွင် ကျိုက်ထီးရိုး သဘာဝကြိုးဝိုင်းသစ်တော ၃၈၅၅၃ ဒသမ ၆၀ ဧက ကျန်ရှိနေသည်။

ဇွန်လ ၂ ရက်နေ့ မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးတွင် ကျိုက်ထီးရိုးစေတီနှင့် စေတီ တည်ရှိရာ တောင် စိမ်းလန်းစိုပြေရေးအတွက် အစိုးရအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၂၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံ၏ မေးမြန်းမှုကို ပြည်နယ် ဝန်ကြီးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၆-၁၇ ခုနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ကျပ် ၂၁.၉၆၅ သန်းကို ပြည်နယ် သစ်တောဦးစီးဌာနမှ တွက်ချက်ပြီး ယခုနှစ် မေလ ၄ ရက် ရက်စွဲဖြင့် ပြည်နယ် အစိုးရထံ တင်ပြထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

“ခွင့်ပြု ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီးတော့မှ ကျိုက်ထီးရိုးတောင်ပေါ် စိမ်းလန်းစိုပြေရေလုပ်ငန်းများကို ဆက်လက် အကောင်အထည် ဖော် ဆောင်ရွက်သွားမယ်” ဟု ၎င်းက ဆိုသည်။

ရရှိသည့် ရန်ပုံငွေများကို သစ်တော ထိန်းသိမ်းရေး လုပ်ငန်းတွင် အဓိက အသုံးပြုမည်ဖြစ်ပြီး တောင်ပြိုနိုင်သည့် နေရာများတွင် မြေထိန်းနံရံများ ပြုလုပ်ခြင်း၊ တောတောင်များတွင် နေထိုင်သူများ ထင်းအသုံးပြုရမှု နည်းစေသည့် စွမ်းအားမြင့် မီးဖိုများ အသုံးပြုစေခြင်းတို့တွင်လည်း အသုံးပြုမည်ဟု သိရသည်။

ဘုရားဖူး ဧည့်သည်များပြားလာပြီး  တောင်ပေါ်တွင် အဆောက်အအုံများ များပြားလာခြင်းကြောင့် တောင်တန်း၏ ကြံ့ခိုင်မှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ဂေဟစနစ်ပျက်စီးလာမှုအပေါ် ပြည်နယ်အစိုးရ၏ ဆောင်ရွက်ထားမှုကို သိရှိလိုသည့်အတွက် မေးခွန်းမေးရခြင်းဖြစ်သည်ဟု ဒေါက်တာအေးဇံက ပြောသည်။

ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်ဖူးမျှော်သည့် ခရီးသွား တစ်နှစ်လျှင် ၂၂ သိန်း မှ ၂၅ သိန်းကြားရှိသည်ဟု ဒေါက်တာ အေးဇံက ပြောသည်။