မော်လမြိုင်အကျဉ်းထောင် အထူးရှာဖွေ စီးနင်း

0
981
မော်လမြိုင် အကျဉ်းထောင်။ ဓာတ်ပုံ - Dawei Watch

နာမည်ကျော် မော်လမြိုင်အကျဉ်းထောင်ကို ရဲတပ်ဖွဲ့ဝင်အင်အား ၁၃၀ ကျော်အသုံးပြုကာ ၀င်ရောက်စီးနင်းရှာဖွေစီးနင်းခဲ့ကြောင်း သက်ဆိုင်ရာ သတင်းအရင်းအမြစ်များထံမှ သိရသည်။ သို့သော် သတင်းထွက်ပေါ်နေသကဲ့သို့ မူးယစ်ဆေးဝါးများ ဖမ်းမိခြင်းမရှိဘဲ အခြား ဥပဒေမဲ့ ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း ၎င်းတို့က သတင်းထုတ်ပြန်သည်။

မူးယစ်ဆေးဝါးကိစ္စ တိုင်ကြားထားသည့်အတွက် ယင်းအကျဉ်းထောင်တွင်း အထူးရှာဖွေရေး ပြုလုပ်ခဲ့သည်မှာ မှန်သော်လည်း မူးယစ်ဆေးဝါများ မတွေ့ဘဲ ဥပဒေနှင့် မညီသည့် ကြိုးခွေများ၊ သံတိုသံစများ၊ ငွေစက္ကူများ၊ မုန့်များနှင့် ဆီပုံးများ ရှိသင့် သည်ထက် အကျဉ်းထောင် အဆောင်တွင် ပိုရှိနေသည်ကို တွေ့ရှိသည်ဟု ဟု မော်လမြိုင် အကျဉ်းဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးကျော်နိုင်က ပြောသည်။

“ပြည်သူတွေ တိုင်ကြားချက်ကြောင့် အထူးရှာဖွေရေးလုပ်ခဲ့တယ်၊ ထောင်ထဲမှာ ဆေးပြားတွေ မိတယ်ဆိုတာ မဟုတ်ပါဘူး၊ အကျဉ်းထောင်ဥပဒေပုဒ်မ ၃၇၃ အရ ထောင်ထဲမှာ မရှိသင့်တဲ့ ပစ္စည်းတွေ့တယ်။ သူတို့ (ထောင်ပိုင်) တာဝန်ယူရမယ့် ကိစ္စတွေကို သူတို့က မကြီးကြပ်လို့ အရေးမယူလို့ သူတို့ကို ဘားအံ အကျဉ်းဦးစီးကို ပို့ထားတယ်”ဟု ဦးကျော်နိုင်က ဆိုသည်။

မော်လမြိုင် အကျဉ်းထောင်။  ဓာတ်ပုံ - Dawei Watch
မော်လမြိုင် အကျဉ်းထောင်။ ဓာတ်ပုံ – Dawei Watch

လက်ရှိတွင် ထောင်ပိုင်အပါအ၀င် ထောင်အရာရှိ ၅ ဦးကို ဘားအံအကျဉ်းဦးစီးဌာနတွင် တွဲဖက်တာဝန်ပေးဆောင်ထားပြီး စစ်ဆေးရေးအဖွဲ့အနေဖြင့် မည်သို့ အရေးယူဆောင်ရွက်သွားမည်ဆိုတာကို မသိရှိသေးကြောင်း ၄င်းက ဆက်ပြောသည်။

မော်လမြိုင်အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးဖမ်းမိသည်ဟူသည့်သတင်းနှင့် ထောင်ပိုင်နှင့် ထောင်အရာရှိများကို ဖမ်းထားသည်ဟူသည့် သတင်းမှာ မမှန်ဟု ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနမှ လုံခြုံရေးဌာနစု  ဒုတိယညွန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောသည်။

လူမှုကွန်ရက် စာမျက်နှာတွင် ပြန့်နှံနေသည့် သတင်းတွင်မူ စိတ်ကြွဆေးပြား အလုံးရေ အတိအကျ အပါအ၀င် အခြား ဆက်စပ်ပစ္စည်းများ အတိအကျနှင့် သတင်းပြန့်နှံလျက်ရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဘိုဘိုဦးအား မေးမြန်းရာ ပြီးခဲ့သည့် အပတ်က မော်လမြိုင်အကျဉ်းထောင်တွင် နေပြည်တော် ဌာနချူပ်မှ ၀င်စစ်မည်ဟုဆိုကာ အပြင်စည်းအတွက် လုံခြုံရေး တောင်းဆိုသည့်အတွက် ရဲတပ်ဖွဲ့မှ လုံခြုံရေး တာဝန်ယူပေးခဲ့ရကြောင်း ပြောသည်။

“ပြီးတော့ ပြန်သွားတယ် ဘာမှ မသိရဘူး။ အခုကျမှ မူးယစ်ဆေးဝါတွေ တွေ့လို့ ဆိုပြီး၊ အဲလိုတွေ့ရင် ကျွန်တော်တို့ဆီမှာ အမှုဖွင့်ရမယ်၊ ဒီမှာ အမှုဖွင့်ထားတာ မရှိလို့ ဒါနဲ့ပတ်သက်လို့ တိတိကျကျ မပြောနိုင်ပါဘူး”  ၎င်းက ပြောသည်။

ထောင်တွင်း ထောင်ကျင့်ဝတ်နှင့်အညီ လုပ်ဆောင်ခြင်းမရှိခြင်းဆိုသည့် တိုင်ကြားချက်များကြောင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ချုပ်မှ ဦးစီးပြီး ရဲတပ်သား အင်အား စုစုပေါင်း ၁၃၀ ခန့် ဖြင့် မေလ ၂၉ ရက်နေ့က ရှောင်တစ်ခင် ပိတ်ဆို့ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း  မော်လမြိုင် အကျဉ်းဦးစီးဌာနထံမှ သိရသည်။