ကားတိုက်မှုကြောင့် ထိုင်းရောက် မြန်​မာ ၁၅ ဦးဒဏ်ရာရ၊ တစ်​ဦး ​သေဆုံး

0
970

ထိုင်းရောက် မြန်မာ အလုပ်သမားများ ယာဉ်မတော်တဆမှု ဖြစ်ကာ ဆက်တိုက်သေဆုံးနေမှု၏ နောက်ဆက်တွဲ အဖြစ် ရပ်ချဘူရီခရိုင်အတွင်း နောက်ထပ် မြန်မာ အလုပ်သမားတစ်ဦး သေဆုံးပြီး ၁၅ ဦးဒဏ်ရာရသွားခဲ့သည်။

ထိုဒေသရှိ ဆောက်လုပ်ရေး လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ တင်ဆောင် မောင်းနှင်လာသည့် ကုန်တင် ခြောက်ဘီးကား သည် ပစ်ကပ်ယာဉ်ငယ်တစ်စီး နှင့် မေလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် တိုက်မိရာမှ အသက် ၄၉ နှစ်အရွယ်ရှိ ဦးကျော်ဝင်း သေဆုံးသွားခဲ့ကြောင်း မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ (AAC) ထံမှ သိရသည်။

“ဒဏ်ရာ ရသူအနက် လေးဦးဟာ စိုးရိမ်ရတယ်”ဟု မဟာချိုင်ခရိုင်တွင် အခြေစိုက်သော AAC အဖွဲ့မှ တာဝန်ခံ ကိုရဲမင်းက ဆိုသည်။

Ye Min
ဓာတ်ပုံ – Ko Ye Min’s Facebook

ကုန်တင်ကားဖြင့် တိုက်မိသည့် ယာဉ်မှာ ကလေးငယ်ကို ကျောင်းသို့ လိုက်ပို့ခြင်းဖြစ်ပြီး ကားပေါ်ပာ ကလေးနှစ်ဦးနှင့် လူကြီး သုံးဦး ဒဏ်ရာရသွားခဲ့ကြောင်း ၎င်းကဆိုသည်။

“ကယ်ဆယ်ရေးအဖွဲ့ တွေရောက်မလာခင် ထိုင်းရွာသား ၂၀ ကျော်က ကုန်တင်ကားပိနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ကြိုးစားကယ်တင်ပေး ခဲ့ကြတယ်”ဟု ကိုရဲမင်းက ပြောသည်။

ဒဏ်ရာရရှိသော လူနာများကို ရပ်ချဘူရီမြို့နယ် ဆေးရုံတွင် အရေးပေါ်ကုသပေးနေပြီး သေဆုံးသူ အတွက် နစ်နာကြေးရရှိရန် နှင့် ဒဏ်ရာရသူများ ဆေးကုသစရိတ်ရရှိရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း AAC ထံမှ သိရသည်။

မေလအတွင်း ထိုင်းနိုင်ငံ နေရာအသီးသီးတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၁၁ ဦးသည် ကားတိုက်ခံရ၍ အသီးသီး သေဆုံးခဲ့သည်။