မြိတ်မှ ထိုင်းသို့ ချစ်ကြည်ရေး မော်တော်ယာဉ် ခရီးစဉ်

0
379

မြိတ်မှ ထိုင်းသို့ ပထမဆုံး ချစ်ကြည်ရေး မော်တော်ယာဉ် ခရီးစဉ်ကို မေလ ၃၀ ရက်နေ့ ကစတင် ခဲ့သည်။ ယင်းနေ့ နံနက် ၆ နာရီတွင် မော်တော်ယာဉ် ၂၂ စီးဖြင့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင် နယ်စပ်မှ စတင်ထွက်ခွာခဲ့သည်။

ကနဦးအစီအစဉ်အရ မေလ ၁၇ ရက်တွင် ကားအစီးရေ ၆၀ ကျော်ဖြင့် ထွက်ခွာရန်စီစဉ်ထားသော်လည်း ထိုင်းဘက်မှ ရက်ရွေ့လိုက်ခြင်းနှင့် ရာသီဥတုအခြေအနေကြောင့် မေလ ၃၀ ရက်နေ့တွင် ကားအစီးရေ ၂၂ စီး နှင့် လူ ၈၀
ဦးသာ လိုက်ပါနိုင်ခဲ့ကြောင်း စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

MYK
ဓာတ်ပုံ – မြင့်မိုရ် / Dawei Watch

“ပရာကျွတ်မြို့နဲ့ မြိတ်မြို့ကို မောင်နှမမြို့တော်အဖြစ်သတ်မှတ်ထားပြီုးဖြစ်လို့  နှစ်နိုင်ငံချစ်ကြည်ရေး
ခရီးစဉ်အဖြစ် သွားရောက်ရခြင်းဖြစ်ပါတယ်”ဟု ယင်းအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခရီးစဉ်များတွင် ပရာကျွတ်မြို့ရှိ ငါးပြတိုက်၊ နက္ခတ္တယာပြခန်း၊ မျောက်တောင်၊ သံပရာသီးကမ်းခြေ၊ မြို့စောင့်နတ် နန်းတော်သို့ ဝင်ရောက်ခြင်း၊ ဟိုဝါဟင် မြို့သို့ သွားရောက်လည်ပတ်ခြင်း၊ ရေပေါ်ဈေး၊ Market Village ကုန်တိုက်၊ ခေါင်သကိယပ်တောင်ခြေ၊ ဟိုဝါဟင် ဈေး၊ ပရာကျွတ် ပင်လယ်အော်၊ အာနွဲကမ်းခြေရှိ အာနွဲဘုန်းတော်ကြီးကျောင်း၊ သစ်သီးဈေး၊ လိုတပ်ကုန်တိုက်တို့နှင့် ဆင်းခွန်နယ်စပ်ဈေးတို့ ပါဝင်သည်။

အဆိုပါ ခရီးစဉ်သည် နှစ်ညအိပ်သုံးရက်ခရီးစဉ်ဖြစ်ပြီး ဇွန်လ ၁ ရက်နေ့တွင် မြိတ်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် စက်တင်ဘာလက ကားအစီးရေ ၁၀၀ ကျော် လူဦးရေ ၃၅၀ ဦးနှင့် ၂၀၁၅ ဒီဇင်ဘာလက ကား ၃ စီး၊ လူ ၁၃ ဦး၊ ၂၀၁၆ ခုနှစ် မတ်လက ကားအစီးရေ ၄၉ စီး လူဦးရေ ၁၇၉ တို့ စုစုပေါင်း မော်တော်ယာဉ်ခရီးစဉ် သုံးကြိမ် ဖြင့် ထိုင်းနိုင်ငံမှ မြိတ်မြို့သို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန်ရည်ရွယ်ကာ လာရောက်ခဲ့ပြီးဖြစ်ကြောင်း မြိတ်ခရိုင် ခရီးသွားညွှန်ကြားမှုဦးစီးဋ္ဌာနမှ သိရသည်။

မြန်မာဘက်မှ ထိုင်းဘက်သို့ မော်တော်ယာဉ်တန်းများဖြင့် သွားရောက်ခြင်းသည် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။