မော်လမြိုင် ဈေးကြီး ဆေးဆိုင် ၁၃ ဆိုင် ကိုဖမ်းဆီး

0
786

မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ် ၁ ဈေးကြီးတွင် ဆေးဝါးအတု၊ တရားမ၀င်ဆေးဝါးနှင့် မြန်မာနိုင်ငံတွင် မှတ်ပုံမတင်ထား သည့် ဆေးဝါးများ ရောင်းချနေသည့် ဆေးဆိုင် ၁၃ ဆိုင်ကို ဖမ်းဆီးခဲ့သည်။

ယင်းဈေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အစားအသောက်ကြီးကြပ်ရေးကော်မတီနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့မှ မေလ ၃၀ ရက်က ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(ခွဲ) လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ပြောသည်။

MLM

“ရှေ့ဆက်ဘယ်လိုဖြစ်လာမလဲတော့ မသိရဘူး၊ မနေ့က ဈေးမှာဖြစ်သွားတဲ့ကိစ္စကြောင့် မော်လမြိုင် ဆေးဝါးဈေးကွက်မှာ ကသောင်းကနင်းတော့ ဖြစ်သွားတယ်ပေါ့” ဟု လက်ရှိတွင် အာမခံယူထားသည့် အဖမ်းခံရသည့် ဆေးဆိုင်ပိုင်ရှင် ကိုအောင်ထွန်းမင်းက ပြောသည်။

ဖမ်းဆီးထားသူ ၁၃ ဦးအား အမျိုးသား ဆေးဝါးဥပဒေဖြင့် အမှုဖွင့်ထားပြီး အာမခံပေးနိုင်သည့်အမှုဖြစ်သည့်အတွက် အာမခံပေးထားကြောင်း မော်လမြိုင် မြို့မ ရဲစခန်းမှ ရဲအုပ်အောင်နိုင်က ပြောသည်။

ပြစ်မှု ထင်ရှားပါက အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၅ (က) အရ ဒဏ်ငွေ ငါး သောင်းမှ ငါးသိန်းအထိဖြစ်စေ၊ ထောင်ဒဏ် ၇ နှစ်အထိဖြစ်စေ ဒဏ် နှစ်ရပ်စလုံးဖြစ်စေ ကျခံရနိုင်ကြောင်း သိရသည်။