ထားဝယ်ခရိုင်၊ ကံပေါက်ဒေသတွင် ရပ်ရွာအခွင့်အရေးလှုပ်ရှားသူဖြစ်သည့် တနင်္သာရီအပတ်စဉ် သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် ဦးအောင်လွင်ကို ဒယ်လ်ကိုကုမ္ပဏီက တရားစွဲခြင်းက ကုမ္ပဏီနှင့် ဒေသခံအကြား ဆက်ဆံရေးဆိုးဝါးသွားစေသည်ဟု ဒေသခံများက ပြောသည်။
တနင်္သာရီအပတ်စဉ်တွင် အောင်လွင် (ကံပေါက်သား) ကလောင်ဖြင့် ပင်တိုင်ရေးသားသည့် ဦးအောင်လွင် ကို ဒယ်လ်ကိုကုမ္ပဏီ ကိုယ်စား ဦးဝင်းဦးဆိုသူက ရာဇသတ်ကြီးပုဒ်မ ၅၀၀ (အသရေဖျက်မှု) ဖြင့်ရေဖြူမြို့နယ်တရားရုံးတွင် တရားစွဲလိုက်ခြင်းဖြစ်သည်။
မေလ ၉ ရက်နေ့ထုတ် တနင်္သာရီအပတ်စဉ် အတွဲ ၃ အမှတ် ၄၃ နှင့် Dawei Watch အင်တာနက်စာမျက်နှာတွင် ဖော်ပြသည့် ‘ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ’ အက်ဆေးပါ စာသားတချို့ကြောင့် ဒယ်လ်ကို ကုမ္ပဏီက ယင်းသို့ တရားစွဲခြင်းဖြစ်ကြောင်း ဦးအောင်လွင် က ပြောသည်။
၂၀၁၅ နိုဝင်ဘာလက နှုန်းစစ်ကန်ပြိုပြီးနောက် ထိုသို့ ဆက်လက်မဖြစ်ပွားရန် Delco ကုမ္ပဏီနှင့် ဒေသခံများအကြား ညှိနှိုင်းနေစဉ် ယင်းသို့ ဦးအောင်လွင်ကို တရားစွဲဆိုလိုက်ခြင်းက နှစ်ဦးနှစ်ဖက်ကြား ယုံကြည်မှုကို ပျက်စေသည်ဟု ဒေသခံများက ပြောသည်။
ဦးအောင်လွင်သည် ရပ်ရွာအခွင့်အရေးလှုပ်ရှားသူတစ်ဦးလည်းဖြစ်ပြီး တရားဥပဒေနှင့် အညီ သတ္တုတူးဖော်ရေး ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၈ ရက်နေ့က ဒယ်လ်ကိုကုမ္ပဏီကို ဒေသခံများဆန္ဒထုတ်ဖော်ရာတွင်လည်း ဦးဆောင် ဟောပြောခဲ့သည်။
“အခုလို တရားစွဲလိုက်တာက ဒေသခံတွေနဲ့ ကုမ္ပဏီကြားက ဆက်ဆံရေးကို ဆိုးဝါးသွားစေနိုင်တယ်။ ကုမ္ပဏီအပေါ်မှာလည်း ဒေသခံတွေရဲ့ ယုံကြည်မှုပျက်လာစေတယ်” ဟု ဒေသခံတစ်ဦးဖြစ်သည့် ဦးကျော်မိုးဦးက ပြောသည်။
ဦးအောင်လွင်ရေးသားထားသည့် အက်ဆေးမှာ ၎င်း၏ ကိုယ်ကျိုးစီးပွားအတွက်ရေးသားခြင်းမျိုး မဟုတ်ဘဲ ဒေသခံများ၏ ဆန္ဒကိုထင်ဟပ်ရေးသားထားခြင်းဖြစ်ကြောင်း ကံပေါက်ဒေသခံများက ပြောသည်။
“ရွာသား တော်တော်များများ မကျေနပ်ကြဘူး။ ဘာလို့လဲ ဆိုတော့ ရေးထားတာက သူ့ကိုယ်ကျိုး ငါးပြားမှ မပါဘူး။ စိတ်မကောင်းဖြစ်မိတယ်” ဟု ကံပေါက်ဈေးရှိ ပွဲရုံပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။
ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံအမည်ရှိ အက်ဆေးတွင် သတ္တုတူးဖော်ရေးလုပ်ငန်းက စွန့်ပစ်သည့် မြေစာကန်ပြိုကျခြင်းကြောင့် ရဲရင့်ချောင်းပျက်စီးရသည်ကို ချောင်းအတွင်းနေထိုင်သည့် ငါးရံ့တစ်ကောင်က ပြောပြဟန်ဖြင့် ရေးသားထားခြင်းဖြစ်သည်။
http://206.189.85.235/2016/05/11/fiction/article/4674
“ဆောင်းပါးပါ စာသားတချို့က ဒေသဖွံ့ဖြိုးရေးအတွက် သိန်း ၄၀၀၀ ကျော် အကုန်ကျခံလုပ်ထားကုမ္ပဏီကို ထိခိုက်တယ်ဆိုပြီးတရားစွဲတာပါ။ တကယ်က မိုင်းကုမ္ပဏီလို့ပဲ ပါတယ်။ ဘယ်ကုမ္ပဏီလို့ နာမည်မတပ်ထားဘူး” ဟု ဆောင်းပါးရှင် ဦးအောင်လွင်က ပြောသည်။
တရားစွဲဆိုသည့်ကိစ္စနှင့်ပက်သက်၍ တရားလိုအား ရေဖြူမြို့နယ်တရားရုံးတွင် မီဒီယာများမှ မေးမြန်းခဲ့ချိန်က ဖြေကြားရန် ငြင်းဆန်ခဲ့သည်။
၎င်းအပြင် ကံပေါက်ကျေးရွာရှိ ဒယ်လ်ကိုကုမ္ပဏီအား မေလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီတွင် သွားရောက်မေးမြန်းခဲ့ရာ ဖြေကြားပေးနိုင်မည့်သူမရှိကြောင်းနှင့် ရေဖြူမြို့နယ်တရားရုံးတွင်လည်း တစ်စုံတစ်ရာ ဖြေကြားခြင်းမပြုနိုင်ဟုပြောဆိုခဲ့ပြီးဖြစ်ကြောင်း ကုမ္ပဏီ၏ တာဝန်ရှိသူဆိုသူ တစ်ဦးက တုံ့ပြန်ခဲ့သည်။
မေလ ၂၄ ရက်နေ့တွင် ခေါ်ယူသည့် ပထမရုံးချိန်းတွင် တရားစွဲခံရသည့် အောင်လွင်(ကံပေါက်သား) ကို အာမခံပေးခြင်းနှင့် ၎င်း၏ အကျိုးဆောင်ရှေ့နေများကို ရှေ့နေကိုယ်စားလှယ်လွှဲအပ်ခြင်း ဆောင်ရွက်ခဲ့သည်။
ပထမဆုံးရုံးချိန်းသို့ ဦးအောင်လွင်နှင့် အတူ ကံပေါက်ဒေသခံ ၃၀ ကျော် အတူလိုက်ပါလာခဲ့သည်။
ဒုတိယရုံးချိန်းကို ဇွန်လ ၇ ရက်နေ့တွင် ချိန်းဆိုထားသည်။