ကိုယ်တိုင်မောင်းပါ

0
458

လူငယ်ဘ၀ စာတိုပေစများ ဖတ် မှတ် လေ့လာဖြစ်သည့်အချိန်တွင် မှတ်မိ နေသည့် စကားတစ်ခွန်းရှိသည်။
” ကိုယ်ကိုကိုယ် မခိုင်းလျှင် သူများ ခိုင်းသည်ကို ခံရမည်”
မည်သူပြောခဲ့သည်။ မည်သည့် စာအုပ်တွင် ဖတ်မိခဲ့သည်ကို မမှတ်မိ တော့။


သို့သော် ရင်ထဲတွင် စွဲစွဲထင်ထင် ရှိနေသည်။ လူငယ်ဘ၀ကိုကျော်ပြီး လူလတ်ပိုင်းသို့ စတင်ခြေချနေသည့် အချိန်အထိ ယင်းအယူအဆကို သက်ဝင် ဆဲ၊ လက်တွေ့အသုံးပြုဆဲ။အလုပ်တစ်ခုကို လုပ်သည့်အခါ လုပ်ရသည်ချင်းအတူတူ အခြား တစ်ယောက်က ခိုင်း၍ လုပ်ရသည်နှင့် ကိုယ်တိုင် လုပ်ရသည့် ခံစားချက်မှာ အတော်ကွာသည်။ အခြားတစ်ယောက် ယောက်က ခိုင်း၍ လုပ်ရသည့်ခံစား ချက်သည် ဝင်ကစွပ်ကောင်၏ ခံစားချက် နှင့် တူသည်။
 

မိမိ၏ဆန္ဒ တစ်စိတ်တစ်ဒေသ ပါသော်လည်း အားလုံးမဟုတ်။ ရောထွေး နေသည်။ တက်ကြွမှုသည်လည်း ကိုယ် တိုင် တက်ကြွမှုတစ်ဝက် အခြားသူ၏ ဖိအားကြောင့် ကြွတက်နေရသည်က တစ်ဝက်။ ယင်းသို့သော အခြေအနေ မျိုးတွင် အလုပ်လုပ်ရင်းပင် မအီမလည် ခံစားရတတ်သည်။ ယင်းသို့မဖြစ်ရန်မှာ ကိုယ့်ကိုကိုယ် မောင်းနှင်ခြင်း တနည်းအားဖြင့် ကိုယ့် ကိုကိုယ် ခိုင်းခြင်းသည် အကောင်းဆုံး ဖြစ်သည်။သို့ဆိုလျှင် မေးစရာရှိသည်မှာ မည် သည့် အတိုင်းအဆအထိ မောင်းနှင်ရ မည်နည်း။ ယာဉ်မောင်းလျှင် တစ်နာရီ ကီလိုမီတာ မည်မျှနှင့် မောင်းနှင်ရမည်ဟု သတ်မှတ်ထားချက်သည် ပုံသေမဟုတ်။ လမ်းအနေအထားအပေါ်မူတည်ပြီး တစ်နာရီ မောင်းနှင်ရသည့် ကီလိုမီတာ နှုန်း ကွာဟသည်။
drive_yr_self
 
ဥပမာ – အဝေးပြေးလမ်းမများတွင် ကီလိုမီတာ ၁၀၀ နှုန်းဖြစ်သော်လည်း မြို့တွင်းတွင် ကီလိုမီတာ ၂၀ နှုန်း ဖြစ် ကောင်းဖြစ်မည်။ ယင်းသတ်မှတ်ချက် များသည် ယာဉ်မောင်းများအတွက် အထူး ဂရုပြုရမည့် သတ်မှတ်ချက် သတိပေး ချက်များဖြစ်သည်။
ထို့အတူပင် ဘ၀တွင် ကိုယ်ကို ကိုယ်မောင်းနှင်မည်ဟု ဆုံးဖြတ်သူသည် အခြေအနေ အချိန်အခါကို ချိန်ဆနား လည် တတ်ရမည်။ မိမိမည်သည့် ဇုန်ထဲ ရောက်နေသည်ကိုလည်း သိရမည်ဖြစ် သည်။ယင်းမှာ အင်မတန် အရေးကြီးသည့် အချက်ဖြစ်သည်။ အခြားမဟုတ် သက်သာ၊ ဆွဲဆန့်၊ တုန်လှုပ် ဟူသည့် ဇုန်များဖြစ်သည်။ မိမိကိုယ်တိုင် မည်သည့်ဇုန်တွင် ရှိနေသည်ကို သိမှုသည် ကိုယ်ကိုကိုယ် မောင်းနှင်မှုအတွက် အတော်ပင် အရေး ကြီးပေသည်။ သက်သာဇုန်ထဲရောက်သည်ဟု သတိထားမိပါက ထပ်ပြီး အားထုတ် ဆွဲ့ဆန့်ကြည့်ရမည်။ ယင်းသို့သိမှလည်း ဆွဲဆန့်ကြည့် ရန် သတိရမည်ဖြစ်သည်။

 
ရသလောက် ဆွဲဆန့်ကြည့်ခြင်း သည် မိမိ၏ လုပ်နိုင်သည်ဟု ထင်ထား သည်ထက် ကျော်လုပ်ရန် အားထုတ် ကြည့်ခြင်း ဖြစ်သည်။ ယင်းသည်ပင် မိမိ၏ အစွမ်းအစကို ပိုမိုတောက်ပြောင် စေသည်။ သို့သော် ရသလောက်ဆွဲဆန့်ရင်း တုန်လှုပ်ဖွယ်ဇုန်ဟုခေါ်သည့် မနိုင်ဝန် ဖြစ်သည့် အခြေအနေသို့ရောက်နေ မရောက်နေ ကိုလည်း သိထားရန် လိုပေ သည်။ သို့မှာသာ ရောက်နေသည့် တုန် လှုပ်ဖွယ်ဇုန်မှ အနည်းငယ် ပြန်ဆုတ်နိုင် မည်ဖြစ်သည်။ ယင်းသို့ ဖြစ်ပြီးလျှင် တစ်သက်တာလုံး ထပ်မဆွဲဆန့်သင့်တော့ ဟု မဆိုလိုပေ။ ကာလတစ်ခုအရောက်၊ အခြေအနေသင့်သည့် အခါတွင် ထပ်ဆွဲ ဆန့်ကြည့်ရဦးမည်ပင် ဖြစ်သည်။

 
ယင်းသို့ဖြင့်ပင် မိမိ၏ အစွမ်းအစ လုပ်နိုင်ကိုင်နိုင်စွမ်းမှာ ပိုပိုလာမည် ဖြစ် သည်။ကိုယ်ကို ကိုယ်မောင်းနှင်မှုနှင့် အခြားသူများ၏ မောင်းနှင်ခံရမှုသည် ပြောင်းပြန် အချိုးကျသည်။ လုံးဝ အမောင်းမခံရသည့် အခြေ အနေမျိုးတော့ ရှိမည်မဟုတ်။ အခြားကြောင့်မဟုတ်။ တစ်ဦးနှင့် တစ်ဦး သက်သာ၊ ဆွဲဆန့်၊ တုန်လှုပ် ဇုန်သို့ ရောက်သည့် အနေအထား မတူ သောကြောင့် ဖြစ်သည်။

 
ကိုယ့်အလုပ်ရှင်အတွက် ဆွဲဆန့်ဇုန် အဆင့်တွင်သာရှိသည်ဟု မြင်ထားသည့် အခြေအနေသည် ကိုယ့်အတွက် တုန်လှုပ် ဇုန် ရောက်ကောင်း ရောက်နေမည်။
ကိုယ့်အတွက် သက်သာဇုန် အဆင့် တွင်သာ ရှိသည့် အခြေအနေကို ကိုယ့် အလုပ်ရှင်က ဆွဲဆန့်ဇုန်တွင် ရှိနေပြီ ဟုလည်း ထင်ကောင်း ထင်နေပေမည်။ ယင်းသည် လုပ်ငန်းခွင်တိုင်းတွင် ကြုံနေ ကျ ဖြစ်လေ့ဖြစ်ထရှိသည့် သဘာဝဖြစ် သည်။
ယင်းအခြေအနေကို ကျော်လွန်ရန် မှာ အလုပ်ရှင်နှင့်အလုပ်သမား၊ ဦးဆောင် သူနှင့် နောက်လိုက်၊ သို့မဟုတ် လုပ်ဖော် ကိုင်ဖက် အချင်းချင်းကြားတွင် တစ်ဦး၏ လုပ်နိုင်စွမ်း ခံနိုင်ရည်စွမ်းကို ရှင်းရှင်း လင်းလင်း သိထားကြ၊ နားလည်ပေးကြ ရမည်ဖြစ်သည်။
သို့မှသာလျှင် ဖိအားပေးသင့်ပါ လျက် မပေးမိခြင်း၊ ဖိအား မပေးသင့်ပါ လျက် အတင်းအကြပ် ဖိအားပေးနေမိခြင်း ဟူသည့် အခြေအနေကို ကျော်လွန်နိုင် ပေမည်။

 
ထို့အတူပင် ခေါင်းဆောင်တစ်ဦး နှင့် တစ်ဦး စီမံခန့်ခွဲမှု ပုံစံ မတူသည် ကိုလည်း နားလည်ရပေမည်။တချို့မှာ အမြဲတွန်းတွန်းတိုက် တိုက်၊ ရသလောက် တုန်လှုပ်ဇုန်နားကပ် သည်အထိ အမြဲဆွဲဆန့်တတ်သည်။တချို့မှာ လုပ်ဖော်ကိုင်ဖက် တစ်ဦး ချင်းစီ၏ လုပ်နိုင်စွမ်း၊ တနည်းအားဖြင့် သက်သာ၊ ဆွဲဆန့်၊ တုန်လှုပ်ဇုန်များသို့ ရောက်နိုင်ခြေကို နားလည်အောင် ကြိုး စားပြီး အခြေအနေ အချိန်အခါကို ချိန်ဆ ကာ  ဆွဲဆန့်တတ်သည်။နည်းစဉ်တိုင်းတွင် အားသာချက် အားနည်းချက် ကိုယ်စီရှိသည်။

 
မတူညီသည့် အလုပ်ရှင်၊ သို့မဟုတ် ဦးဆောင်သူများနှင့် ဘ၀တွင်များစွာ ကြုံရမည်ဖြစ်သည်။ထိုကြောင့် အခြားသူ၏ မောင်းနှင် ခံရမှု၊ တနည်း ဖိအားပေးမှုကို နည်းသည် ထက်နည်းအောင် မိမိရောက်နေသည့် ဇုန်များကို နားလည်ပြီး ကိုယ်တိုင် ဆွဲ ဆန့်နေရန် လိုပေသည်။ တနည်းအားဖြင့် ကိုယ်တိုင်မောင်းနှင်ရန် လိုပေသည်။ယင်းဇုန်များကို နားလည်မှလည်း မိမိအား ဦးဆောင်သူ သို့မဟုတ် အလုပ် ရှင်နှင့် အပြန်အလှန် ဆွေးနွေး အဖြေရှာ နိုင်မည် ဖြစ်သည်။ကိုယ်ကိုကိုယ် မောင်းနှင်မှုသည် ကိုယ်လုပ်နေသည့် အလုပ်အပေါ် ရူးသွပ် မှု၊ အလေးအနက်ထားမှု၊ ကွက်ကျော် မြင်မှုများ နှင့်လည်း သက်ဆိုင်ပေသည်။

 
သေချာသည်မှာ ခေတ်သည်ပြောင်း နေသည်။ ယင်းသို့ ခေတ်ပြောင်းနေသည် ကို သတိမပြတ်ဘဲ နေရန်လိုသည်။ အ ခြားကြောင့်မဟုတ် မိမိ၏ လုပ်ငန်းခွင် တွင်လည်း သုံးစွဲသည့် နည်းစနစ်များ၊ ပစ္စည်းကိရိယာများ ပြောင်းလာမည်မှာ သေချာသောကြောင့် ဖြစ်သည်။
ကွက်ကျော်မြင်ကာ ပြင်ဆင်ခြင်း သည်လည်း ဆွဲဆန့်ခြင်း တစ်မျိုးဖြစ် သည်။ မိမိအလုပ်နှင့်ပတ်သက်ပြီး အမြဲ မပြတ် သင်ယူလေ့လာခြင်း၊ ဝမ်းစာ ဖြည့်ခြင်းသည်လည်း ဆွဲဆန့်ခြင်း တစ်မျိုးဖြစ်သည်။အမြဲတမ်း အကောင်းဆုံးဟူသည့် မူဖြင့် လုပ်ခြင်းသည်လည်း ဆွဲဆန့်ခြင်း တစ်မျိုးဖြစ်သည်။ မိမိကိုယ်ကိုကိုယ် ပုံစံမျိုးစုံဖြင့် ဆွဲဆန့် နိုင်သည်။

 
သက်သာဇုန်မှာ အမှန်တကယ် အားဖြင့် ဘ၀အတွက် အန္တရာယ်ဇုန်ဖြစ် သည်။
ထို့ကြောင့် သက်သာဇုန်ကို ကျော် လွန်ပြီး နေထိုင်ရန် လိုပေသည်။