လ.၀.က ရက် ၁၀၀ စီမံချက် ရွေ့ ပြောင်းနေထိုင်သူများကို ဦးစားပေးမည်

0
387

ရက် ၁၀၀ စီမံချက်တွင် ရွေ့ ပြောင်းနေထိုင်သူများအား အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်ထုတ်ပေးရေးကို အဓိက ဦးစားပေး လုပ်ဆောင်မည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနမှ သိရသည်။


ရွေ့ပြောင်း နေထိုင်သူများတွင် သာမန်ရွေ့ပြောင်း နေထိုင်သူများနှင့် ယာယီရွေ့ပြောင်းနေထိုင်သူများဟု အမျိုးအစားခွဲခြားကာ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးမည်ဖြစ် ကြောင်း အထက်ပါဌာနမှ သိရသည်။
သို့သော် ကျူးကျော်နေထိုင်သူ များကိုမူ ထုတ်ပေးမည့်အစီအစဉ် မရှိ ကြောင်း  တနင်္သာရီတိုင်းဒေသကြီး လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော် ရင်ဦးက ပြောကြားသည်။
” NRC နဲ့ ညှိနှိုင်းပြီး ကွင်းဆင်းပြီး တော့ လူဦးရေ စာရင်းကောက်မယ်။ လူတစ်ဦးချင်းစီကို သေချာစိစစ်ပြီး လုပ် ပေးရမှာ ဖြစ်တဲ့အတွက် ချက်ချင်းတော့ မရဘူး။ အချိန် အတိုင်းအတာတစ်ခုတော့ စောင့်ရမယ်။ ရက် ၁၀၀ အတွင်းမှာတော့ ပြီးမယ် မထင်ဘူး။ ရက် ၁၀၀ ကျော် သွားရင်လည်း လုပ်ပေးဖို့ အစီအစဉ် ရှိတယ်” ဟု ဦးကျော်ရင်ဦးမှ ပြောသည်။
ရက် ၁၀၀ စီမံချက်တွင် ဒုတိယ ဦးစားပေးအနေဖြင့် အခြေခံပညာ ကျောင်းများတွင် ကျောင်းသားများကို နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ် ပေးမည်ဖြစ်ပြီး တတိယ ဦးစားပေး အနေဖြင့် ၁၉၈၂ ခုနစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားပြုခွင့်ရသူများကို နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ် ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တနင်္သာရီတိုင်းအတွင်း အခြေခံ ရွှေ့ပြောင်းသွားလာ နေထိုင်သော အိမ် ထောင်စု ၉၀၀ နီးပါးရှိပြီး အလုပ်သမား ပေါင်း ၆၀၀၀ကျော်ရှိကြောင်း အများ စုမှာ ရာဘာခြံ၊ ဆီအုန်းခြံ၊ အုတ်ဖို လုပ်ငန်း၊ ရေလုပ်ငန်း၊ အအေးခန်း စက်ရုံများတွင် လုပ်ကိုင်နေသော အလုပ် သမားများဖြစ်ကြောင်း အဆိုပါ ဦးစီး ဌာနထံမှ သိရသည်။