ထားဝယ်လုံချည်အကြောင်း သိသမျှ

0
968

၂၀၁၀ ခုနှစ်ဝန်းကျင် နေ့တစ်နေ့မှာ အဖေကသူ့ဗီရိုထဲမှာ အမြတ်တနိုးနဲ့ အသေချာသိမ်းထားတဲ့ ပုဆိုးတစ်ထည်ကို ထုတ်ပြပါတယ်။ ပုဆိုးက တော်တော် ဟောင်းနေပါပြီ။ ဟောင်းပေမယ့် သေ သေချာချာခေါက်ပြီး သိမ်းထားတာ ဆိုတော့အသစ်အတိုင်းကို ဖြစ်နေပါ တယ်။ အဆင်ကတော့ ကြူထရံ အကွက် ပုံစံရိုးရာအကွက် ဒီဇိုင်းအတိုင်း ပါပဲ။ ပုဆိုးတစ်ထည်လုံးကို ပိုးနဲ့ချည်း ရက် လုပ်ထားတာဖြစ်ပြီး အသားကို စမ်းကြည့် တော့လည်း ရိုးရိုးပုဆိုးနှစ်လွှာ ကိုပေါင်း ရက်ထားသလိုမျိုးကို ထူထဲခိုင်ခန့်တာပါ။

အဲဒီပုဆိုးကို ဖြန့်ကြည့်လိုက်တဲ့ အခါမှာတော့ အခုခေတ် ပုဆိုးတွေလို အနံတစ်ပြင်တည်း မဟုတ်ဘဲ ပုဆိုး တစ်ကွင်းစာ အတွက်ကိုအလျားလိုက် နှစ်နံစပ်ပြီး လုံချည်ကွင်းဖြစ်အောင်ချုပ် ထားတာကို တွေ့ရတာပါ။ကျွန်တော့်အတွက်တော့ အဖေထုတ် ပြတဲ့ ပုဆိုးလေးကိုမြင်ရတာ တော်တော် ကို အထူးအဆန်း ဖြစ်နေရပါတယ်။ အဖေကသူ့ပုဆိုးလေးကိုကြည့်ပြီး တအံ့ တဩဖြစ်နေတဲ့ ကျွန်တော့်ကို ” ဒါဟာ ထားဝယ်လုံချည်လို့ ခေါ်တယ်၊ ရှေး အရင်ကတည်းက တို့ထားဝယ်မှာရက် လုပ်ပြီး ထင်ထင်ရှားရှားရှိခဲ့တဲ့ ထားဝယ် လုံချည်ဆိုတာ ဒါကိုပြောတာ၊ ဒီပုဆိုး လေးရဲ့သက်တမ်းကလည်း မနည်းတော့ ဘူး၊  နှစ်ပေါင်း ခုနှစ်ဆယ် ရှစ်ဆယ်ဝန်း ကျင်လောက် ရှိလောက်ပြီ ပေါ့” … တဲ့ ။

ထားဝယ်ဒေသ မူရင်းလက်မှုထုတ်  ကုန်တွေဖြစ်တဲ့ထားဝယ်လုံချည်၊ ထား ဝယ်ပုဆိုး ဆိုတာ ကြားဖူးပါတယ်။

ထားဝယ်ဒေသမှာရက်လုပ်ပြီး ထင်ထင် ရှားရှား ရှိခဲ့တယ်ဆိုတဲ့ မူလ ထားဝယ် လုံချည်အကြောင်းကို စာတွေမှာ တစ်စွန်း တစ်စ ဖတ်ရဖူးလို့ သိနေတာပါ။ ဒါပေ မယ့်လည်း အဲဒီလုံချည်ကို အပြင်မှာ မမြင် ဖူးဘူးဆိုတော့ မူလအဆင် ထားဝယ် လုံချည်ဆိုတာ ဘယ်လိုဟာမျိုးလဲလို့ မပြောပြတတ်အောင်ဖြစ်ပါတယ်။

ကျွန် တော်က ထားဝယ်သား တစ်ယောက် ဖြစ်လျက်နဲ့ ထားဝယ်ရိုးရာ လုံချည် (မူလအဆင်) ဆိုတာ ဘယ်လိုဟာ မျိုးလဲ လို့ တိတိကျကျ မသိတာဟာ တော်တော် ကိုဆိုးတာပါပဲ ။ အခုတော့ အဖေ သိမ်း ဆည်းထားတဲ့ ပုဆိုးလေး တစ်ထည်  ကြောင့် ထားဝယ်ပုဆိုး(မူလအဆင်)ဆို တာ ဘယ်လိုဟာမျိုးလဲဆိုတာကို သိခွင့် ရပါပြီ။ ထားဝယ်ပုဆိုးကို အကြောင်းပြု လို့ ကျွန်တော်တို့ ထားဝယ်ဒေသမှာ အရင်က ရက်လုပ်ခဲ့တဲ့ ထားဝယ် လုံချည် တွေအကြောင်းနဲ့ ဒေသတွင်း ရက်ကန်း လုပ်ငန်းတွေအကြောင်းကိုပါ စိတ်ဝင်စား လာမိပါတယ်။

ကမ္ဘာပေါ်မှာ ကျောက်ခေတ်နှောင်း ကာလကတည်းက လျှော်တွေကို ရက် လုပ်ပြီး အဝတ်အထည်အဖြစ် ဝတ်ဆင် နေကြပြီဖြစ်ကြောင်း သုတေသီများက ယူဆထားကြပါတယ်။ နောက်ပိုင်းမှာ တော့ တစ်ဆင့်တက်လာပြီး ချည်ထည် များ ရက်လုပ်နိုင်တဲ့အထိ ဖွံ့ဖြိုးတိုး တက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘီစီ ၂၇၀၀ ခန့်မှာ တရုတ်တွေက ပိုး ထည်ချည်ကို စတင်တွေ့ရှိခဲ့သလို အီဂျစ် တို့ကလည်း ဘီစီ ၂၅၀၀ ပိုက်ဆံလျှော်နဲ့ အဝတ်ထည်ရက်လုပ်နေပြီလို့လည်း သိရ ပါတယ်။ ဘီစီ ၁၅၀၀ လောက်ရောက် တော့ အဆင်ဒီဇိုင်းများကိုတောင်မှ တီထွင်နိုင်ခဲ့ပြီဖြစ်ကြောင်း သမိုင်း မှတ်တမ်းများမှာ ဖော်ပြထားပါတယ်။ အဝတ်ထည်ရက်လုပ်တဲ့ အတတ်ဟာ ကျောက်ခေတ်နှောင်းကာလတွေမှာ စတင်ပြီး နောက်ပိုင်း တဖြည်းဖြည်းတိုး တက်ဖွံ့ဖြိုးလာခဲ့တယ်လို့ မှတ်ယူရမှာပါ။


ဒါကြောင့် ကျောက်ခေတ်လူသားတွေနေထိုင်ကြောင်း သက်သေတွေ အများအပြားရှိတဲ့ တနင်္သာရီဒေသ မှာ လည်း ကမ္ဘာ့ ကျောက်ခေတ်လူသားတို့ ရဲ့ရက်ကန်း အတတ်ပညာတိုးတက်လာမှု နဲ့အတူ ရက်ကန်းရက်လုပ်တာတွေ တဖြည်းဖြည်း ပေါ်ထွန်းလာနေပြီလို့ ယူဆနိုင်မယ် ထင်ပါတယ်။

ကျွန်တော်တို့ ထားဝယ်ဒေသမှာ အဖွားတို့ခေတ်က ၁၉၃၀ ခုနှစ် ဝန်းကျင် လောက်က  ဂျပ်ခုတ်ရက်ကန်းတွေကို တွင်တွင်ကျယ်ကျယ်ပဲ ရက်လုပ်နေခဲ့ ပြီလို့ သိရပါတယ်။ အဲဒီခေတ်က ဆိုရင် ကိုယ့်အိမ်သားတွေ ဝတ်ဆင်ဖို့နဲ့ ပိုတာ လေးတွေကို ရောင်းချဖို့အတွက် ကိုယ်စီကိုယ်ငှဂျပ်ခုတ်ရက်လုပ်ကြတယ်လို့ ဆိုပါတယ်။ အများအားဖြင့်ကတော့ အထည်တွေကို ရက်လုပ်တယ်လို့ သိရ ပါတယ်။ သူတို့ရက်တဲ့ ရက်ကန်းလေး တွေက ခါးသိုင်း ရက်ကန်းလေးတွေ သာဖြစ်တော့ အနံငယ်ပိုင်းလေးတွေကိုပဲ ရက်လုပ်နိုင်တာပါ။ ပုဆိုးချုပ်ဝတ်ချင်ရင် နှစ်နံစပ်ရပါတယ်။ စောင်လုပ်ချင်ရင် လည်း နှစ်နံစပ်မှ စောင်ဖြစ်ခြုံလို့ရတာပါ။ စစ်ပြီးခေတ်လောက်မှာတော့ ဂျပ်ခုတ် ရက်တာတွေ ပပျောက်သွားပြီး သစ်သား နဲ့ ပြုလုပ်တဲ့ ရက်ကန်းစင်ငယ်လေးတွေ ပေါ်ပေါက်လာတယ်လို့ သိရပါတယ်။

ဒီရက်ကန်းစင်ကလည်း ပထမတော့ အနံ ငယ်ပိုင်းတွေကိုသာ ရက်လုပ်နိုင်သေးတာ ပါပဲ။ ဒါပေမယ့် ဒီလိုရက်ကန်း စင်လေး တွေနဲ့ပဲ နာမည်ကြီးလှတဲ့ ထားဝယ်လုံ ချည်တွေကို ရက်လုပ်နိုင်ပြီ ဖြစ်ပါတယ်။ တကယ်တော့ သစ်သား ရက်ကန်းစင် ငယ်တွေကို စစ်မဖြစ်ခင်လောက်ကပဲ ထားဝယ်မြို့မှာ တွင်တွင်ကျယ်ကျယ်နဲ့ အသုံးပြုနေလောက်ပါပြီ။ ဘာလို့လဲဆို တော့ အဲဒီ အချိန်ကတည်းက ထားဝယ် မြို့ပါ်မှာ ရက်ကန်းရုံထောင်ပြီး စီးပွားဖြစ် နေတဲ့သူတွေလည်း ရှိနေခဲ့ပြီလို့ သိခဲ့ရလို့ ဖြစ်ပါတယ်။

ထားဝယ်လုံချည်ဆိုတာ တစ်ထည် လုံးကို ကြူထရံကွက်ပုံဖော်ပြီး ပိုးချည်နဲ့ အတိုင်အဖောက် ရက်လုပ်ထားတဲ့ အမျိုး သား ဝတ်ပုဆိုးတစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမယ့် ရှေးကျတဲ့ ထားဝယ်လုံချည် စစ်စစ် မူလအဆင်တွေဟာ နှစ်နံစပ်တွေ သာ ဖြစ်ပါတယ်။ အခုခေတ် ပုဆိုးတွေလို တစ်နံတည်းနဲ့ လုံချည်တစ်ထည် မဖြစ်ပါ ဘူး။ ထားဝယ်လုံချည်စစ်စစ်ဟာ ပိုးနဲ့ ချည်းရက်လုပ်တာဆိုတော့ အသားက တောင့်ပြီး အရောင်ကလည်းပြောင်လက် လို့ သစ်လွင်နေပါတယ်။

၁၉၇၀ ခုနှစ်ဝန်းကျင်လောက်မှာ ရောင်နီဦးကုန်ထုတ်သမဝါယမအသင်းကနေပြီး ကုန်ကြမ်းပေး ကုန်ချောယူ စနစ်နဲ့ တည်ထောင်ပေးခဲ့တဲ့ ရက်ကန်း လုပ်ငန်းများ ကျေးရွာအဆင့်ထိ ကျေးရွာ အဆင့်ထိရောက်ရှိလာပါတယ်။ အရင်က ငွေကြေးတတ်နိုင်တဲ့ သူများကသာ ရက်ကန်းရုံထောင်နိုင်တာဖြစ်ပြီး ရွာက ရက်ကန်းရက်သမားများကလည်း အဲဒီအလုပ်ရုံတွေဆီမှာ အလုပ်ဝင်လုပ်ရ လေ့ရှိတယ်လို့ သိရပါတယ် ။ ရောင်နီဦး ကုန်ထုတ်သမဝါယမအသင်း ပေါ်ပေါက် လာပြီး နောက်မှာတော့ ကျေးရွာ အဆင့် ထိ ရက်ကန်းစင်တွေ ပိုင်ဆိုင်လာကြ ပါတယ်။ အဲဒီအချိန်တွေမှာပဲ တစ်နံ အပြည့်ပုဆိုးတွေ၊ စောင်တွေနဲ့ ချိတ်ထမီ တွေ စသဖြင့် အထည်အမျိုးမျိုး အပြိုင် အဆိုင် ရက်လုပ်နိုင်လာကြတော့တာပါ။ အဲဒီအချိန်ဟာ ကျွန်တော်တို့ ထားဝယ် ဒေသရဲ့ ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှု အရှိန်မြင့်ဆုံးအချိန်လို့ ပြောရမှာဖြစ်ပါတယ် ။

ရက်ကန်းအတတ် ပညာနဲ့ ပတ်သက်တဲ့ သင်တန်းများကို လည်း အစိုးရက စီစဉ်ပြီး ပို့ချပေးမှုတွေ ရှိခဲ့တော့ အဆင်ဒီဇိုင်းအဆန်းထွင်မှုများ တွေလုံချည်ရဲ့အရည်အသွေးကို မမီ ပေမယ့်လည်း အဆင်တူ ဒီဇိုင်းအတူ ထားဝယ်လုံချည်အမျိုးစားတစ်မျိုးကို ထုတ်လုပ်နိုင်ခဲ့တာပါပဲ။ ဒါကိုပဲ ထားဝယ် ရိုးရာလုံချည်၊ ရိုးရာလုံချည်ဆိုပြီး ခေါ်ဆို ကြတာဖြစ်ပါတယ်။
အရင်မူလ ထားဝယ်လုံချည်အတိုင်း ရိုးရာမပျက် ပြန်လည်ရက်လုပ်ထားတာမို့ နောက်အသစ်ထွက်လာတာကို ထားဝယ် ရိုးရာ လုံချည် ၊ ရိုးရာလုံချည်ဆိုပြီး ခေါ် ကြတာပါ။ ကျွန်တော်ငယ်ငယ်က ရိုးရာ လုံချည်တွေကို ရွာကအိမ်တွေမှာရက် လုပ်ကြတာကို ကောင်းကောင်း မှတ်မိနေ ပါသေးတယ်။ နောက်ပြီး အခုချိန်ထိ အလေးထား ဝတ်ဆင်နေသေးတဲ့ ထားဝယ် ရိုးရာ အမျိုးသမီးဝတ်လုံချည်တွေ ကိုလည်း အဲဒီအချိန်က ရက်လုပ်ခဲ့တာကို မှတ်မိနေတုန်းပါပဲ။

ထားဝယ်ရိုးရာ အမျိုးသမီးဝတ် လုံချည်တွေကို ဘယ်အချိန်လောက်က စပြီး တီထွင်ရက်လုပ် ခဲ့ကြသလဲဆိုတာကို အထူးပဲ စိတ်ဝင်စားမိပါတယ်။ လက် လှမ်းမီသလောက် သိမီသူများကို မေး မြန်းကြည့်တော့လည်း ထားဝယ်ရိုးရာ အမျိုးသမီးဝတ်လုံချည်တွေဟာ ၁၉၇၀ ဝန်းကျင်လောက်မှာ စပေါ်ခဲ့တယ်လို့ပဲ ပြောကြပါတယ်။ ဒီကိစ္စနဲ့ပက်သက်လို့ အတည်ပြုလို့ရအောင် သေသေချာချာ လေ့လာဖို့ လိုအပ်နေသေးတာပါ။ ထား ဝယ်ရိုးရာ အမျိုးသမီးဝတ် လုံချည်ဒီဇိုင်း က တစ်မျိုးထူးခြားပါတယ်။ ရှေး ကတည်းက ခေတ်စားခဲ့တဲ့ ထားဝယ် ရိုးရာအကွက် ဒီဇိုင်းတွေကို လုံချည်ရဲ့ အစိတ်အပိုင်းတွေထဲ သင့်သလို ထည့်သုံး ထားတာကလည်း တစ်မျိုးလေး ကြည့် ကောင်းပါတယ်။

ထားဝယ်ရိုးရာ” မ” ဝတ်လုံချည်ကို အမျိုးသမီးများအတွက် ထမီသာမက အင်္ကျီပါချုပ်ဝတ်လိုက်တော့ ထူးခြားတဲ့ ထားဝယ်ရိုးရာ ဝတ်စားဆင် ယင်မှုတစ်ရပ်အဖြစ် အသိအမှတ်ပြု လာရတော့တာပါပဲ။ ထားဝယ်ရိုးရာအမျိုးသမီးဝတ်လုံချည်တွေကို အရင်က ” မ” ရိုးရာလုံချည်လို့ပဲ ခေါ်ပါတယ်။ အမျိုးသားဝတ်ထားဝယ်လုံချည်ရဲ့ အကွက်ဒီဇိုင်းကိုယူသုံးပြီး အမျိုးသမီး ဝတ် ထားဝယ်ရိုးရာလုံချည်အဖြစ် တီ ထွင်ဖန်တီး ထားတာဖြစ်နိုင်ပါတယ်။ အမျိုးသားဝတ် ထားဝယ်လုံချည်က အရင်ပေါ်ပြီး အမျိုးသမီးဝတ်ထားဝယ် လုံချည်က နောက်မှ ပေါ်လာတာပါ။

အခုနောက်ပိုင်းမှာ ထားဝယ်ရိုးရာ လုံချည်တွေကို လူသိများလာကြပုံရ ပါတယ်။ ထားဝယ်မြို့က လက်ဆောင် ပစ္စည်းအရောင်းဆိုင်တွေ မှာလည်း ထားဝယ်ရိုးရာ ကျားဝတ်၊ မဝတ် အထည် တွေကို တွင်တွင်ကျယ်ကျယ် ရောင်းချနေ တာကို တွေ့နေရပါတယ်။ ထုတ်လုပ်တဲ့ ပင်ရင်းဌာနတွေကတော့ ထားဝယ်ဒေသ တစ်ခုတည်းက မဟုတ်လောက်ပါဘူး။ အထက်မြန်မာပြည်က မြို့တွေမှာ အော်ဒါ မှာယူပြီး ရောင်းချကြပုံပါပဲ။ အခုချိန် မှာတော့ ခရီးသွားဧည့်သည်များရဲ့ အားပေးမှုကြောင့်လည်း ထားဝယ်ရိုးရာ လုံချည်တွေ ပိုမိုရောင်းရ တွင်ကျယ်နေ ကြတယ်လို့ သိရပါတယ်။ ဒေသခံများ အနေနဲ့ကလည်း ကိုယ့်ရိုးရာ အဝတ်ထည် အပေါ် စိတ်ဝင်စားမှုပို လာတာကြောင့် ထားဝယ်လုံချည်တွေ ပြန်လည်ထွန်း ပေါက်လာကြတာဖြစ်မှာပါ။

အခုနောက်ပိုင်း ထားဝယ်ရိုးရာ အကွက်ဒီဇိုင်းပါတဲ့ ရိုးရာဖိနပ်လေးတွေ ထုတ်လုပ်ရောင်းချနေတာကိုလည်း တွေ့ လာရပါတယ်။ ဝမ်းသာစရာပါပဲ။ ကိုယ့် ဒေသရဲ့ ရိုးရာဆင်ယင်ထုံးဖွဲ့မှုတွေ တိုး တက်လာတာကိုတွေ့နေရတော့ တကယ် ကိုကြည်နူးမိပါတယ်။ နောက်ထပ်လည်း ထားဝယ်ရိုးရာအထည်ကို အခြေခံတဲ့ ဆင်ယင်ထုံးဖွဲ့မှုတွေ ဆက်လက်တိုးတက် ဖွံ့ဖြိုးလာပါစေလို့ ဆုတောင်းလိုက်ရပါ တယ်။

အကိုးအကား ။   ။ အမရပူရ သမိုင်းဝင်ရက်ကန်းစင် ( အောင်ငြိမ်းချမ်း – မန်းတက္ကသိုလ်)