တိုင်း အစိုးရ အတွက် ပေတံ ငါးချောင်း

0
450

ရာသီဥတုတွေကလည်း ဖောက်၊ မြန်မာ့နိုင်ငံရေး အက်ရှင် ဇာတ်လမ်းတွဲ ကလည်း အရှိန်တက်နဲ့ တကယ့်ကို ရင် ခုန်စိတ်လှုပ်ရှားဖွယ်ရာပါပဲ။


အခုတော့ တနင်္သာရီ တိုင်းအစိုးရ အဖွဲ့လည်း ဂဏန်းငြိမ်၊ အလုပ်တွေလည်း စနေပြီ၊ ရက်ကလည်း ၄၀ ကျော်လာပြီ ဆိုတော့ ပြောချင်ဆိုချင် တာလေးတွေ အန်ချပါရစေလေ။ဆရာလုပ်တာတော့ မဟုတ်ရပါ။ အိမ်ရှင်မတွေကနေ ကျောင်းသူကျောင်း သားတွေအထိ အရေးကြီးတဲ့ အချက်လေး များ စဉ်းစားမိလို့ပါ။ အစိုးရက ဦးဆောင် လုပ်သင့်တယ် ထင်တာလေးတွေပါ။ များ လှမဟုတ်။ ငါးခုတည်း။ ဗမောင်းတို့ တိုင်းဒေသထဲက လူတွေရဲ့ ဘ၀ကို နက် နက်နဲနဲ ထိရောက်မှုရှိနိုင်တဲ့ ငါးခုကို စဉ်းစားမိတယ်။

water

၁။ ရေ
အခုလောလော လတ်လတ် ဖြစ်နေ တဲ့ ရေပြဿနာကို ဦးစွာ တင်ပြပါရစေ။ တစ်နိုင်ငံလုံးနဲ့ အေးအတူ၊ ပူအမျှ ခံစား နေရတယ်ဆိုတော့ ကိုယ်တွေမှ သာထူးပြီး ဖြစ်တာ မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ ရေချို အရင်းအမြစ်ပေါ၊ မိုးလည်းများတဲ့ နေရာမှာ ရေရှားနေတယ် ဆိုတော့ အဆက်ဆက်က လူညံ့များရဲ့ စိတ်ကောင်းစေတနာ၊ လုပ်ရကောင်း၊ ပြင်ဆင်ရကောင်းမှန်း မသိမှုများကို အံ့ဩဘနန်းဖြစ်မိပါရဲ့။
လူပိန်းအတွေးပဲ တွေးကြည့်တယ်။ ဒေသတွင်းမှာ အခုသုံးနေတဲ့ သောက်ရေ၊ သုံးရေတွေ အများစုက မြေအောက်ကရ တာချည်း။ ရေတွင်းတူးမယ်၊ အဝီစိတွင်း တူးမယ်၊ ပြီးရင်သုံးမယ်ဆိုတာမျိုးဖြစ်ပါ တယ်။
အချို့နေရာလေးတွေမှာတော့ မြစ် ရေတင်ပြီး သိုလှောင်ဖြန့်ဝေတာ၊ မိုးရေသို လှောင်ဖြန့်ဝေတာ ဒါမျိုးတွေတော့ အ နည်းအကျဉ်းရှိပါတယ်။ တကယ့်ကိုမှ အနည်းအကျဉ်းပါ။
ဒီအချိန်မှာ နွေရေရှား သံသရာ ကလည်း ထွက်နိုင်အောင်၊ မြေအောက် ရေသယံဇာတွေပဲ သုံးမနေဘဲ မိုးရေကို လှောင်သုံးဖြန့်နိုင်အောင် ဘာလို့ မလုပ်နိုင်ရမှာလဲဆိုတာ ခေါင်းစား မိ တယ်။ဒါက တိုးတက်တဲ့ တစ်ကမ္ဘာလုံးမှာ လုပ်နေကြတာပါ။ ရေလှောင်ဆည် ဆောက်မည်၊ ရေကို စစ်မယ်၊ ပိုက်တွေနဲ့ နေအိမ်တွေရဲ့ မီးဖိုချောင် အရောက်ပေး မယ်။ အလကားတော့ မရ၊ ရေမီတာ တပ် ရမယ်။ ကြိုက်သလောက်သုံး၊ ကျသ လောက် ရှင်းပေါ့။ (အခုလည်း ကလိန် အောင်မှာ မြစ်ရေတင်ပြီး လုပ်နေတာ ရှိပါတယ်) ရေကို စစ်မယ်ဆိုတဲ့ အပိုင်းမှာ ဘယ်လောက်ထိ အကောင်းဆုံး ရေအရည် အသွေးလိုချင်လဲဆိုတဲ့ အပေါ်မှာ မူတည် ပါတယ်။ အကောင်းဆုံးကတော့ သောက် ရေကို မီးဖိုချောင် ဘုံဘိုင်ခေါင်း အရောက် ပို့ပေး နိုင်ခြင်းပါ။
လက်ရှိ အစိုးရခေါင်းဆောင်တွေ ဘယ်ရောက် ဥာဏ်အမျှော်အမြင်ရှိလဲ၊ ဘယ်လောက် စွမ်းဆောင်ရည်ရှိလဲဆို တာကို မူတည်သပေါ့လေ။ (တစ်ခုတော့ ရှိတာပေါ့။ ရေသန့်အဆင့်ထိ ပိုက်နဲ့ သွယ်ပေးရတာ ကုန်ကျစရိတ်များတဲ့ အတွက် အချို့နိုင်ငံတွေမှာ သောက်ရေက သပ်သပ်၊ သုံးရေက သပ်သပ် နှစ်ပိုက်နဲ့ ပေးဖို့ စဉ်းစားနေကြပါပြီ)
ရေသန့်ဖြန့်ချိရေး လုပ်ငန်းတွေ ထမင်းငတ်အောင်သာ လုပ်လိုက်ပါ။ သူ တို့လည်း ချစ်အစိုးရကို အာဘွားပေး၊ ပျော်ပျော်ကြီး အငတ်ခံကြပါလိမ့်မယ်။ မယုံမရှိပါနဲ့။
ဒီရေကိစ္စကို ဒီလိုလက်ကား မလုပ် ဘူးဆိုရင်တော့ နောက်ငါးနှစ် အကြာ တက်လာမယ့် အစိုးရရဲ့ ရက်၁၀၀ စီမံကိန်းကလည်း ရေကိစ္စပဲ ဆက်ဖြစ်နေ ဦးမှာပဲ။ ဒီနှစ် အခုအချိန်မှာတော့ အစိုးရ က ကားတွေနဲ့ ရေဖြန့်ပေးတာပဲ လုပ်နိုင် ဦးမယ်။ ဒါပေမဲ့ အစိုးရရဲ့ ရက် ၁၀၀ အလွန် ရေအရေး ဖြေရှင်းရေးက လက်လီ ရေလှူတာပဲဆိုရင် ဒါမျိုးကို ထားဝယ် တက်ကြွ လူငယ်တို့၊ ကိုတွတ်ပီတို့ အဖွဲ့တွေလည်း ကောင်းကောင်း လုပ် တတ်ပါတယ်လို့။

၂။ အမှိုက်
နောက်တစ်ခုကတော့ အမှိုက်။ ပြည်ပျက်ကြီးရဲ့ ထုတ်ကုန်တစ်ခုအဖြစ် နေရာတိုင်းမှာဖွေးဖွေး လှုပ်နေတတ်တဲ့ ဇာတ်လိုက်ကျော်တွေပေါ့။အစိုးရက လုပ်ရမယ့် ပင်မအလုပ်က အမှိုက်လိုက်ကောက်ရမှာ မဟုတ်ဘူးလို့ စောစောစီးစီး ပြောထားပါရစေ။ ကိုယ့် ပြည်သူပြည်သားတွေ အမှိုက်မချအောင် ပညာပေးတာ၊ ရှေ့ဆောင် စည်းရုံးလှုံ့ ဆော်ခြင်းအားဖြင့် အတိုင်းအတာ တစ်ရပ်အထိတော့ လုပ်ရမှာပေါ့။
အချို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အပါအဝင် အစိုးရ ခေါင်းဆောင်များက အမှိုက်ကိစ္စကို အမှိုက်ကောက်ခြင်းနဲ့ ဖြေရှင်းမယ်ဆိုတော့ လဲသာသေလိုက် တော့လို့ ပြောချင်တော့တယ်။တကယ်လုပ်ရမှာက စနစ်ကြီး တစ် ခုထူထောင်ရမှာ။ အဲဒီ စနစ်စက်ဝန်းက ဘယ်က စရမလဲ မသိပေမဲ့ ပထမဆုံး ကတော့ အစိုးရက ပြဿနာ တစ်ရပ်လုံး ကို ခြုံငုံပြီးသိအောင် လုပ်ရမှာပါ။ ပြီး တော့ ဘယ်က စရှင်းမလဲစပြီး ခေါင်းစား ရမှာ ဖြစ်ပါတယ်။ ပထမဆုံး လုပ်သင့်တာကတော့ ဘယ်ပစ္စည်းတွေက အမှိုက်များများ ထွက်နေလဲ၊ ဘယ်လို အလေ့အထ တွေ ကြောင့် အမှိုက်များများ ထွက်နေလဲ အရင်သိအောင် လုပ်ရမှာပါ။
ပြီးရင်တော့ ပြည်သူပြည်သားတွေ အမှိုက်ဆိုတာ “ကိုယ်လက်ကလွှတ် ဗြွတ်”  ဆိုပြီး ပစ်နေကြတာတွေကို ရပ် အောင် လုပ်ရမှာပါ။ ဆိုလိုရင်းက အသိ ပညာပေးရမှာ ဖြစ်ပါတယ်။ အမှိုက်ပစ် ခြင်းရဲ့ ဆိုးကျိုးတွေ၊ ဘယ်လောက်ထိ အောင် ပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ် စေတယ်၊ နိုင်ငံဝင်ငွေ၊ တစ်နည်းအားဖြင့် အခွန်ထမ်းပြည်သူတွေရဲ့ ဝင်ငွေကို ဘယ်လိုထိခိုက်စေနိုင်လဲ။ အမှိုက် တစ်ခြင်း မြောင်းထဲချလိုက်တိုင်း ကိုယ် မသိလိုက်ဘဲ ဘာတွေ ပေးဆပ်နေရလဲ သိအောင်ပညာပေးရမှာ ဖြစ်ပါတယ်။
ကိုယ်တွေလို လူကြီးတွေကတော့ အသိခေါက်ခက် အဝင်နက်သွားပြီ။ ဆိုတော့ လူငယ်တွေ၊ အခြေခံပညာ ကျောင်းက ကလေးတွေနဲ့ စခိုင်းရင် ပို မကောင်းဘူးလား စဉ်းစားမိတယ်။
အမှိုက်စည်းကမ်းမဲ့ မပစ်ရဆိုရင် ဘယ်နား ပစ်ရမလဲ။ တစ်စချင်းပစ်သူတွေ အတွက်နေရာ၊ အထုပ်လိုက်ပစ်ချင်သူ နေအိမ်တွေ အတွက် နေရာ၊ ကားလိုက် ပစ်ချင်တဲ့ လုပ်ငန်းတွေအတွက် နေရာ စဉ်းစားရတော့မှာပါ။ သူတို့တွေ ဘယ်လို ပစ်ရမလဲ။ ဘယ်နှစ်မျိုးခွဲပစ်ရမလဲ၊ ဘယ် လို အမှိုက်မျိုးဆို အခမဲ့ပစ်နိုင်တယ်၊ ဘယ်လို အမှိုက်မျိုးဆို ဈေးကြီးပေးရမယ်၊ အဲဒီ မူဝါဒတွေ ချမှတ်ရမှာပါ။
နောက်ပြီးရင် အဲဒီ စုပေါင်းထားတဲ့ အမှိုက်တွေကို ဘယ်နားပုံမလဲ၊ ဘယ်လို ချေဖျက်မလဲ စဉ်းစားရမှာဖြစ်ပါတယ်။ ပစ်ပြီး ပြီးပြီတော့ မရဘူးနော်။ အခုတော့ အချို့နေရာတွေမှာ အမှိုက်ပစ်ဖို့တောင် နေရာမရှိတော့။ ပြည်သူပိုင်မြေဆိုတာ မရှိတော့။ ရတုန်း ရောင်းစားခဲ့ကြတာလေ။

၃။ လျှပ်စစ်
ဒီကိစ္စကတော့ ထပ်တောင် ပြောမ နေချင်တော့ပါဘူး။ ငါးနှစ်အတွင်း တစ် ယူနစ်  ၁၀၀ နဲ့ရမယ်လို့တော့ ဆိုထားတာ တွေ့တယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်ပြောတဲ့ ငါးနှစ် ဆိုတာကြီးကတော့ များသပေါ့ နော်။ နောက်တစ်ခုက ငါးနှစ်မှာ တစ် တိုင်းလုံးဆိုတော့ ကျွန်းစုက ရွာလေးတွေ ထိလား၊ ဘုတ်ပြင်းမြို့နယ် ထိုင်းနယ်စပ် က ရွာလေးတွေအထိလား။ သေချာပြောဖို့ လိုမယ် ထင်တယ်။
ဒီမှာ ပြဿနာက ငယ်ကြောက် ပြည်ထောင်စု အစိုးရကို ဘာမှ ဈေးမဆစ် ရဲတော့ ဟုတ်ကဲ့ဖြစ်ပြီး ဒုံရင်းဒုံရင်းနဲ့ ဘယ်နှစ်နှစ်ရှိပြီလဲ။
လျှပ်စစ်အတွက် လုပ်ပိုင်ခွင့်ရှိတဲ့ ပြည်ထောင်စုအစိုးရဟာ အရင်ကလည်း ငယ်ကြောက်၊ အခုလည်း ငယ်ကြောက် ဖြစ်ဆဲပါ။ ဘယ်လောက်လိမ္မာပါးနပ်စွာနဲ့ ဆွဲဆောင်စည်းရုံးနိုင်မလဲ အပေါ်မူတည် ပြီး တိုင်းသူတိုင်းသားတွေ ခံစားခွင့်ရမယ် ထင်တယ်။
ထပ်ကြောက်နေလေလေ၊ ကျုပ်တို့ ထပ်နစ်လေလေပဲ။

၎။ သယံဇာတနှင့် သဘာဝဝန်းကျင်
အခုဆို ဝန်ကြီးချုပ် စားပွဲပေါ် စာ နှစ်စောင်တော့ အနည်းဆုံး ပူပူနွေးနွေး ရောက်နေလောက်ပြီ ထင်တယ်။ ကံ ပေါက် သတ္တုတွင်းရယ်၊ လောင်းလုံး ကျောက်မီးသွေး စက်ရုံရယ်။
နောက်ထပ် လာဦးမှာပါ မပူပါနဲ့။
ကိုယ်တွေပဲ ညံ့လို့လားမသိ မြိတ် ကို ဝန်ကြီးချုပ် ခရီးလှည့်လည်တုန်းက အနံ့ဆိုး စက်ရုံအကြောင်း ပြောတာ မ ကြားမိဘူးလားလို့။ ဒီရေတော ဘာညာ တော့ ဖတ်လိုက်ရတယ်။ အဲဒီအနံ့ဆိုး စက်ရုံကြီးက အခုထိ အနံ့ဆိုးထုတ် တုန်းလား။ အဲဒါမျိုးဆိုရင် တစ်ချက်လွှတ် အမိန့်နဲ့လုပ်လိုက်လို့ မရဘူးလား။ (ကိုယ့်ဟာကိုယ် ပြန်မေးတာပါဗျာ)နောက်ပြီး တိုင်းရင်းသားလက် နက်ကိုင်တွေနဲ့ ဆက်စပ်တဲ့ စည်းမဲ့ကမ်းမဲ့ စီမံကိန်းတွေလည်း လာဦးမှာ။ ပြောတာ တောင် နောက်ကျသွားပြီထင်တယ်။ သတင်းသဲ့သဲ့ကြားလိုက်သလို တော့ ရှိသား။ ထားပါတော့။
ကိုယ်တွေ လက်ရှိ ပိုင်ဆိုင်ထားတဲ့ ဝန်းကျင်ကောင်း (ကောင်းမကောင်း တောင် သိပ်မသေချာတော့) ထပ် ပျက် သွားမှာစိုး၊ ရေသန့်သန့်လေသန့်သန့် လေး သားသမီးတွေဆီတော့ပေးခဲ့ချင် သား။ နိုင်ငံတော် အတွက် အခွန်ရမယ် ဆိုတဲ့ မက်လုံးရယ်၊ ပြည်ထောင်စု အစိုးရ က ဖိအားရယ်၊ စီးပွားရေး လုပ်ငန်းတွေ ဆီက ဖိအားရယ်၊ မလိုဘူး မလိုဘူး ဆိုတဲ့ ပြည်သူတွေဆီက တွန်းအားရယ်၊ အားကောင်းမောင်းသန် လက်သီးလက် မောင်းတန်းပြောမယ့် တက်ကြွလှုပ်ရှားသူ တွေဆီက ဖိအားရယ်။
ဒီတွန်းအားတွေအောက် အားလုံး ပျော်ကြလေသတည်းဆိုတဲ့ ဇာတ်လမ်းကို ဘယ်လိုရေးမလဲ စဉ်းစားမိတယ်။ အားလုံးပျော်ဖို့ မဖြစ်နိုင်ရင် ပြည်သူတွေတော့ ပျော်ပါစေဗျာ။ထားဝယ်အရှေ့တောက ချောင်းရေလေးတွေ ပြန်ကြည်ချင် တယ်ဗျာ။ မြိတ်မှာ အနံ့ဆိုးတွေ ပျောက်စေချင်တယ်ဗျာ။ ကော့သောင်း ရွှေပြည်သာမှာ  ယားကျိ ယားကျိဖြစ်နေတာလေးတွေ ပျောက်စေ ချင်တယ်ဗျာ။ ပင်လယ်ကမ်းဝေး သမားများရဲ့ နှိပ်စက်တဲ့ဒဏ်ကနေ ကင်းဝေး စေချင်တယ်ဗျာ။

၅။ ခရီးသွားလုပ်ငန်း  
အခု နှစ်ပိုင်းမှာ ဟုန်းခနဲ တက်လာတဲ့ စီးပွားရေးလုပ်ငန်းဖြစ်ပါ တယ်။ ကိုယ်တွေက ဒါမျိုးတွေ လုပ်ကိုင်စားသောက်နေကျ မဟုတ် တော့ ခရီးသွား လုပ်ငန်းဆိုတာကြီးကို သိသလောက်လေး ဝင်နွှဲကြသူ တွေလည်း အများကြီးပါ။
တကယ်တော့ ခရီးသွားလုပ်ငန်းဆိုတာ အတတ်ပညာတင်မက အနုပညာလည်း ပါပါတယ်။
လှပတဲ့ ပတ်ဝန်းကျင်၊ ကောင်းမွန်တဲ့ အစားအသောက်တွေရှိရုံ နဲ့ မပြီးပါဘူး။ လူကို ဝန်ဆောင်မှုပေးတတ်တဲ့ ဒေသခံတွေ၊ ကျွမ်းကျင် တဲ့သူတွေ လိုပါတယ်။
ဒါမှမဟုတ်ရင် တစ်ခါလာပြီး လန်သွားမှာပေါ့။
အမှိုက်ရှုပ်နေတဲ့ ကမ်းခြေ၊ နေစရာမရှိတဲ့၊ တည်းစရာ ကောင်း ကောင်းမရှိတဲ့ ကမ်းရိုးတန်း၊ ဘုရားဖူးတာ၊ ရေကူးတာအပြင် အခြား အပန်းဖြေစရာမရှိ၊ လက်ဆောင်ပစ္စည်းတွေကလည်း ငါးပိ ငါးခြောက် က လွဲရင် များများစားစား မက်လောက်စရာမရှိ . . .  အဲဒါတွေနဲ့ ဘယ်လို စခန်းသွားကြမှာပါလိမ့်။ အခု မြင်နေရာတွေကတော့ သိပ် စမတ် မကျလှဘူး။
နောက်ပြီး မူဝါဒ ချမှတ်သူတွေ သေချာသိရမှာက ဘယ်လို ခရီးသွား တွေကို ပစ်မှတ်ထားမလဲဆိုတာပါ။ ဗိလနညအကမန Tသကမငျာ လို့ခေါ်တဲ့ စွန့် စားလိုသူတွေကို ပစ်မှတ်ထားချင်တာလား။ ဥပမာ ရေငုပ်ချင်သူတွေ၊ တောတွင်း စက်ဘီးစီးချင်သူတွေ၊ ရေစီးသန် ချောင်း တွင်း လှေစီးသူတွေ စသည်ဖြင့်လား။
ဒါမှမဟုတ် သောက်စားမူးယစ် ပျော်ပါး ကောင်မလေးရှာ၊ သူငယ်ရှာလို သူတွေကို ပစ်မှတ်ထားချင်တာလား။ သဘာဝဝန်းကျင် ချစ်မြတ်နိုးတဲ့ တော တောင်လမ်းလျှောက်သူတွေ၊ ငှက်ကြည့် လိုသူတွေ စတဲ့သူတွေကို ပစ်မှတ်ထားချင် တာလား။
အစိုးရအနေနဲ့ အဲဒါကို ရှင်းရှင်းလင်းလင်း သိပြီးတဲ့နောက် ခရီးသွား လုပ်ငန်းကို ဒေသတွင်း စီးပွားဖြစ် လုပ်ငန်းတစ်ခု ဖြစ် လာအောင် တွန်းအား ပေးသင့်ပါတယ်။
ကဲ စကားကြောလည်းရှည်ပြီဆိုတော့ အခုထိ သည်းခံဖတ် ပေးသူများကို ကျေးဇူးတင်ပါတယ်။ ဒီအထုပ်ကြီး ငါးထုပ်ကိုရှင်း နိုင်တယ်ဆိုရင်ပဲ တိုင်းအစိုးရအဖွဲ့ရဲ့ ရီပို့ကတ်မှာ ဂုဏ်ထူးလေးတွေ မြင်ရလောက်ပါတယ်။

နောက်ထပ်တွေ့ပါဦးမယ်။

ဗမောင်း