အနံ့ဆိုးဈေး ပြန်ဆောက်ရန် မရေရာသေး

0
416

အနံ့မကောင်းသည့်ဈေးဟု တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် မှတ်ချက်ပြုခဲ့သည့် ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက် မင်္ဂလာဈေး ပြန်လည် ပြုပြင်ရန် သေချာသည့် အဖြေမရသေး ဟု ဈေးကော်မတီထံမှ သိရသည်။


တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာလဲ့လဲ့မော်သည် ပြီးခဲ့ သည့် အပတ်က ယင်းဈေးသို့ လာရောက် စစ်ဆေးစဉ်က အမြန်ဆုံးပြန်လည် တည် ဆောက်ရန် ညွှန်ကြားခဲ့သော်လည်း လက်ရှိအချိန်အထိတိကျသေချာသည့် ညွှန်ကြားချက်နှင့် ဆွေးနွေးချက်များ မရှိသေးဟု အထက်ပါ ကော်မတီမှ သိရ သည်။
ဝန်ကြီးချုပ်အား ရွှေဟင်္သာရပ် ကွက်၊ နိဗ္ဗာန်လမ်းရှိ ရေမြောင်းနှင့် မင်္ဂလာဈေးအား ပြန်လည်ပြုပြင်ပေးရန် တင်ပြခဲ့သည်ဟု မင်္ဂလာဈေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဦးမင်းအောင်မှ ပြောသည်။

awful_smell_market_kt
” လက်ရှိ ကျွန်တော်တို့ စည်ပင် သာယာအနေနဲ့ကတော့ အမှိုက်ပုံ အနံ့ ဆိုးတွေ ပျောက်သွားအောင် မြေကြီးတွေ အမြန်ဆုံးဖို့နေပါတယ်” ဟု ကော့သောင်း မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှု ဆောင်အရာရှိတစ်ဦးက ဆိုသည်။
ယင်းဈေးအား တည်ဆောက်ရန် ကန်ထရိုက်ယူထားသူရှိသည့်အတွက် အဆိုပါ ကန်ထရိုက်တာက ဆောက်လုပ် ရန် ဆက်သွယ်လာပါက ဆက်ဆောက် ခွင့်ပြုမည်ဖြစ်ပြီး မဆက်သွယ်လာပါက အခြား ကန်ထရိုက်တာအား လုပ်ခွင့် ပေးမည်ဟု အထက်ပါ အမှုဆောင် အရာ ရှိက ရှင်းပြသည်။
” ကျွန်တော်တို့အနေနဲ့ အားလုံး တန်းတူညီမျှအောင် လုပ်ပေးသွားဖို့ပဲ ရှိပါတယ်။ ဘယ်သူဆောက်ဆောက်ပါ ”  ဟု ကော့သောင်းမြို့နယ် စည်ပင်သာ ယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့် က ပြောသည်။
အဆိုပါဈေးနှင့် ဆက်စပ်ပြီး ဈေး အိမ်သာအနီးရှီ အိမ်တစ်ဆောင်နှင့် မြေပိုင်ဆိုင်မှု အငြင်းပွားနေသည့်အတွက် ယင်းကိစ္စအား ဥပဒေနှင့်အညီ ဆောင် ရွက်ရန်လည်း ဝန်ကြီးချုပ်က ညွန်ကြား ခဲ့ကြောင်း သိရသည်။ဈေးပြန်လည်တည်ဆောက်ရန် ယင်းသို့ မရေမရာဖြစ်နေသည့် အတွက် ယခင်ဈေးဆိုင်ခန်းပိုင်ရှင်များက စိုးရိမ် လျက်ရှိသည်။
ရွှေဟင်္သာရပ်ကွက် မင်္ဂလာဈေး အား ၁၉၉၁  ခုနှစ်က စတင်ဆောက် လုပ်ခဲ့တာဖြစ်ပြီး၊ အတွင်း ဆိုင်ခန်း ၁၂၉ ခန်းရှိကာ၂၀၀၄ ခုနှစ် ကတည်းက ပြန်လည်ပြုပြင်ဖို့ ဆောင်ရွက်နေသော် လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုချိန်ထိ ပြန်လည် မဆောက်လုပ်နိုင် သေးဟု ဈေးကော်မတီထံမှ သိရသည်။