မွန်တွင် ၄ လအတွင်း ယာဉ်တိုက် မှုကြောင့် သေဆုံးသူ တစ်ရာကျော်

0
515

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန်ထိ ပထမ ၄ လပတ်အတွင်း ယာဉ်မတော်တဆမှုနှင့် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၂၅ ဦးရှိခဲ့ကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (မွန်ပြည်နယ်)မှ သိရသည်။
ယာဉ်မတော်တဆမှုနှင့် ယာဉ် တိုက်မှု စုစုပေါင်း ၂၈၇ ခု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၁၀၀ ဦးနှင့် အမျိုးသမီး ၂၅ ဦး သေဆုံးခဲ့ကာ ၄၂၈ ဦးတို့က ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။


” မွန်ပြည်နယ်မှာဆို ယာဉ်မတော် တဆမှုဖြစ်များတဲ့ မြို့နယ်တွေက မုဒုံမြို့ ပေါင်၊ သထုံတွေပါပဲ  ” ဟု အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (မွန်) မှ ဒုရဲမှူး (ဦးစီး) ဌေးဆွေက ပြောသည်။
ယာဉ်မတော်တဆမှုတွင် ကား မတော်တဆမှု ၁၄၇ မှု၊ မော်တော်ဆိုင် ကယ်မှု ၁၄၀ မှုရှိခဲ့ကာ တရားစွဲဆို ခံထားရသူ ၃၁၆ ဦးရှိပြီး ယာဉ်မတော် တဆမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် သိန်း ၃၆၄ သိန်းကျော် ရှိသည်ဟု ယာဉ်မတော်တဆ ဖြစ်ပွားမှုစာရင်းတွင် ပါရှိသည်။
မွန်ပြည်နယ်တွင် ၂၀၁၅ ခုနှစ် အတွင်း ယာဉ်မတော်တဆမှု ၆၅၀ ခုခန့် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၆၆ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၁၀၂ ဦး ရှိခဲ့သည် ဟု အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (မွန်) ထံမှ သိရသည်။