မော်လမြိုင်၊ မေ ၁၇
မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွက် အခွန်ကြွေးကျန်သူအများစုသည် ဟိုတယ်လုပ်ငန်းရှင်များဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရထံမှ သိရသည်။
ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန် ပေးသွင်းရန် ကျန်သူ ထိပ်တန်း လုပ်ငန်းရှင် ၂၀ ဦးအနက် ဟိုတယ် လုပ်ငန်းရှင် ၆ ဦး၊ ပုဂ္ဂလိက ဆေးခန်း လုပ်ငန်းရှင် ၃ ဦး၊ ဓာတ်ဆီဆိုင်လုပ်ငန်းရှင် ၂ ဦး တို့အပါအ၀င် အခြားလုပ်ငန်းရှင်များ ပါဝင်ကြောင်း အထက်ပါ ၀န်ကြီး ဦးဝဏ္ဏကျော် ကပြောသည်။

“ဒီအကြွေးတွေကို ပြည်နယ်အခွန်ရုံးက သတိပေးမှုတွေ လုပ်ထားတယ်၊ ပြန်ရအောင်တော့ ပြန်တောင်းရမှာပေါ့၊ ကျွန်တော့် လက်ထက်က အခွန်ကြွေးတွေ မဟုတ်တော့ လုပ်ငန်းရှင်နာမည်တွေကိုတော့ မပြောတော့ပါဘူး”ဟု ၀န်ကြီးက ဆိုသည်။
အမြန်ဆုံး ပြန်ရအောင် ကြိုးပမ်းနေပြီး အချိန်ကာလ သတ်မှတ်မထားဟု ၎င်းက ပြောသည်။
ကြွေးကျန် ပမာဏမှာ လုပ်ငန်းရှင်တစ်ဦးလျှင် အများဆုံး ကျပ်သိန်း ၂၀၀ ကျော်မှ အနည်းဆုံး ကျပ်သိန်း ၁၀၀ ကျော်ရှိပြီး ကြွေးကျန်သူများစာရင်းတွင် မော်လမြိုင်မြို့မှအများဆုံးဖြစ်ကြောင်း ဦးဝဏ္ဏကျော်က ပြောသည်။
မွန်ပြည်နယ်အတွင်း ၂၀၁၅ ခုနှစ်ထိ ဟိုတယ် ၂၄ လုံးနှင့် တည်ခိုခန်း ၁၅ လုံးရှိသည်ဟု မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်းဌာနမှ သိရသည်။