စွန်ဋီကာ

0
1152

မိုးအကုန် ဆောင်းအကူး လေရူး တသုန်သုန် တိုက်ခတ်သော ပွင့်လင်း ရာသီ ရောက်တိုင်း ငယ်စဉ်က သဲသဲမဲမဲ ကစားခဲ့ဖူးသော ကစားနည်းလေး တစ်ခု ကို သတိရမိပါသည်။ အဆိုပါ ကစား နည်းကား စွန်လွှတ်ခြင်း ဖြစ်ပါသည်။ စွန်ကို ကျွန်တော်တို့ ဘိတ်သားများက ” ငှက်” ဟု ပြောဆိုသုံးနှုန်းကြပြီး စွန်လွှတ် ခြင်းကို ” ငှက်လွှတ်ခြင်း” ဟု သုံးနှုန်းကြ ပါသည်။

ဖြစ်တန်ရာ တစ်ခုမှာ ထက် အာကာ ကောင်းကင်ယံ၌ လေဟုန်စီးပြီး မြူးတူး ဆော့ကစားနေသော စက္ကူစွန် သည် သက်ရှိငှက်တစ်ကောင်နှင့် အလား သဏ္ဌာန်တူသောကြောင့် ဘိတ်သား များက ငှက်ဟု သုံးနှုန်း လေရော့သလား မသိ။သို့သော် ဘိတ်သားများနည်းတူ ထားဝယ် သားများလည်း စက္ကူစွန်ကို ငှက်ဟုပင် သုံးနှုန်းကြောင်း သိရပါသည်။
ယေဘုယျအားဖြင့် စွန်သမား တစ်ဦးအတွက် မရှိမဖြစ် လိုအပ်သော လက်နက် ကိရိယာများမှာ အချင်း ဆယ်လက်မခန့်ရှိသော ရစ်ဘီးတစ်လုံး (ဘိတ်အခေါ် ငှက်လှည်းဘီး)၊ စွန် တစ်ကောင်နှင့် မှန်စာတိုက်ထားသော အပ်ချည်ကြိုး တို့ဖြစ်ကြပါသည်။ ထို့ အပြင် စွန်လွှတ်ခြင်းကို အရူးအမူး စွဲ လန်းသော တကယ့် စွန်သမား စစ်စစ်များ အတွက် ဦးထုပ်တစ်လုံး(သို့)နေကာ မျက် မှန်တစ်လက် မဖြစ်မနေ ဆောင်ထားဖို့ လိုအပ်လှပေသည်။

kite_soenge
ရှေးဦးစွာ စွန်သမားတစ်ဦးအတွက် မရှိမဖြစ် လိုအပ်သော လက်နက် ကိရိယာ သုံးခုအနက် တစ်ခုအပါအဝင် ဖြစ်သော ရစ်ဘီးအကြောင်း ပြောပြချင်ပါသည်။ ရစ်ဘီးမှာ ရန်ကုန်မှ အရွယ်အစား အမျိုး မျိုးပြုလုပ် ရောင်းချသောကြောင့် စွန် သမားများအတွက် သိပ်ကရိကထ မများ လှသော လက်နက်ကိရိယာ တစ်ခုဟု ထင်မှတ်ပါက ထိုထင်မြင်ချက်သည် တစ်ဝက်သာ မှန်ကန်ပေလိမ့်မည်။

အကြောင်းမှာ ထိုရယ်ဒီမိတ် ရစ်ဘီးများမှာ ရောင်းထည်ပီပီ အနည်းငယ် လက်ရာ ကြမ်းတမ်းသောကြောင့် အပျော်တမ်း စွန်သမားများမှ လွှဲ၍ တကယ့်စွန်သမား စစ်စစ်များ ဝယ်ယူသုံးစွဲလေ့မရှိချေ။ တ ကယ့် စွန်သမား စစ်စစ်များမှာ ရစ်ဘီးကို မိမိစိတ်တိုင်းကျ အရွယ်အစား၊ မိမိစိတ် တိုင်းကျ အလေးချိန်ရရှိအောင် အပင်း ပန်းခံလုပ်လေ့ ရှိပါသည်။ စွန်သမား အများစုမှာ ရစ်ဘီးကို ပေါ့ပါးသော သုံးထပ်သားပြားဖြင့် ပြုလုပ်လေ့ရှိပြီး တချို့က ရစ်ဘီး မျက်နှာပြင် နှစ်ဖက် စလုံး၌ မိမိနှစ်သစ်ရာပန်းချီပုံများ ရေး ခြယ် ထားကြသလို တချို့ကရစ်ဘီး၏ ဝင်ရိုး အစွန်းနှစ်ဖက်၌ ဓာတ်ပုံ ချိတ်ဆွဲ သော သံကွင်းလေးများဖြင့် ရောင်စုံ ပန်းပွားလေးများကို ချိတ်ဆွဲတပ်ဆင် ထားလေ့ရှိပါသည်။ ထို့အပြင် တချို့ ကလည်း ရစ်ဘီး အတွင်း၌ ခလောက်လေး တစ်လုံး ထည့်သွင်းထားသောကြောင့် ရစ်ဘီးကို ရစ်လိုက်တိုင်း ခလောက်သံ မှန်မှန် ထွက်ပေါ်လာကာ နားဝင်ပီယံ ရှိလှလေသည်။ သို့သော် ထိုသို့ စိတ်ကူး ဥာဏ်ကွန့်မြူးပြီးရစ်ဘီးကို အလှဆင် ခြင်းမှာ အပေါ်ယံ သဘောမျှသာ ဖြစ်ပြီး တကယ့် အနှစ်သာရမှာ ရစ်ဘီးတစ်လုံး၏ အသုံးတည့်မှုပင် ဖြစ်ပါသည်။ ပုံမှန် အားဖြင့် ရစ်ဘီးတစ်လုံးသည် အချင်း ဆယ်လက်မခန့်နှင့် အကျယ် လေးလက် မခန့် အရွယ်အစားမှာ အနေတော် ဖြစ်ပါ သည်။

အကယ်၍ ယခုထက် ပိုကြီးပါက လက်ထဲ ရေရှည်ကိုင်ဆောင်ထားရ လေး လံသလို ယခုထက် အရွယ်အစား သေး ငယ်ပါက ကောင်းကင်ယံ စွန်တိုက်ပွဲ များ၌ မိမိစွန်က တပန်းရှုံးလေသည်။သို့သော် တချို့စွန်အိတ်စပတ်များက စွန်လွှတ်ခြင်း အတတ်ပညာ၌ မိမိသည် တစ်ဖက်ကမ်းခတ်ကြောင်း ပြသသည့် အနေနှင့် ရစ်ဘီးအကျယ်ကို သုံးလက်မ ခန့်သာ ထားရှိလေသည်။ထို့အပြင် တကယ့် စွန်သမား စစ်စစ် တစ်ယောက် သည် သူတစ်ပါး ရစ်ဘီးဖြင့် မည်သည့် အခါမှ စွန်လွှတ်လိမ့်မည်မဟုတ်ပေ။
ဆက်လက်ပြီး စွန်အကြောင်း ပြောပြပါရစေ။ စွန်နှစ်မျိုး နှစ်စား ရှိပါ သည်။ တစ်မျိုးမှာ တိုက်စွန်ဖြစ်ပြီး နောက် တစ်မျိုးမှာ အလှပြရုံ သက် သက်ဖြစ်သော” စူလားစွန်(ဘိတ်အခေါ် စူလားငှက်)”ဖြစ်ပါသည်။ တိုက်စွန်မှာ အရွယ်အစား အားဖြင့် စူလားထက် သုံးလေးဆခန့် သေးငယ်ပါသည်။ကျွန် တော်တို့ ငယ်ဘ၀ တစ်လျှောက် ဆီစိမ် စက္ကူတွင် ဒီဇိုင်း အမျိုးမျိုး ရေးဆွဲထား သော “ဒေါ်စီစီ ” တိုက်စွန်များကသာ ကောင်းကင်ယံ၌ နေရာယူ စိုးမိုးထားပြီး ထိုစဉ်က စွန်တစ် ကောင် ဈေးနှုန်းမှာ တစ်မတ်ဖြစ်ပါသည်။
အလှပြရုံ သက်သက်ဖြစ်သော စူလားစွန်မှာ အရွယ်အစား အားဖြင့် တိုက်စွန်ထက် သုံးလေးဆခန့် ပိုကြီး သလို မည်သူမှ တခုတ်တရ ရောင်းချခြင်း မရှိသောကြောင့် မိမိဘာသာ ပြုလုပ်ရ လေသည်။ ထိုကြောင့် စူလားစွန် တစ် ကောင်အတွက် လိုအပ်သော ဆီစိမ်စက္ကူ (သို့) သတင်းစာ စက္ကူကို မိမိ လိုချင် သော အရွယ်အစားရအောင် ဖြတ် တောက်စပ်ဟပ်ရသလိုတောင်ပံနှင့် ကျောရိုးအတွက် ဝါးခြမ်းပြားကို ဓား ထက်ထက် တစ်လက်ဖြင့် စိတ်ရှည် လက်ရှည်ပြုလုပ်ရပါသည်။တကယ်တော့ စူလားစွန်မှာ မြန်မာ နှစ်သစ်ကူးတွင် မြို့လှည့်ဖျော်ဖြေသော အလှပြယာဉ်နှင့် သဘောချင်းအတူတူပင် ဖြစ်ပါသည်။အလှပြယာဉ်ကို မည်သူကမှ ရေမလောင်း သလို ကောင်းကင်ယံ၌ ဣနြေ္ဒသိက္ခာ တစ်ခွဲသားနှင့် ထည်ထည်ဝါဝါ ရှိနေ သော စူလားစွန်တစ်ကောင်ကို ကျင့် ဝတ်သိက္ခာ လိုက်နာစောင့်ထိန်း လေ့ရှိ သော မည်သည့် တိုက်စွန်သမားကမှ ရန်ရှာလေ့ မရှိ။ သို့သော် ပိုသေချာအောင် စူလားစွန် ပိုင်ရှင်ကလည်း အလှပြ စွန် တစ်ကောင်မှန်း အဝေးကြီးမှ မြင်နိုင်စေ ရန်စွန်၏ တောင်ပံစွန်း နှစ်ဖက်၌ စက္ကူအမြီးတန်း ခပ်ရှည်ရှည် နှစ်ခုကို ကော်ဖြင့်ကပ်ပြ ထားရပါသည်။

အဆိုပါ စူလားစွန် တစ်ကောင်မှာ တိုက်စွန်တစ် ကောင်ထက် သုံးလေးဆခန့် ပိုကြီးသော ကြောင့် ချည်ကြိုးထက် ပိုမိုခိုင်ခန့်သော နိုင်လွန်ကြိုးဖြင့် လွှတ်တင်ရပါသည်။အကယ်၍များ တိုက်စွန်သမား တစ်ဦးဦး က စူလားစွန် တစ်ကောင်ကို မတော်တဆ ဖြစ်စေ၊ တမင်တကာဖြစ်စေ ဖြတ်ချမိ ပါက ထိုတိုက်စွန်သမား၏ ဂုဏ်သိက္ခာ မှာ စွန်လောကတွင် ပြန်အဖတ်ဆည်၍ မရတော့ပေ။
ဆက်လက်ပြီး မှန်စာတိုက်ထား သော အပ်ချည်အကြောင်း ပြောပြချင် ပါသည်။ မှန်စာဆိုသည်မှာ မီးသီး၊ မီးချောင်း၊ မှန်ကွဲစ၊ ပုလင်းကွဲ တစ်ခုခုကို ကျေညက်အောင် ထောင်းပြီး ပိတ်စပါး ပါးဖြင့် ဆန်ခါချထားသော မှန်အမှုန့် လေးများကို ဆိုလိုပါသည်။ အဆိုပါ မှန် အမှုန့်လေးများမှာ နုညက်လေ အစွမ်း ထက်လေမို့ တချို့သော စွန်သမားများက နှစ်ခါပြန်၊ သုံးခါပြန် ဆန်ခါချလေ့ရှိ ပါသည်။ ထိုသို့ ဆန်ခါချထားသော မှန် စာမှုန့်ကို မုန့်ညက် တစ်မျိုးမျိုးဖြင့် ကြို ချက်ထားသော ကော်အတွင်း ရောထည့် ကာ သမအောင် မွှေပြီးလက်နှီးစုတ် တစ် ခုထဲ ထည့်ကာ အပ်ချည်ကြိုးကို ခပ် နာနာဖိ၍ ပွတ်ဆွဲခြင်းကို မှန်စာတိုက် ခြင်းဟု ခေါ်ပါသည်။ တချို့က အပ်ချည် ကြိုး၌ မှန်စာပို၍ စွဲအောင် ကျွဲကော်ကို ထည့်သွင်း ကြိုချက်ကြပါသည်။အထူး သတိပြုရမည့် အချက်တစ်ချက်မှာ မှန်စာ သည် နိုင်လွန်အနည်းငယ် ပါဝင်သော ကြက်ခေါင်းတံဆိပ် (ဒေသအခေါ်အဝေါ်)အပ်ချည်၌ မစွဲဘဲ ချည်သား စစ်စစ် ဖြစ်သော ဘီးပျံ အပ်ချည်၌ သာ စွဲမြဲပါ သည်။ထို့အပြင် စွန်သမား စစ်စစ် တို့သည် မိမိတို့ အပ်ချည်ကို မှန်စာ မတိုက်မီ တစ်ညကြိုတင်၍ ရေစိမ်ထား လေ့ရှိပါသည်။

 

ထိုသို့ ရေစိမ်ထား သော ကြောင့် အပ်ချည်မှာ ပွလာပြီး မှန်စာကို ခပ်များများ စုပ်ယူလက်ခံ နိုင်သော ကြောင့် ဖြစ်ပါသည်။ ထို့အပြင် ” ဆွဲမှန် စာ ” နှင့် “လျှော့မှန်စာ”ဟူ၍ နှစ်မျိုးနှစ်စား ရှိပါသေးသည်။ဆွဲမှန်စာ ဆိုသည်မှာ ကောင်းကင်ယံ စွန်တိုက် ပွဲများ၌ တစ်ဖက်စွန်ကို အပေါ်စီးရယူပြီး အတင်း ဆွဲဖြတ်ရသော မှန်စာ ဖြစ်ပြီး မှန်စာ တိုက်ထားသော အပ်ချည်ကြိုးကို ရစ်ဘီး အတွင်းသို့ ကြိုးစမှ ပြောင်းပြန် ပြန်ရစ် သွင်းခြင်းကို ဆိုလိုပါသည်။ လျှော့မှန်စာ ဆိုသည်မှာ တစ်ဖက်စွန်နှင့် ကြိုးချင်း ငြိနေပါက ရစ်ဘီးကို အလိုက်သင့် လျှော့ ပေးပြီး ဖြတ်ရသော မှန်စာဖြစ်ပြီး မှန်စာ တိုက်ထားသော အပ်ချည် ကြိုးကို ရစ်ဘီးအတွင်းသို့ ကြိုးစအဆုံးမှ အလိုက်သင့်ပြန်ရစ် သွင်းခြင်းကို ဆိုလိုပါသည်။ အဆိုပါ ဆွဲမှန်စာနှင့် လျှော့မှန် စာတို့၏ ကွာခြားချက်ကို မည်သည့် စွန်သမားကမှ သုတေသန ပြုလုပ်ထားခြင်း မရှိပေမယ့် တိုက်စွန် သမားမှန်ပါက အဆိုပါ နည်းနာနိဿယကို ယုံယုံကြည်ကြည် လက်ခံ ကျင့်သုံးကြလေသည်။
ယခုလို စွန်သမားတစ်ဦးအတွက် အဓိကလိုအပ်ချက်များ ဖြစ်ကြ သော ရစ်ဘီး၊ စွန်နှင့် မှန်စာတိုက်ထားသော အပ်ချည်ကြိုးတို့ ပြည့်စုံ သောအခါ မိမိစွန်ကို ကောင်းကင်ထက် လွှတ်တင်ပြီး တခြားစွန်များနှင့် စီးချင်းထိုးဖို့သာ ကျန်ပါတော့သည်။ ထိုသို့ ဝေဟင်တွင် စွန်ချင်း စီးချင်းထိုးကြရာဝယ် စွန်သမားတစ်ဦး၏ ကျွမ်းကျင်လိမ္မာမှုက ပွဲတစ်ပွဲ ၏ အနိုင်အရှုံးကို အဆုံးအဖြတ် ပေးပါသည်။ ဝါရင့်စွန်သမား တစ်ဦးသည် မစူးစမ်းမလေ့လာဘဲ တစ်ဖက်စွန်ကို မည်သည့်အခါမှ ကမူးရှုးထိုးတိုက်စစ် မဆင်တတ်ပေ။ ဦးစွာမဆွ တစ်ဖက်စွန်နှင့် မိမိစွန်၏ အနေအထားနှင့် အကွာ အဝေးကို ခန့်မှန်တွက်ချက်ပေလိမ့်မည်။ထိုနောက် တစ်ဖက်စွန်သမားမှာ ကျွမ်းကျင်လိမ္မာမှု မည်မျှရှိကြောင်း ခန့်မှန်းသည့် အနေနှင့် တစ်ဖက်စွန်ကို မိမိစွန်က ယခုပင် တိုက်ခိုက် တော့ မယောင်ယောင်နှင့် သွားရောက် ခြိမ်းခြောက်ပေလိမ့်မည်။ ထိုအခါ တစ်ဖက်စွန်သမား၏ အဝေ့အဝိုက်နှင့် အရှောင်အတိမ်းကို ကြည့်ပြီး အပျော်တမ်းသမားလား ဒါမှ မဟုတ် ဝါရင့်စွန်သမား တစ်ဦးလားဟု ခွဲခြားသိရှိနိုင်သလို တစ်ဖက်စွန်ကို ဆွဲဖြတ်ရမလား ဒါမှမဟုတ် အလိုက်သင့် လျှော့ပြီး ဖြတ်ရမလားဟု တဒင်္ဂအတွင်း ဆုံးဖြတ်ချက်ချ ပေလိမ့်မည်။ စွန်သမားအများစုမှာ စွန်ချင်းစီးချင်း ထိုးရာ၌ မိမိစွန်ကို အပေါ်စီးရအောင် အားထုတ်လေ့ ရှိပါသည်။အကြောင်းမှာ မတော်တဆ အခက်အခဲအကြပ်အတည်း တစ်ခုခုနှင့် ရင်ဆိုင်ရပါက သတ်ကွင်းမှ အလွယ်တကူ ရုန်းထွက်နိုင်သောကြောင့် ဖြစ်ပါသည်။
ထို့အပြင် စွန်တစ်ကောင်၏ ဟန်ချက်ညီမှုကလည်း စွန်ချင်း စီးချင်း ထိုးပွဲတစ်ပွဲ၏ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်ပါသည်။အကယ်၍ စွန်တစ်ကောင်သည် ဘယ်(သို့)ညာ တစ်ခြမ်း မသိမသာ လေးနေပါက မည်သို့ပင် ကျွမ်းကျင်သော ဝါရင့် သမ္ဘာရင့် စွန်သမား တစ်ဦးဖြစ်ပါစေ မိမိစွန်ကို လို သလို ပဲ့ကိုင်ထိန်းကြောင်းခြင်း မပြုနိုင် သောကြောင့် တစ်ပန်းရှုံးလေသည်။ထို ကြောင့် ဝါရင့်စွန်သမားများသည် မိမိ လိုသလို ပဲ့ကိုင် ထိန်းကြောင်းနိုင်သော စွန်ကိုသာ ဝေဟင်ထဲ လွှတ်တင်ပြီး စီးချင်းထိုးလေ့ရှိပါသည်။
တကယ်တော့ ကောင်းကင်ယံ စွန်တိုက်ပွဲမှာ စစ်ပွဲတစ်ပွဲကို ဆင်နွှဲ နေရတာနှင့် အလားသဏ္ဌာန်တူပြီး ပျော်စရာကောင်းသလို ရင်ခုန်စရာလည်း ကောင်းလှပေသည်။ စွန်သမား တစ်ယောက် အတွက် ပီတိသောမနဿ အထွတ်အထိတ် ရောက်ရှိသော အချိန်မှာ မိမိ စွန်ကြောင့် တစ်ဖက်စွန် အသက်နှင့်ခန္ဓာ အိုးစားကွဲပြီး လေထဲ ကော့လန်ကော့လန်နှင့် လွင့်မျောပါသွားသော အခိုက်အတန့်ပင် ဖြစ်ပါလိမ့်မည်။ ထိုအခိုက် အတန့်၌ မိမိကိုယ်မိမိ စစ်သူကြီး မဟာ အလက်ဇန်းဒါး၊ နပိုလီယံ၊ ဂျင်ဂစ်ခန်တို့နှင့် တန်းတူဟု ထင်မှတ်လေ့ ရှိပါ သည်။ သို့သော် တစ်ခါတရံ ကံမကောင်း အကြောင်းမလှသော နေ့တချို့မှာ စွန် တိုက်ပွဲတိုင်း၌ မိမိစွန်ချည်း အရေးနိမ့်ကာ ရစ်ဘီးကို ရင်ဝယ်ပိုက်ပြီး ခေါင်းငိုက် စိုက်နှင့် နွမ်းလျအိမ်အပြန်နေ့ရက် လေး တွေလည်း ရှိတတ်ပါသည်။ ထိုနေ့မျိုး၌ အိမ်အပြန် လမ်းတစ်လျှောက် မိမိကျူးလွန်ခဲ့မိသော အမှားများကို အနုလုံပဋိလုံ ပြန်လည် စိစစ် သုံးသပ်ရင်း နောက်နေ့မှာ ပြန်အနိုင်ယူဖို့ မသိမသာ အားမွေးနေ တတ်ပါသည်။နွားသိုးမှန်ရင် ချိုချက်နှင့် မကင်းတတ်ကြဘူး မဟုတ် ပါလား။
ဒီဘက် ဆယ်စုနှစ်မှာ ပွင့်လင်းရာသီ ရောက်တိုင်း ကောင်းကင်သို့ သတိတရ မော့ကြည့်မိသည်။ကျွန်တော်တို့ ငယ်စဉ်ကလို ရောင်စုံ စက္ကူစွန်လေးများကို မတွေ့ရတော့ပါ။ ဒီဘက်ခေတ် လူငယ်လေး များမှာ ကရိကထ များလှသော စွန်လွှတ်ခြင်းထက် ဖန် သားပြင်ထက်က ဂိမ်းများကို ပိုခံတွင်းတွေ့ပုံရသည်။သို့သော် အမြင်မတော် ဆင်တော် နှင့် ခလောက်ဟု ဆိုချင်ဆို၊ ယခုနေ စွန်ချင်းစီးချင်းထိုးပွဲလေး တစ်ခု နှင့်ကြုံပါက ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှသော ကောင်းကင်ယံ တိုက်ပွဲကိုပါဝင် ဆင်နွှဲလိုက် ချင်ပါသေးသည်။