ရက် ၁၀၀ အတွက် ပုံပြင် ၂ ပုဒ်

0
474

ခုတလော လူထုစိတ်ဝင်စားဆုံးက အစိုးရသစ်ရဲ့ စွမ်းဆောင်ချက်တွေ ဖြစ် တယ်။
နေ့နေ့ညည အံ့မခန်းဖွယ်တစ်ခုခု လုပ်ပြတော့မယ်လို့ စိတ်စောနေ ကြ တယ်..။ ဘောလုံးစကားနဲ့ပြောရင် ပရိ သတ်က ဂိုးဆာလွန်းနေတယ်..။


ပြည်နယ်နဲ့ တိုင်းတွေဆိုလည်း မှာလည်း ဘယ်တိုင်း ဘယ်ပြည်နယ်က ဘယ်ဝန်ကြီးချုပ်ကတော့ဖြင့် ဘာတော့ လုပ်ပြီးသွားပြီ..၊ ဘာတွေကို ဆောင်ရွက် တော့မယ်..၊ ဘယ်တိုင်းက ဝန်ကြီးချုပ်က ဘယ်လို ထက်မြက်တယ်..၊ ဘယ်လို သွက်လက်ဖြတ်လတ်တယ်ဆိုတာတွေ ဝင့်ဝင့်ကြွားကြွား အပြိုင်အဆိုင် သတင်း ဖလှယ်နေကြတာ တွေ့ရတော့ ငယ်ငယ် က ကြားဖူးခဲ့တဲ့ ပုံပြင်တစ်ပုဒ်ကို ပြေးသတိရ မိပါတယ်..။

story_for_100days
ပုံပြင်တို့ ထုံးစံအတိုင်း ဟိုး.. ရှေး ရှေးတုန်းကပေါ့..။
ရွာတစ်ရွာမှာ ဘုန်းကြီးကျောင်း ၂ ကျောင်း ရှိတယ်..။ ၂ ကျောင်းစလုံးက ရွာထိပ်မှာဆိုတော့ ဆွမ်းခံလမ်းက အသွားရော အပြန်ပါတူတယ်..။

၂ ကျောင်းစလုံးမှာ ဘုန်းကြီး ၁ ပါးနဲ့ ကျောင်းသား ၁ ယောက်စီပဲရှိတယ်။ ဒီ တော့ အပြိုင်အဆိုင်နည်းပြီး သင့်မြတ်ကြ လို့ ဆွမ်းခံထွက်ရင် အတူတူ ထွက်ကြ တယ်။ တစ်ကျောင်း နောက်ကျ တစ် ကျောင်းက စောင့်ပေါ့..။
တစ်နေ့တော့ ကျောင်းသား နှစ် ယောက်( ငချွန်နဲ့ ငမ ဆိုပါတော့) အတူ ဆော့လိုက်တာ ဆွမ်းခံထွက်ခါနီးမှ နား တယ်။ ဆွမ်းခံစထွက်တော့ ဗိုက်က ဆာနေပြီ..။

ဘုန်းကြီးသပိတ်ထဲမှာလည်း ဆွမ်းနဲ့ဟင်းက လုံလောက်နေပြီ..။ ဆာ လွန်းလို့ ကျောင်းအမြန် ပြန်ရောက်ချင် နေပြီ။ ဒီမှာ ရွှေဥာဏ်တော်စူးတဲ့ မောင် ကျောင်းသားနှစ်ယောက်က မျက်နှာရိပ် မျက်နှာကဲနဲ့ တိုင်ပင်ပြီး ငချွန်က စ လိုက်တယ်။

“ဟေ့ကောင် ငမ..၊ ငါ့ဆရာတော်က နင့်ဆရာတော်ထက် ပိုသန်တော့ ခြေလှမ်း ပိုမြန်သကွ..၊ နင့်ဆရာတော် နှေးလို့ ဖြေးဖြေး လျှောက်ပေးနေရတာ..”  ဆိုပြီး ဘုန်းကြီး ၂ ပါးလုံး ကြား လောက်တဲ့ လေသံလေးနဲ့ ပြောတယ်..။

ငမရဲ့ဘုန်းကြီးက ငချွန်တို့ဘက် မျက်စောင်းလေးတစ်ချက် ခဲပြီး ခြေလှမ်း အရှိန် မသိမသာလေး တင်လိုက်တယ်။ ငမ ကလည်း မခေသူလေ..။

” မင်း ထင်လို့ပါငချွန်ရာ..၊ တွေ့ လား ကျော်တက်သွားပြီ..၊ နင့်ဆရာ တော်ခြေလှမ်းလောက်က ငါ့ဆရာတော် ပျင်းသကွ..”

ငချွန်ရဲ့ဘုန်းကြီးကလည်း ပြန် ကျော်ဖို့ ကြိုးစားတယ်။ ဟိုဘက်ကလည်း အကျော်မခံဘူး..။ ဒီလိုနဲ့ အပြေးတပိုင်း ဖြစ်လာတယ်..။

” နင့်ဆရာတော် မမှီနိုင်တော့ပါဘူး ကွာ.. ဟဲ.. ဟဲ..”  လို့ ငမ ထပ်ကလိလိုက် ချိန်မှာတော့ ဆွမ်းခံအိမ်က ကုန်လုလု..။
ကျောင်းရောက်ခါနီးလေ ပြိုင်ပြေး လေ..၊ နီးလေ.. ပြေးလေ..။ ဆွမ်းလောင်း သူတို့ခမျာ ပါးစပ်ဟောင်းပြီး ဘုရားတ ကြည့်ကျန်ခဲ့ကြ..။

ကျောင်းကိုယ်စီပြန်ရောက်တော့ ဘုန်းကြီးတွေ သပိတ်ထဲက ဆွမ်းမက သပိတ်အဖုံးပါ ကျကျန်ခဲ့..။ ဆွမ်းဟင်း ဂျိုင့်တွေဆွဲ ကျောင်းသားတွေလည်း မှောက်သူမှောက် လဲသူလဲ..။
အဖြေက ဘုန်းကြီးရော ကျောင်း သားပါ ငတ်သွားရုံမက တစ်ရွာလုံးရှေ့ မှာ အရှက်ရ..။

ခုလည်း အဲလို ဖြစ်မှာ စိုးတယ်..။တချို့ကိစ္စတွေမှာ နောက်လိုက် ကောင်း မပီသဘဲ ငချွန်နဲ့ ငမ အချွန်နဲ့ မသလို ဖြစ်လာမှာကို စိုးတယ်..။ တချို့ လောဆော်မှုတွေက ဦးဆောင်တွေကို စိတ်ထွေးစေနိုင်ပါတယ်..။

တနင်္သာရီတိုင်းမှာလည်း ခုတစ်လော ရက် ၁၀၀ စီမံကိန်း ဆိုတဲ့အသံ လှိုင်လှိုင် ကြားနေရတယ်..။ တို့လူတွေ ရက် ၁၀၀ အတွင်းဘာတွေကိုဘယ်လို အကောင် အထည်ဖော်မယ်ဆိုတဲ့ အသံတွေက ပြည်သူ့ကြားမှာ အတော် ရေပန်းစားနေ တယ်..။

ဒီကြားထဲ ပြည်သူ့ရဲတွေပါ ရက် ၁၀၀ စီမံကိန်းဆိုပြီး ခါတော်မီ အလုပ် ရှုပ်ပြနေကြလို့ ငယ်ငယ်က ဖတ်ဖူးတဲ့ ရုပ်ပြပုံပြင်လေးတိုလေးနဲ့ ပြောပြ ဥပမာ ပေးချင်တယ်။

သူဌေးကြီးမှာ အရွယ်ရောက်လာတဲ့ သားနှစ်ယောက်ရှိတယ်..။ သင့်တော်သူ တစ်ယောက်ကို လုပ်ငန်းတွေ စီမံခန့်ခွဲခွင့် လွှဲပေးဖို့ တစ်နေ့မှာ အရည်အချင်းစစ် တယ်။အမှိုက်သရိုက် အနည်းအငယ်က လွဲပြီး အသုံးကျတာ ဘာမှမရှိတဲ့ ရွယ်တူ ဂိုဒေါင်ကြီးတစ်လုံးစီကို ပေးတယ်။ အရင်းအနှီးက အဿပြာ ၁ ရွေး (ယခု ခေတ်ငွေ ကျပ် ၁၀၀ ခန့်) ထုတ်ပေးတယ်။

” ဘယ်အရာဖြစ်ဖြစ် ဂိုဒေါင်ထဲ ဒီနေ့ နေမဝင်ခင် အပြည့်ဖြည့်ရမယ်”  လို့ သူဌေးကြီးက ညွှန်ကြားပြီး ပြန်သွား တယ်။

သားကြီးက ချက်ချင်းလှုပ်ရှား တယ်..။ အသပြာ ၁ ရွေးနဲ့ ဈေးကို ပြေးတယ်..။ ၁ ရွေးဖိုးက ဖွဲ တစ်အိပ် တောင် မရဘူး..။ ဈေးဘေးမှာ အမှိုက်ပုံ တွေ့တော့ အကြံပေါ်တယ်..။ တောင်း စုတ်ကြီး တစ်လုံး ဝယ်တယ်။ အမှိုက် တွေကို တစ်ခေါက်ပြီးတစ်ခေါက် ပြေး ပြေးလွှားလွှားသယ်ပြီး ဂိုဒေါင်ထဲကို ဖြည့်တယ်..။

သားငယ်က  ၁ ရွေးကို ကိုင်ပြီး ထိုင်စဉ်းစားတယ်..။ သူ ဘာဝယ်ဖြည့် နိုင်လဲ..၊ ဂိုဒေါင်ကို ကြည့်တယ်ပြီး စူးစူး နစ်နစ် စဉ်းစားတယ်..။ အချိန် အနည်း ငယ် အကြာမှာ လေကလေးချွန်ပြီး ထ လိုက်တယ်..။ ကုန်စုံဆိုင်သွားပြီး ဖ ယောင်းတိုင် တစ်တိုင် ဝယ်လိုက်တယ်..။ တံမြက်စည်းအဟောင်းလေးတစ်ခုနဲ့ ဂိုဒေါင်ထဲ ဝင်သွားတယ်..။

သားကြီးက ချွေးတရွှဲရွှဲနဲ့ ဂိုဒေါင်ထဲ အမှိုက်တွေ သွင်းနေချိန်မှာ သားငယ်က လေကလေးချွန်ပြီး သူ့ဂိုဒေါင်ထဲက အမှိုက်တွေကို တံမြက်စည်းနဲ့ ရှင်း ထုတ်နေတယ်..။

အချိန်ပြည့်လို့ သူဌေးကြီး ပြန်လာ တော့ သားကြီးက ခြေကုန်လက်ပန်း ကျပြီး ဂိုဒေါင်ကို မှီထိုင်နေတယ်..။ အမှိုက်က ဂိုဒေါင် တစ်ဝက်တောင် မရ လိုက်ဘူး..။

သားငယ်က သူဂိုဒေါင်ထဲမှာ အေး အေးလူလူထိုင်နေတယ်။ ဂိုဒေါင်တစ် ခုလုံးတော့ ရှင်းသန့်ထားတယ်..။ သူ့ အဖေကိုမြင်တော့ ဖယောင်းတိုင်ကို မီးညှိပြီး ဂိုဒေါင်အလယ်မှာ စိုက်ထူ လိုက်တယ်။

အလင်းရောင်တွေက ဂိုဒါင်အပြင် ဘက်ထိ ပြည့်လျှံထွက်သွားတယ်..။

ပုံပြင်က ဒါပါပဲ..။ ဒီတစ်ရက်တာ စီမံကြံဆနိုင်စွမ်းကို ကြည့်ရုံနဲ့ နောက် ပိုင်းကို ဆဝါးနိုင်ပြီလေ..။

အစိုးရသစ်အတွက် ရက် ၁၀၀ ဆို တာလည်း ၅ နှစ်တာ ဖြတ်သန်းဖို့ အရည်အချင်း ပြည့်မပြည့် မှတ်ကျောက် တင်ကြည့်ရုံပါ။ ရှိတဲ့ အရင်းအနှီးလေး၊ ရတဲ့အချိန်လေးအတွင်းမှာ ရည်ရွယ်ရာကို အကောင်အထည် ဖော်ပြနိုင်တဲ့ အရည် အချင်း ရှိမရှိ ဆန်းစစ်ရုံပါ..။

မူဝါဒလွဲရင် ပုံပြင်ထဲကလို အမှိုက် ရှင်းရမယ့်အစား အမှိုက်တွေ ပြန်သယ် လာသလို ဖြစ်တတ်ပါတယ်..။
လေနဲ့ ဝမ်း ကွဲပြားအောင် စဉ်းစား ပါ။ ထပ်ကာ ထပ်ကာ စဉ်းစားပါ..။