ကန့်ကွက်ခံ မော်လမြိုင် ဘိလပ်မြေစက်ရုံကိစ္စ လွှတ်တော် စတင်စိစစ်

0
433

ပြည်သူများကို တင်ပြခြင်းမရှိဘဲ ကျောက်မီးသွေးလောင်စာ အသုံးပြုရန် ပြင်ဆင်နေသည်ဟုဆိုကာ ကန့်ကွက် ခံထားရသော မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်အတွင်းရှိ မော်လမြိုင်ဘိလပ်မြေ စက်ရုံ Waste Heat Generator (MCL)   ကို မွန်ပြည်နယ်လွှတ်တော်က မေလ ၆ ရက်က  စတင်စိစစ်လျက်ရှိသည်။


မော်လမြိုင် ဘိလပ်မြေစက်ရုံသည် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား သုံးစွဲပြီး လည်ပတ်ရန် စီစဉ်လျက်ရှိပြီး အဆိုပါအစီအစဉ်ကို ရပ်တန့်ပေးရန် ဒေသခံ ၃၇၈၀ တို့က လက်မှတ်ထိုးပြီး ဧပြီလ ၂၅ ရက်နေ့က မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် မွန်ပြည်နယ်လွှတ်တော် ထံ တင်ပြထားသည်။
” ဒေသခံတွေ ကန့်ကွက်စာ ပေးပို့ လို့ ကုမ္ပဏီက လူတွေကို စစ်ဆေးတယ်။ စက်ရုံက ကျောက်မီးသွေးသုံးဖို့ ဒေသခံ တွေကိုချပြထားတယ် မရှိဘူး။ ဒေသခံ တွေက ဘိလပ်မြေစက်ရုံပဲဆိုရင်တော့ လက်ခံတယ်။ ကျောက်မီးသွေး မပါရင် ပေါ့။ ကျောက်မီးသွေးသုံးခြင်းကိစ္စက ပြည်ထောင်စုအဆင့် လုပ်ပိုင်ခွင့်ပဲ ဖြစ်ဖြစ် ပြည်နယ်အဆင့် လုပ်ပိုင်ခွင့်ပဲ ဖြစ်ဖြစ် ဒေသခံတွေက ကန့်ကွက်ရင် တော့ လွှတ်တော်က စစ်ဆေး ပေးရမှာပဲ”  ဟု မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြော သည်။
စိစစ်ပြီးနောက်ပိုင်း အကယ်၍ လွှတ်တော်က ကျောက်မီးသွေးသုံးစွဲရန် မသင့်ဟု ဆုံးဖြတ်ခဲ့ပါက စက်ရုံ ဆက်လက်လည်ပတ်ရန် မည်ကဲ့သို့သော စွမ်းအင်ကို အသုံးပြုရမည်ကို ကုမ္ပဏီနှင့် အစိုးရ တာဝန်ရှိသူတို့က အဖြေရှာရမည် ဟုလည်း ၎င်းက ဆက်ပြောသည်။
ကျောက်မီးသွေး အသုံးပြုမည့်ကိစ္စ ဒေသခံများ ကန့်ကွက်နေသည်ကို ကုမ္ပဏီအနေနှင့် သိရှိခြင်းမရှိဘဲ ပြည် ထောင်စု အစိုးရနှင့် စာချုပ်ချုပ်ဆို စဉ်ကတည်းကကျောက်မီးသွေး အသုံး ပြုမည်ဟုသော အချက်ပါဝင်ကြောင်း မော်လမြိုင်ဘိလပ်မြေစက်ရုံမှ အလုပ် သမားဘက်ဆိုင်ရာ မန်နေဂျာ ထဝမ်မ ဖုန်ဖင်က ပြောသည်။
” ကျွန်တော်တို့ သုံးမယ့် ကျောက်မီး သွေးက အန္တရာယ် မရှိပါဘူး” ဟု ၎င်းက ဆိုသည်။
ကျောက်မီးသွေးနှင့် ပတ်သက်ပြီး အန္တရာယ်မရှိကြောင်းကို ဒေသခံများ ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် ထိုင်း နိုင်ငံရှိ ကျောက်မီးသွေး အသုံးပြုနေ သည့်စက်ရုံများသို့ လေ့လာရေးခရီးစဉ် အဖြစ်  စီစဉ်ပေးသွားမည် ဖြစ်ကြောင်း သူက ပြောကြားသည်။
ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ် အားဖြင့် လည်ပတ်မည့်မော်လမြိုင် ဘိလပ်မြေစက်ရုံသည် အမေရိကန် ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှပ်နှံထားပြီး ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းခန့်တွင် စတင် လည်ပတ်သွားမည်ဟု စက်ရုံစီမံကိန်း အစီရင်ခံစာအရ သိရသည်။
ဘိလပ်မြေစက်ရုံအတွက် လျှပ်စစ် ဓာတ်အား ၄၉ မဂ္ဂါဝပ် လိုအပ်ပြီး ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်း များမှ ၄၀ မဂ္ဂါဝပ်ကိုလည်းကောင်း၊ စက်ရုံမှ စွန့်ပစ်သော လေပူ  Waste Heat Generator  မှ ၉ မဂ္ဂါဝပ်ကို လည်းကောင်း ထုတ်ယူသုံးစွဲသွားမည်ဟု စီမံကိန်း အစီရင်ခံစာတွင် ပါရှိသည်။