ထားဝယ်မြို့လယ် သေနတ်အပြန်အလှန်ပစ်ခတ်၊ ရဲတပ်သားတစ်ဦးသေဆုံး

0
496

ထားဝယ်မြို့လယ် ဆေးရုံလမ်းတွင် မူးယစ်ဆေးဝါးဖမ်းဆီးရာမှ အပြန်အလှန် သေနတ် ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲတပ်သားတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့သည်။

13246117_1011754608873815_1231816520_n
ရဲတပ်သား သေနတ်ထိပြီးလဲကျသွားရာ နေရာ သွေးကွက်များကို သဲဖြင့်ဖုံးထားစဉ်။ ဓာတ်ပုံ – Dawei Watch

ထားဝယ်မြို့ရှိ နာမည်ကျော် ဥတ္တံတားကြီးလမ်းဆုံး နှင့် အုန်းတောလမ်းဆုံ အကြား ဆေးရုံလမ်းပေါ်ရှိ နေအိမ်တစ်ခုတွင် ရဲတပ်ဖွဲ့ဝင်သုံးဦးဖြင့် တရားခံကို ၀င်ဖမ်းခြင်းဖြစ်ပြီး တရားခံဟု ယူဆရသူက သေနတ်ဖြင့် ဆက်တိုက် ပြန်ပစ်ကာ လမ်းမပေါ် ထွက်ပြေးသဖြင့် ရဲတပ်သားမှာ အခင်းဖြစ်ပွားရာနေရာတွင် ဒဏ်ရာရရှိခဲ့သည်။

“နောက်က လိုက်ဖမ်းတဲ့ ရဲကို လှည့်ပစ်လိုက်တော့ ရဲက လဲကျသွားတယ်။ ရဲက အဲဒီနေရာမှာပဲ မျက်ဆံလန်နေပြီ”ဟု အုန်းတောလမ်းဆုံးအနီးမှ မျက်မြင် အမျိုးသားတစ်ဦးက ပြောသည်။

ဒဏ်ရာရသော ရဲတပ်သားမှာ ဆေးရုံတွင် သေဆုံးသွားခဲ့သည်။

ယင်းနောက် လမ်းပေါ်ထွက်ပြေးသော တရားခံကို သေနတ်ဖြင့် မပစ်ဖမ်းတော့ဘဲ ပြေးရင်း ပြန်ပစ်နေသော တရားခံက ကျည်ကုန်သွားသည်ဟု ထင်ရသည့် အချိန် နေအိမ်နှင့် ဓာတ်မီးတိုင် ၇ တိုင်ခန့်အကွာ အုန်းတောလမ်းဆုံအနီးတွင် ၀င်ရောက်လုံးထွေး ဖမ်းဆီးလိုက်ရကြောင်း မျက်နှာသက်သေများကို မေးမြန်းချက်များအရသိရသည်။

ထိုသို့ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ အသေးစိတ် သတင်းထုတ်ပြန်ခြင်းမရှိသေးပါ။

“တရားခံဖမ်းမယ်လို့ပဲ သိရတယ်။ ဘာတရားခံဖမ်းမယ်ဆိုတာကို မသိဘူး”ဟု လိုက်ဖမ်းရာတွင် ပါဝင်သည့် ရဲတပ်သား တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းကလည်း ထားဝယ်မြို့ မြို့ပတ်လမ်းရှိ နေအိမ်တွင် မူးယစ်ဆေးဝါး ၀င်ရောက်ဖမ်းဆီးရာမှ ပစ္စတိုသေနတ်တစ်လက်နှင့် ကျည်ဆန်များ ဖမ်းမိခဲ့ဖူးသည်။

တနင်္သာရီတိုင်းတွင် မူးယစ်ဆေးဝါးများ စံချိန်တင်ဖမ်းဆီးရမိနေပြီး လူငယ်ထုအတွင်းလည်း နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေသဖြင့် ၀န်ကြီးချုပ်အသစ်၏ ဦးစားပေး လုပ်ဆောင်ရန် စာရင်းဝင်ထားသည်။