စက်မှုလယ်ယာ လယ်ကွက် ဖော်နိုင်

0
430

တိုင်းအတွင်းရှိ လယ်ယာများအား စက်မှုလယ်ယာ လယ်ကွက်များ ဖော် ဆောင်မည်ဆိုပါက စက်မှုလယ်ယာ ဦးစီးဌာနထံ ဆက်သွယ်နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စက်မှု လယ်ယာ ဦးစီးဌာနမှူးရုံးမှ သိရသည်။


စက်မှုလယ်ယာ လယ်ကွက် ဖော် ဆောင်မည်ဆိုပါက အနည်းဆုံး လယ် မြေ ဧက ၁ဧက ရှိရမည်ဖြစ်ကြောင်း သိရသည်။
၁ ဧက မပြည့်မီပါက တစ်ဆက် တစ်စပ်တည်းရှိသည့် လယ်ပိုင်ရှင်နှင့် ညှိနှိုင်းဆောင်ရွက်နိုင်ပြီး လမ်းမကြီးနှင့် ဝေးခြင်း၊ နီးခြင်းနှင့် မသက်ဆိုင်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး စက်မှု လယ်ယာ ဦးစီးဌာနမှူး ရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးသက်က ဆိုသည်။
” သမားရိုးကျ စိုက်တာထက် အထွက် နှုန်းပိုတိုးလာမှာ ဖြစ်တယ်” ဟု ဦးစီးအရာရှိ ဒေါ်အေးအေးသက် က ပြောသည်။
စက်မှုလယ်ယာဖော်ဆောင်ပါက ဖော်ဆောင်နည်း နှစ်မျိုးရှိကာ ရိုးရိုး လယ်ကွက်အား စနစ်တကျ ၁း၃ (ထောင့်မှန်စတုဂံပုံစံ)ဖြင့် အကွက်ဖော် ပေးခြင်း (Semi) စနစ်နှင့် ကုန်ထုတ် လမ်းနှင့် ရေသွင်း၊ ရေထုတ်မြောင်း များပါဝင်သည့် ၁း၃ ပုံစံ (Fuly) စနစ်ဆိုကာ နှစ်မျိုးရှိကြောင်း တနင်္သာရီ တိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီး ဌာနမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေး သက် ကဆိုသည်။
ရိုးရိုးလယ်ကွက်အား စနစ်တကျ ဖော်ဆောင်မည့်(Semi) စက်မှုလယ်ယာ စနစ်ကျလယ်ကွက် ဖော်ဆောင်ပါက တစ်ဧကလျှင် ငွေ ကျပ် ၁၆၀၀၀၀  ကျသင့် မည်ဖြစ်ပြီး ကုန်ထုတ်လမ်းနှင့် ရေသွင်း ရေထုတ်မြောင်း များပါ ဝင်သည့် (Fuly)ဖော်ဆောင်ပါက တစ် ဧကလျှင် ငွေကျပ် ၅၅၀၀၀၀ ကျသင့် မည်ဖြစ်ကြောင်း အထက်ပါ ရုံးမှ သိရ သည်။
တိုင်းအတွင်း ထားဝယ်ခရိုင်တွင် လယ်မြေဧက ၂၆၀ ဧက၊  မြိတ်ခရိုင်တွင် (Semi) ဧက ၁၀၀နှင့် (Fuly) ဧက ၁၀၀ စုစုပေါင်းဧက ၄၆၀ ဧက တွင် စက်မှုလယ်ယာ စနစ်ကျလယ်ကွက်များ အဖြစ် ဖော်ဆောင် ထားပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စက်မှု လယ်ယာ ဦးစီးဌာနမှ သိရသည်။