မိုးစပါးစိုက်စရိတ်ချေးငွေ တစ်ဧက ကျပ် ၁ သိန်းခွဲနှုန်း ချေးမည်

0
456

၂၀၁၆ ခုနှစ် မိုးစပါးစရိတ်ချေးငွေအား လယ်တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်း ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။


ပြီးခဲ့သည့်နှစ်က လယ်တစ်ဧက လျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် လယ် ဧက ၁၁၇၄၄၉ ဧက ထုတ်ချေးခဲ့ကာ ယခုနှစ်တွင် တစ်ဧက ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် လယ်ဧက ၁၂၈၆၀၀ ဧကအား ထုတ်ချေးနိုင်ရန် လျာထားကြောင်း တနင်္သာရီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တိုင်းမန်နေဂျာ ဦးဝင်းနိုင်က ပြောသည်။
“တောင်သူတွေက ချေးယူထားတဲ့ အကြွေးဟောင်းတွေကို အမြန်ဆုံးလာဆပ်စေချင်တယ်၊ ဒါမှ ဒီနှစ် မိုးချေးငွေကို စောစော ထုတ်ချေးနိုင်မှာ ဖြစ်တယ်”  ဟု တိုင်းမန်နေဂျာ ဦးဝင်းနိုင်က ဆိုသည်။
မိုးစပါးချေးငွေအား မေလအတွင်း ထုတ်ချေးသွားမည်ဖြစ်ပြီး ယခင်နှစ် မိုးစပါးချေးငွေအား အကျေ ဆပ်ပြီးသည့် တောင်သူများကို ဦးစားပေး ထုတ်ချေးသွားမည်ဖြစ်ကာ လယ်သမားတစ်ဦးလျှင် ၁၀ ဧကအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
၂၀၁၆ ခုနှစ်အတွက် ထားဝယ်ခရိုင်တွင် လယ်ယာ ၆၀၅၀၀ ဧက၊ မြိတ်ခရိုင်တွင် ၆၆၅၀၀ ဧက နှင့် ကော့သောင်း ခရိုင်တွင် ၁၆၀၀ ဧက မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးနိုင်ရန် လျာထား ကြောင်း တနင်္သာရီတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။