အလွယ်လမ်း မူဝါဒ

0
490

တိုင်းအစိုးရသစ်တက်လာပြီးနောက် တိုင်းအတွင်း နေရာအနှံ့သို့ သွားရောက်ကာ လူထုအသံနားထောင်သည့် အစီအစဉ်များကို တွေ့ရသည်။ တစ်နည်းအားဖြင့် အစိုးရသစ်အား လူထုနှင့် မိတ်ဆက်ခြင်းဟု ဆိုနိုင်သည်။


ခရီးစဉ်တိုင်းတွင်လည်း လူထု၏ရင်ဖွင့်ချက်များကို နားထောင်ရပြီး တချို့နေရာများတွင် ချက်ချင်းညွှန်ကြားသည်ကို တွေ့ရသည်။
ဤတွင်တစ်ခု သတိထားမိသည်မှာ အချို့ဆုံးဖြတ်ချက်များသည် အလွယ် လမ်းမူဝါဒဟုပြောနိုင်သည့် “ Yes” “ No” များ ဖြစ်နေခြင်း ဖြစ်သည်။
ဥပမာ ဒီရေတော မခုတ်ရဟူသည့်ကိစ္စသည် ဒီရေတောကို မှီခိုနေသူများ သည် ဆင်းရဲချမ်းသာမရွေး အားလုံးဖြစ်သည့်အတွက် မခုတ်ရဟူသည့် မူ၏ ဒဏ်ကို သာမန် လက်လုပ်လက်စားများလည်း ခံရသကဲ့သို့ ယင်းဒီရေတောကို အကြီးအကျယ် ပျက်စီးစေသည့် စက်ရုံများလည်း ခံရသည်။
ဒီရေတော မပြုန်းတီးရေး၊ သဘာဝပတ်ဝန်းကျင် မပျက်စီးရေးဟူသည့် ခေါင်းစဉ်အောက်တွင် ယင်းဒီရေတောကို လုံးဝ မှီခိုနေရသူများ စတေးခံလိုက်ရ သကဲ့သို့ဖြစ်တတ်သည်။ တစ်နည်း မူဝါဒကို မလိုက်နာနိုင်ကြသည့်အတွက် မအောင်မမြင်ဖြစ်တတ်သည်။ တစ်နည်း အားနည်းသူများကိုသာ ဖမ်းဟယ်ဆီး ဟယ်လုပ်သည့် အဆင့်ထက်မကျော်ဘဲ လုပ်ဇာတ်များနှင့် စခန်းသွားနေရ တတ်သည်။
အလွယ်လမ်းမူဝါဒဟု ပြောနိုင်သည့် “Yes” “No” မူဝါဒများကို ယခင်အစိုးရ လက်ထက်ကလည်း ထည်လဲ သုံးစွဲခဲ့ပြီးဖြစ်သည်။
အချို့ကိစ္စများသည့် အလွယ်အားဖြင့် “No” ဟု ပြောနိုင်သော်လည်း သေချာ စိစစ်ဆွေးနွေးကာ  Yes , But. . . ဟု ပြောနိုင်ပေသည်။
ပိုအနုစိတ်ပြီး ပိုလက်ဝင်သည်။ ပိုပြီး ခေါင်းသုံးရသည်။
အကျိုးအကြောင်း ခိုင်ခိုင်လုံလုံ အဖက်ဖက်က ဆွေးနွေးသုံးသပ်ပြီးမှ မူဝါဒများကို ချမှတ်ရန် သတိမူရပေမည်။
အစိုးရများအနေဖြင့် ရင်ဆိုင်ဖြေရှင်းရသည့် ကိစ္စအတော်များများသည်လည်း ရိုးရှင်းရိုးထုံးစံ မရှိပေ။
ကွင်းဆက်များ၊ ဆင့်ကဲသက်ရောက်မှုများကို သေချာစွာ ထည့်တွက် ချိန်ဆရပေမည်။
ထို့ကြောင့် လက်ရှိ အစိုးရသစ်အနေဖြင့် အလွယ်လမ်းဟု ပြောနိုင်သည့် “Yes  “ No” မူဝါဒများကို ကျော်လွန်ပြီး ပိုမိုကောင်းမွန်သော မူဝါဒများကို ချမှတ်နိုင်ရေး မီးခတ်လိုက်ရခြင်းဖြစ်သည်။