ရေမျှော်တေး အဆုံးသတ် ဘယ်တော့လဲ

0
437

စော်ဝရွာ အစွန်ပိုင်း မြေသားလမ်း နံဘေးတွင် ဒေါ်ခင်ပိုနှင့် သူ့အိမ်နီးချင်း မိန်းမကြီးတစ်ဦး ရေလှူကား လာနိုင် သည့် ရွာထဲဘက်လမ်းသို့ မျှော်ငံ့ကာ ထိုင်နေကြသည်။ကော်ခွက်၊ ဆီပုံးပိုင်းပြတ် စသည့် ရောင်စုံရွယ်စုံ ပုံးအလွတ် ၁၀ ပုံးခန့်က သူတို့နံဘေးတွင် အားငယ်စွာ တိုးဝှေ့။ ထိုပုံးများ ရေနှင့် ထိတွေ့ခွင်မရသည်မှာ ၄ ရက်ခန့် ရှိပေပြီ..။


ထားဝယ်မြို့မှ ၇ မိုင်ခန့်အကွာတွင် ရှိပြီး ရှင်ကိုးရှင်သမိုင်းဝင် ရှင်မုတ္ထီး ဘုရားအနောက်ဘက်သို့ ခွဲဝင်ရသော စော်ဝရွာသည် ရွာနီးစပ်ချုပ်ရွာများနီးတူ နှစ်စဉ်နီးပါး နွေနှောင်းရာသီ ရေရှားလာ သည်မှာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပြီဖြစ် လေသည်။ ယခုမေလဦးတွင်ပင် ရေတွင်း အများစုက ခြောက်သယောင်းထ နေချေ ပြီ..။
ထိုအခါ ဒေါ်ခင်ပိုတို့အတွက် ရေ လှူကားများသည် အခရာကျလာ၏။ ကားလမ်းနှင့် ဒေါ်ခင်ပိုတို့အိမ်က ပေ ၂၀၀ ကျော် ကွာသော်လည်း လာလှူ သူရှိက ဝမ်းသာအားရ သယ်ယူရန် အ သင့်။ သို့သော်..။” ထားဝယ်က ရေလှူကားတွေ နေ့ တိုင်းဆင်းပေမယ့် ဒီဘက်ကို တော်ရုံနဲ့ မရောက်ဘူး” ဟု ဒေါ်ခင်ပိုက ဆိုပါသည်။

to_get_water
ထားဝယ်ဘက်မှ လာသည့်ရေလှူ ကားများသည် ဒေါ်ခင်ပိုတို့ နေထိုင်ရာ စော်ဝရွာ မရောက်ခင် ကူးတို့ရွာ၊ ကနိုင်းဒါ ရွာနှင့် ရှင်မုတ္ထီးရွာတို့၏ လမ်းဘေး ဝဲယာမှ ချထားသည့် ရေပုံးအလွတ်များ ကို အရင်ဖြေရှင်းလှူဒါန်းရလေ့ ရှိပါ သည်။ ယင်း ရွာတို့၏ ရေလိုအပ်ချက် ပြည့်ပြီး ပါကလည်း လမ်းတစ်ဆက်တည်း ဖြစ်ပြီး လှူဒါန်းရေလည်း အမှန်လို အပ်နေသော ညောင်ဇင်ရွာဘက်သို့သာ သွားရောက် လှူဒါန်းလေ့ ရှိပါသည်။
ထိုအခါ လမ်းအနည်းငယ်ကြမ်းပြီး မြိတ်-ထားဝယ်လမ်းမမှ တစ်မိုင်နီးပါး ချိုးကွေ့ဝင်ရသည့် ဒေါ်ခင်ပိုတို့ စော်ဝရွာ သို့ တော်ရုံဖြင့် ရေလှူကား မရောက်။
ယင်း အခက်အခဲကို သိသော ရေလှူကားတချို့က စော်ဝရွာသို့ သီးသန့် လာလှူများကြသော်လည်း ဒေါ်ခင်ပိုတို့ နေထိုင်သည့် ရွာစွန်ပိုင်းအထိ မရောက်..။ ရေလှူသူများသည့် စနေ၊ တနင်္ဂနွေကဲ့သို့ သော ရုံးပိတ်ရက်များတွင်သာ ဒေါ်ခင်ပို တို့ဆီ ရောက်တတ်၏။
“ဈေးဝယ်သွားရင်း ရွာထဲမှာ ရေလှူ ကားတွေ့ရင် အိမ်ကို အတင်းပြေးလာပြီး ရေပုံးနား စောင့်တာပဲ..၊ ဒါပေမယ့် တို့ဆီ မရောက်တာ များပါတယ်ကွယ်..”  ဟု ဒေါ်ခင်ပိုက မြေနီလမ်းဘက် လှမ်းမျှော်ရင်း ပြောပါသည်။
ရွာတွင် ရေလာရောင်းသူ မရှိသလို လာရောင်းလျှင်လည်း ဒေါ်ခင်ပိုတွင် ဝယ်ရန် ငွေမရှိ။
ထိုအခါ အိမ်နှင့် ၃ ဖာလုံခန့်ဝေး သော အရှေ့ဘက်အသိခြံမှ ရေတွင်း သည်သာ ဒေါ်ခင်ပိုတို့အတွက် အားကိုး ရာ..။ တစ်ခြားသူတို့က ဆိုင်ကယ်၊ စက်ဘီးဖြင့် ရေသယ်ကြသော်လည်း ဒေါ်ခင်ပိုတွင် ဆိုင်ကယ်မရှိသလို သယ် ပေးမည့်သူလည်း မရှိ။ ထိုင်းတွင် သွား ရောက် အလုပ်လုပ်နေသည့် သမီးနှင့် သမက်တို့ ချန်ထားခဲ့သော ၇ တန်းနှင့် ၅ တန်း ကျောင်းသား မြေးမလေး နှစ်ယောက်ကလည်း ခိုင်း၍ ရတစ်ချက် မရတစ်ချက်။
“ခေါင်းနဲ့ နိုင်သလောက် ရွက်နေရ တာပေါ့ကွယ်..၊ တစ်နေ့ ၄ ခေါက် လောက်တော့ သယ်ရပေါ့”  ဟု အသက် ၆၀ ဝန်းကျင်ရှိ ဒေါ်ခင်ပိုက ဆိုပါသည်။
ယင်း တစ်နေ့တာ ရေသယ် ခရီး အားလုံး ဆန့်ထုတ်တိုင်းတာပါက ၁.၅ မိုင်။ ပေးရသည့်အချိန်က ၃ နာရီ ခန့်။ သူတို့မြေအဖွားရေချိုးသည့် နေရာက အိမ်အနောက်ဘက် ၃ ဖာလုံခန့် ဝေး သည့် ပိုင်ရှင်မသုံးသည့် ညိုညစ်ညစ် ရေတွင်းတစ်တွင်း..။
” ကျွန်တော့်ရေတွင်းမှာလည်း ပေး ချိုးဖို့ ရေမရှိဘူးဗျ..၊ ကျွန်တော်တို့တောင် မချိုးဘဲ မှိုပျိုးတွေ ဖျန်းနေရတော့လေ..၊ ရေပြတ်ပြီး ပျက်စီးကုန်ရင် စီးပွားပျက်ပြီ ပေါ့ဗျာ..” ဟု ဒေါ်ခင်ပို၏ အိမ်ဘေးရေ တွင်းရှင် ကောက်ရိုးမှိုစိုက်ပျိုးသူက ဆိုသည်။
ဒေါ်ခင်ပိုတို့စော်ဝရွာနဘေးတွင် ထားဝယ်မြို့နယ် နယ်နိမိတ်ခြား ရွှေဂူမြစ် က ရစ်ခွေစီးသွယ်နေပါသည်။

ယင်း မြစ်အပါအဝင် မြန်မာနိုင်ငံအနှံ့ရှိ မြစ် ချောင်းများအားလုံးသည် ဒေါ်ခင်ပိုတို့ လိုအပ်လှသော ရေချိုတို့ကို ပင်လယ်သို့ သယ်ဆောင်နေကြောင်း နယ်သာလန် နိုင်ငံ၌ ရေနှင့်သန့်ရှင်းမှု ဘွဲ့လွန်ဒီပလို မာကို ရယူခဲ့သည့် ထားဝယ်သား စာရေးဆရာ (ဦး)ကျော်ဦးက ဆိုပါသည်။
“မြေပေါ်မြေအောက် ရေနှစ်မျိုးစလုံး ရဲ့ ဇာစ်မြစ်က မိုးရေပဲ၊ မိုးအကောင်းဆုံး ဒေသမှာ နွေရေရှားတယ်ဆိုတာ မိုးရေကို အသုံးမချတတ်လို့ပဲ ”  ဟု ရေကြည် တစ်ပေါက် စာအုပ်ဖြင့် အမျိုးသား စာပေဆု ရခဲ့သည့် ဦးကျော်ဦးက သုံးသပ် ပါသည်။
မလေးရှားနိုင်ငံမှ ရေဝယ်သုံးနေရ သည့် စင်ကာပူကျွန်းနိုင်ငံတွင် မိုးရေကို ၆၆ ရာခိုင်နှုန်း ပြန်သုံးနေရာမှ နောက် ၅ နှစ်အတွင်း ၉၀ ရာခိုင်နှုန်း ပြန်သုံး နိုင်အောင် စီစဉ်နေချိန်..၊ မြန်မာနိုင်ငံတွင် ၄ ရာခိုင်နှုန်းခန့်သာ ပြန်သုံးနေသည်ကို တွေ့ရပြီး မိုးရေများ မြစ်ချောင်းများမှ တစ်ဆင့် ပင်လယ်ထဲနှစ်စဉ် မျောပါ ဆုံးပါးကုန်သည်ဟု ထောက်ပြ၏။
သို့ကြောင့် သိုလှောင်မှုနှင့် အသုံး ပြုမှု ရေပမာဏ မမျှတ။
တနင်္သာရီတိုင်းတွင် နှစ်စဉ် ရေရှား သည့်ရွာ ၆၄ ရွာရှိ အိမ်ခြေ ၁ သောင်း ၄ ထောင်နီပါးတွင် နေထိုင်သည့် လူဦးရေ ၇ သောင်းခွဲခန့် ရေရှား ရေပြတ် လတ်မှုဒဏ်ခံနေရကြောင်း တိုင်းဒေသ ကြီး မွေးမြူရေးနှင့် ကျေးလက်ဒေသ ဦးစီးဌာနက ဆိုထားသော်လည်း လက်ရှိ မြေပြင်အနေအထားတွင် ယင်းစာရင်း ထက်ပိုနိုင်ကြောင်း ရေရရှိရေး ဆောင်ရွက် ပေးနေသည့် အရပ်ဖက် အဖွဲ့အစည်းများ အသိုင်းအဝိုင်းက ဆိုပါသည်။
တိုင်းတွင်း သောက်သုံးရေ လိုအပ် ချက် ဖြည့်တင်းနိုင်ရေး အသုံး ပြုရန် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ငွေ သန်း ၁ ထောင်ကျော်၊ ၂၀၁၅-၁၆ အတွက် သန်း ၉၀၀ ကျော်ကို ပြည်ထောင်စုအစိုးရမှ ခွင့်ပြုပေးခဲ့၏။ ယခု ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်  အတွက်လည်း ကျပ်သန်း ၇၀၀ ကျော် ခွင့်ပြုထားကြောင်း ကျေးလက်ဌာနမှ သိရ၏။
သို့သော် ဆောက်လုပ်ပြီးခဲ့သော ရေသိုလှောင်ကန်တို့က လက်ရှိရေ ပြဿနာအတွက် မလောက်ငသလို အသုံးလည်း မတည့်ဟု ဒေသခံတို့က ညည်းတွားကြ၏။
ယခုအချိန်တွင် ရေရှိရာအရပ်မှ ရေ ရှားရာ အရပ်သို့ တိုက်ရိုက် သယ်ယူဝေငှ နိုင်ရေးသည်သာ အထိရောက်ဆုံး ဆေး မြီးတို..။
ထားဝယ်မြို့ပေါ်က စေတနာရှင် တချို့နှင့် လူငယ်အဖွဲ့အစည်းတစ်ချို့က ရေကားများဖြင့် နေ့စဉ် ရေလှူထွက်နေကြ သည်မှာ နှစ်စဉ် ရိုးရာတစ်ရပ်ပမာ ဖြစ် နေခဲ့ပြီ။ တချို့ဆိုလျှင် ဆိုင်ကယ် များဖြင့်ပင် တစ်နိုင်တစ်ပိုင်သယ်ယူ လှူဒါန်းနေကြ၏။ ရေအလှူခံသူများ ကလည်း ဒေသထွက် မုန့်ပဲသွားရည် စာများ ပြန်လည်ကျွေးမွေးကြခြင်းဖြင့် ရေလှူသူတို့၏ စေတနာကို ကျေးဇူးတုန့် ပြန် အသိအမှတ်ပြုနေကြသည်မှာလည်း ကြည်နူးစရာ..။
သို့သော်.. စော်ဝရွာကဲ့သို့ လမ်း ကြမ်းပြီး ဒေါ်ခင်ပိုတို့အိမ်ကဲ့သို့ ရွာစွန် နှင့် ရွာအတွင်းဘက်ကျသည့် အိမ်များ ကိုမူ ရေလှူသူများနေ့စဉ်မရောက်။ ထားဝယ်-မြိတ်လမ်းမကြီး၏ အတွင်း ဘက်သို့ ရေလှူကားများ မှန်မှန်မရောက် တတ်။
“ရေရှားနေတာ အတော်ကြာပြီ..၊ ရေလှူကားလာတာ ၃ ခေါက်လားပဲ ရှိသေးတယ်၊ သစ်တောဌာနက ဆိုလားပဲ၊ အိမ်နီးချင်းတွေက တို့ရေတွင်းမှာ လာခပ် နေကြတော့ ပန်းပင်တွေ ရေမလောင်း တော့ဘူး” ဟု ကူးတို့ရွာ လျောင်းတော်မူ ဘုရားအဝင်လမ်းအတွင်းပိုင်းမှ ဒေါ်စောလင်း က ဆိုပါသည်။
ဒေါ်စောလင်းအိမ်ခြံတွင်းက အပင် ၁၀၀ ကျော်ရှိ စံပယ်ပန်းခင်းမြေကား အက်ကွဲမတတ် ခြောက်သွေ့နေ၏။ ပန်း ခင်းနံဘေးရှိ သစ်လုံးတိုင် ၇၀ ဆယ်ခန့် တွင် တွယ်ကပ်ပေါက်နေသည့် နှစ်ရှည် စား ကွမ်းရွက်ပင်များက ပိန်လှီရှုံ့တွ..။ ကွမ်းရွက်များကလည်း ညှိုးရော်ချောက် ကပ် ကြွေအံ့မူးမူး..။
ဧပြီလ ၂၆ ရက်နေ့က တိုင်းလွှတ် တော်ဥက္ကဋ္ဌ ဦးဆောင်သည့် ဒေသတွင်း ရေပြဿနာ အပြေလည်ဆုံးဖြစ်အောင် အဖြေရှာရေး ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ များနှင့် အရပ်ဘက်အဖွဲ့အစည်းများ စုံညီစွာတက်ရောက်ခဲ့ကြ၏။ ဌာနတချို့ က နေ့စဉ်ရေဂါလံ မည်၍မည်မျှသွား ရောက်ဝေငှကြရန် သဘောတူလိုက် ကြ၏။
ထိုဌာနရေဝေကားများ ရေထည့်၍ ရသည့် ရေကန်တချို့တွင် ရေဖြည့်ပေး ခဲ့၏။ သို့သော် ထိုရေမျှဖြင့် တစ်ရွာလုံး အတွက် မလုံလောက်နိုင်။ ထို့ပြင် ရေကန်များတွင် ရေပေးဝေရေးစနစ်မပါ သဖြင့် စော်ဝရွာမှဒေါ်ခင်ပိုတို့ကဲ့သို့ ရေ လှောင်ကန်နှင့် အလှမ်းဝေးသော အိမ် များအတွက် သယ်ယူရေးက မလွယ်။” ဌာနရေလှူကားတွေက ကိုယ်ပေး ခဲ့တဲ့နေရာ လုံလောက်ရဲ့လားဆိုပြီး ပြန်ဆန်းစစ်တာ မရှိဘူး..၊ ရသူရ မရသူ မရ ဖြစ်နေတော့ ကျွန်တော်တို့က လိုက်ပြီး ဖာထေးလှူဒါန်းနေရတယ်”  ဟု ဧပြီ ၂၂ ရက်မှစ နေ့စဉ်ရေလှူနေသော ထားဝယ်တက်ကြွလူငယ်အဖွဲ့မှ ကိုဝေဖြိုး ကဆိုသည်။
ရေလှူနေသည့် အရပ်ဘက်အဖွဲ့ အစည်းအချင်းချင်း ချိတ်ဆက်မှုရှိ သော်လည်း ဌာနရေလှူကားများနှင့် အချိတ်အဆက်မရှိသဖြင့် အတိုင် အဖောက်မညီဖြစ်နေကြောင်း ရေလှူ အဖွဲ့များက ဖွင့်ဟသည်။
“ရေလှူခြင်းဆိုတဲ့ ဆေးမြီးတိုနဲ့ တော့ ရေရှည် မကုစေချင်ဘူးပေါ့ဗျာ..၊ လောလောဆယ်တော့ အားလုံးပူးပေါင်း ပြီး စေတနာပါပါနဲ့ စေ့စေ့စပ်စပ် နေရာခွဲ ဝေငှကြရင် ပိုကောင်းမယ်”  ဟု ကိုဝေဖြိုး က အကြံပြုသည်။
တိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့ မော်ကတော့ ရေရှည်အတွက် ရေလှောင် တာတမံများ ဆောက်လုပ် သွားမည်ဟု ဧပြီလဆန်းပိုင်းက တနင်္သာရီ အပတ် စဉ်သို့ ပြောပါသည်။
” မိုးရေကို ပြန်အသုံးချတဲ့နည်းက မခက်ပါဘူး၊ မိုးကျတော့မယ်..၊ ထိထိ ရောက်ရောက် အသုံးချနိုင်ဖို့ လိုပြီ..”  ဟု စာရေးဆရာ (ဦး)ကျော်ဦးက အကြံ ပြု၏။နောင်နှစ်များတွင် မည်သို့ရှိလာမည် ကို မခန့်မှန်းနိုင်သေး။ လတ်တလော တွင်ကားထားဝယ်မြို့မှ မြိတ်လမ်း အတိုင်း ၃ မိုင်ခန့် ထွက်လိုက်သည်နှင့် လမ်းဘေးဝဲယာမှ ရေခေါ်နေသော ပုံးခွံ ကြီးငယ်များကို တွေ့ရပေလိမ့်မည်။ ထို ပုံးများနံဘေးတွင် ရေမျှော်နေသော မျက်လုံးများကို တွေ့ရပေလိမ့်မည်။
သူတို့ ဘယ်အချိန်ထိ ရေမျှော် တေးသွားကို နွမ်းလျစွာ သီကျူးနေကြ ရဦးမည်ကို မည်သူမျှမခန့်မှန်းရဲကြ။
စော်ဝရွာဖျားမှ ဒေါ်ခင်ပိုနှင့် အိမ်နီး ချင်းတို့သည်ကား နေဝင်လုသည့်တိုင် ဇွဲမလျှော့ဘဲ ရေလှူကားကို မျှော်နေဆဲ..။