ကာရာအိုကေဆိုင်များ သတ်မှတ် စည်ကမ်းချက်များ မလိုက်နာပါက လိုင်စင် ချပေးမည်မဟုတ်

0
452

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကာရာအိုကေ(KTV)ဆိုင်များ လိုင်စင် လျှောက်ထားရာတွင် သတ်မှတ်စည်း ကမ်းချက်များ မလိုက်နာပါက လိုင်စင် ချထားပေးမည်မဟုတ်ကြောင်း တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေး မှူး ဦးကျော်စွာထွန်းက ပြောသည်။


ဆိုင်များအတွင်း အသံလုံခြုံမှုရှိ စေရန်၊ အခန်းတွင်း ဝင်/ထွက်သည့် တံခါးရွက်တိုင်း၌ တစ်ပေ ပတ်လည်ရှိ မှန်များ တပ်ဆင်ရမည်ဖြစ်ပြီး အပြင်မှ အတွင်းသို့ မြင်ရသော မှန်အကြည်များ တပ်ဆင်ရန်၊ ကာရာအိုကေ သီချင်း ဆိုခန်းအတွက် စားပွဲထိုးအကူ သီဆို ဖျော်ဖြေရန် အမျိုးသမီးများထားရှိ ပြု လုပ်ခြင်း မရှိရန်၊ ဆိုင်ခန်းများအတွင်း လုံလောက်သော မီးအလင်း ရောင် ထား ရှိခြင်းနှင့်  ည၁၁နာရီအထိသာ ဖွင့်လှစ် ရမည် စသည်တို့အပါအဝင် စည်းကမ်း ချက် ၂၀ အား ထုတ်ပြန်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်စွာထွန်းက ဆိုသည်။

” သတ်မှတ်ချက်နဲ့ ကိုက်ညီရင် တော့ လိုင်စင်ထုတ်ပေးသွားမယ်” ဟု ဦးကျော်စွာထွန်းက ပြောသည်။

သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များမှ အခန်းများအား သတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိ^မရှိ စစ်ဆေးခြင်းနှင့် ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့် ပတ်သက်၍ လိုက်နာ ရန် ခံဝန်ချက်ထိုးပြီးပါက ကာရာအိုကေ လိုင်စင် လျှောက်ထားနိုင်ကြောင်း ၎င်း က ဆိုသည်။

” အခုလို တင်းကြပ်လိုက်တော့ ဒေသရဲ့ ပုံရိပ်လည်း မညှိုးနွမ်းတော့ ဘူးပေါ့” ဟု ထားဝယ်မြို့မှ အသက်၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ရက်တွင် စားသောက်ဆိုင်အမည်ခံ ကာရာအိုကေ အလုံပိတ်အခန်းပါ ဆိုင်များကို ချက် ချင်းပိတ်သိမ်းရန် တနင်္သာရီတိုင်း ဒေသ ကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်က ညွှန် ကြားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် တနင်္သာရီတိုင်း ဒေသကြီးအတွင်း ကာရာအိုကေ လိုင်စင် ၅၁ခု ရှိခဲ့ပြီး သတ်မှတ်စည်းကမ်း ချက် များအား လိုက်နာခြင်းမရှိပါက အနည်း ဆုံး လိုင်စင်ပိတ်သိမ်းသည်အထိ အရေး ယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူးထံမှ သိရသည်။