မွန်တွင် သင်္ကြန်ပြီးနောက်ပိုင်း နိုင်ငံကူးလက်မှတ်ပြုလုပ်သူ တစ်ရက်လျှင် ၁၀၀ ကျော်ရှိ

0
475

မွန်ပြည်နယ်တွင် သင်္ကြန်ကာလပြီး နောက်ပိုင်းနိုင်ငံကူးလက်မှတ် ပြုလုပ်သူ တစ်ရက်လျှင် ၁၀၀ ကျော်ရှိသည်ဟု မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံးခွဲ (မော်လမြိုင်) မှ သိရသည်။


” သင်္ကြန်ပြီးလို့ နိုင်ငံခြားပြန်သွား ကြတော့မယ်ဆိုတော့ သက်တမ်းလာတိုး ကြတယ်၊ အရင်လတွေက တစ်ရက်မှာ ၃၀၊ ၄၀ လောက်ပဲ လာလုပ်ကြတယ်၊ အခုဆို တစ်ရက်ကို ၁၃၀၊ ၁၄၀ လောက် ရှိတယ်၊ ဒီရက်ပိုင်းမှာ ပိုများလာတယ်”ဟု မော်လမြိုင် နိုင်ငံကူးလက်မှတ်ရုံးမှ တာဝန်ခံ ရဲအုပ်ထွန်းဇော်က ပြောသည်။
နိုင်ငံကူးလက်မှတ် ပြုလုပ်သူများ သည် မွန်ပြည်နယ်ကသာမက ကရင် ပြည်နယ် ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းမှ လည်း လာရောက် ပြုလုပ်သူရှိကြောင်း လည်း ရဲအုပ်ထွန်းဇော်က ပြောသည်။
ကုန်ကျစရိတ် အားလုံး ၂၅၀၀၀ ကျပ် ကုန်ကျသော်လည်း ပွဲစားဖြင့် လုပ် သူများ  ငွေကျပ်တစ်သိန်းဝန်းကျင် ကုန် ကျသည်ဟု သိရသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုရှိ သတင်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူး ရုံးစိုက်ရာ မြို့ကြီးများ၌ နိုင်ငံကူး လက် မှတ် ထုတ်ပေးရေး ရုံးခွဲ များကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်က စတင်ဖွင့် လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မော်လမြိုင် ရုံးခွဲမှ နိုင်ငံကူးလက်မှတ် ပြုလုပ်သူ ၁၀၅၆၀ ရှိကာ ၂၀၁၆ ခုနှစ်တွင် ဧပြီ လထိ လက်မှတ်ပြုလုပ်သူ ၇၂၃၉ ဦး ရှိသည်။