တနင်္သာရီတိုင်းတွင် အန္တရာယ်ရှိ မိုးသီးကြွေမည့် အလားအလာနည်းဟုဆို

0
500

မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလတို့တွင် မိုးထစ်ချုန်းရွာခြင်းရှိနိုင် ပြီး လူကို အန္တရာယ်ဖြစ်စေနိုင်သည့် မိုးသီးကျမည့်အလားအလာ နည်း ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဦးစီး ဌာန တနင်္သာရီတိုင်းဒေသကြီးရုံးမှ တိုင်းဦးစီးမှူး ဦးစိုးပိုင်က ပြောကြား သည်။


မြန်မာနိုင်ငံ၏ အရှေ့ဘက်နှင့် အနောက်ဘက်တို့မှ ရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်နှင့် နေ့အပူ ချိန်များမြင့်တက်ကာ လေထုမငြိမ်သက် မှုများကြောင့် တနင်္သာရီတိုင်းဒေသကြီး အပါအဝင် တိုင်းနှင့်ပြည်နယ် ၉ ခု နှင့် နေပြည်တော်တို့တွင် ဧပြီလ ၂၉ ရက် မှ မေလ ၅ ရက်အထိ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဧပြီလ ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
မိုးရွာသွန်းစဉ် လေပြင်းတိုက်ခတ် ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း စသည့် မိုးလေ၀သဖြစ် စဉ်များဖြစ်ပေါ်နိုင်ကြောင်း ယင်းသတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။” မိုးသီးကြွေတာက ဖြစ်ဖို့အလား လာနည်းပါတယ်။ ဒီဘက်မှာ တစ်ခါမှ မဖြစ်ဖူးဘူး။ တကယ်လို့ ကြွေမယ် ဆိုရင်တောင်မှ လူကို အန္တရာယ်ပြုနိုင် မယ့် မိုးသီးမျိုးမဟုတ်ဘူး။ မြေပြင်နဲ့ ထိတာနဲ့ ရေဖြစ်သွားမယ့်မိုးသီးမျိုး..”  ဟု လုပ်သက် နှစ် ၃၀ ကျော် ရှိသည့် တိုင်းဦးစီးမှူး ဦးစိုးပိုင်က ပြောသည်။
မိုးထစ်ချိန်းရွာခြင်းနှင့်အတူ ရုတ် တရက်မိုးကြိုးပစ်ခြင်း၊ ပင်လယ်ပြင်တွင် လေပွေလှိုင်း(လေဆင်နှာမောင်း)တိုက် ခတ်ခြင်း၊ လေပြင်း ၃၅ မိုင်မှ ၄၀ မိုင် နှုန်းအထိ တိုက်ခတ်ခြင်းတို့ ဖြစ်ပေါ် နိုင်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ အောက်ပိုင်းတွင် မိုး သီးကြွေခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲကိစ္စ ဖြစ်ပြီး မိုးကြိုးပစ်ခြင်းသာ ကြုံတွေ့ရ လေ့ရှိသောကြောင့် မိုးကြိုးပစ်ခြင်းကို သတိထားရန် မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှဒုညွှန်ကြားရေးမှူး ဦးလှထွန်း ၏ သတိပေးချက်ကို ကိုးကား၍ ဧပြီလ ၂၉ ရက်ထုတ် ဆဲဗင်န်းဒေး နေ့စဉ် သတင်းစာတွင် ဖော်ပြထားသည်။
သတိပေးကာလဖြစ်သည့် ဧပြီလ ၉ ရက်နှင့် မေလ ၅ ရက် နောက်ပိုင်း တွင်လည်း မိုးကြိုကာလ ဖြစ်သော ကြောင့် အထက်ပါမိုးလေ၀သ ဖြစ်စဉ် များ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဦး စီးဌာန တနင်္သာရီတိုင်းဒေသကြီးရုံးထံမှ သိရသည်။