ရက် ၁၀၀ အတွင်း ရေကောင်းရေသန့်ရရှိရေး၊ မူးယစ်ဆေးဝါးနှင့် ကျန်းမာရေး ကိစ္စ လုပ်ဆောင်မည်ဟု ဝန်ကြီးချုပ် ဆို

0
405

အစိုးရဖြစ်လာပြီး ပထမဆုံး ရက်တစ်ရာအတွင်း တနင်္သာရီတိုင်း  ဒေသကြီးတွင် ရေကောင်းရေသန့်ရရှိရေး၊ မူးယစ်ဆေးဝါးနှင့် ပြည်သူ့ကျန်းမာ ရေးစောင့်ရှောက်မှုတို့ကို ဦးစားပေး လုပ်ဆောင်မည်ဟု တိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။


ပထမဦးစားပေးအနေဖြင့် ရေ ကောင်းရေသန့်ရရှိရေး၊ ဒုတိယဦးစား ပေးအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းဝယ်ဖောက်ကားမှု လျှော့ချရေးနှင့် တတိယဦးစားပေးအနေဖြင့် ဆေးရုံများ တွင် ကုန်ကျစရိတ်သက်သာစွာဖြင့်           ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရေး တို့ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
” ကျောင်းထဲမှာကျောင်းသားတွေ မူးယစ်ဆေးဝါးသုံးတယ်။  သုံးတဲ့ ပတ် ဝန်းကျင် နဲ့ရောင်းတဲ့သူရှိလို့ရောင်းတဲ့ သူမရှိအောင် တိုင်းခရိုင်ရဲတပ်ဖွဲ့တွေကို ဖိအားပေးတယ်၊ ဖမ်းပါ။ ပင်ရင်းကို ရအောင်ရှာပါလို့ဖိအားပေးတယ်။ ဒါက လည်း ပြည်သူကလိုအပ်နေတာပဲလေ”  ဟု ဒေါက်တာလဲ့လဲ့မော်က ဆိုသည်။
ရက် ၁၀၀ စီမံကိန်းကိုပြည်သူအသံ နားထောင်ကာ လုပ်ဆောင်သွားမည် ဖြစ်သည့်အတွက် ထားဝယ်ခရိုင်ရှိ ပြည်သူလူထုအသံကို နားထောင်ကာအထက်ပါအချက်သုံးချက်ကို ဦးစားပေး လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မြိတ်နှင့်ကော့သောင်းတို့ ကိုလည်းသွား ရောက်ကာ ယင်းဒေသတို့၏ အသံများ ကိုလည်း နားထောင်ကာ လုပ်ဆောင် သွားမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။
မူးယစ်ဆေးဝါးမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပျံ့နှံ့နေသည့်ကိစ္စဖြစ် သောကြောင့် ရက်တစ်ရာအတွင်း ကြီးမားစွာကန့်သတ်နိုင်မည်မဟုတ်သော်လည်း တက္ကသိုလ်ကျောင်းသား၊ အခြေခံ ပညာကျောင်းသား၊ ကောရှုခြင်း စသဖြင့် ပစ်မှတ်ထားလုပ်ဆောင်မည်ဟု ၎င်းက ဆိုသည်။
တနင်္သာရီတိုင်းအတွင်း ရေရှားပါး ခြင်းကိုကာကွယ်ရန် ရေတိုရေရှည်နည်း လမ်းနှစ်မျိုးဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ရေတိုတွင် ရေရှားပါးသည့်ဒေသများသို့ ရေမျှဝေပေးခြင်း၊ ရေသန့်ဆေးများ အသုံးပြုခြင်းနှင့် ရေရှည်အတွက် ရေကန် များ၊ တာတမံများတည်ဆောက်ခြင်း တို့ကိုလုပ်ဆောင်မည်ဟု ဒေါက်တာ လဲ့လဲ့မော်က ဆိုသည်။
” ထားဝယ်က အသံတွေနဲ့ပက်သက် လို့ ကျန်းမာရေးနဲ့ပက်သက်လို့ OPD(ပြင်ပလူနာဌာန) မှာ ဆရာဝန်မရှိဘူး။ လူနာရောက်လို့ရှိရင် မနက်ကျမှ ဆရာဝန်ရဲ့ Treatment (စမ်းသပ် ကုသမှု) ရတယ်လို့ကြားလို့လေ မနေ့က သွားတယ်”  ဟု ၎င်းက ပြောသည်။
ထားဝယ်ဆေးရုံကြီးတွင် ကျန်းမာ ရေးဆိုင်ရာစမ်းသပ်မှုနှင့်ပတ်သက်၍ ငွေကြေးတောင်းသည်ဆိုသည့်သတင်းများကြောင့် ယင်းဆေးရုံကြီးသို့သွား ရောက်ကာ ပြင်ပလူနာဌာနတွင် ဆရာဝန်နှစ်ဦးထားကာ အလှည့်ကျ အဆင်သင့်ရှိနေရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှု၊ စစ်ဆေးမှုတို့အတွက်ထိုက်လျောက်သည့် အခကြေးငွေသာ ယူရန်ပြောဆိုခဲ့သည်ဟု ၎င်းက ပြော သည်။
ပြည်သူလူထုအတွက် ဆေးရုံများ တွင် ကျန်းမာ ရေးစောင့်ရှောက်မှုကို ထိုက်သင့်သည့် အခကြေးငွေဖြင့် ထိထိ ရောက်ရောက်ခံယူနိုင်ရန်လုပ် ဆောင် မည်ဟု ဝန်ကြီးချုပ်က ပြောသည်။
တနင်္သာရီတိုင်းဝန်ကြီးချုပ်စတင်ခန့်အပ်ခံရချိန်က ၎င်း၏ဆန္ဒအရ တနင်္သာရီတိုင်းဒေသကြီးအတွင်း မြေယာကိစ္စအား ဦးစွာရှင်းလိုသည်ဟုပြောဆိုခဲ့ဖူးသော်လည်း မြေယာသိမ်း ဆည်းမှုကိစ္စများကို ရက်တစ်ရာအတွင်း ဖြေရှင်းရန် လွယ်ကူမည် မဟုတ်ကြောင်း ဒေါက်တာလဲ့လဲ့မော်က ဆိုသည်။
“မြေကိစ္စကဥပဒေအခိုင်အမာရှိဖို့လိုအပ်တယ်။ လုပ်တော့လုပ်မယ်။ ရက်တစ်ရာမှာလုပ်လို့မရဘူး။ မေ၊ ဇွန် လောက်ဆို မြေယာဥပဒေကြမ်းလောက် တော့ထွက်လာနိုင်တယ်။ ဥပဒေထွက် လာရင်မြေယာကိစ္စတွေက ရှင်းရလွယ် သွားမှာပါ။ လွယ်သွားလိမ့်မယ်လို့လည်း ယုံပါတယ်” ဟု ၎င်းကဆိုသည်။
လက်ရှိအချိန်သည် ရေရှားပါး နေသည့်ကာလ ဖြစ်သည့်အပြင် နောက် ထပ်အချိန်တစ်လခန့်အထိ ရေရှား နိုင်သည့်အတွက် ရေရရှိရေးကို ဦးစားပေးလုပ်ဆောင်ခြင်းကို ထောက်ခံ ကြောင်း သရက်ချောင်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးစိုးထွေးက ပြောသည်။
“ပြည်သူတွေကအခုအစိုးရကို အရမ်းကိုမျှော်လင့်နေကြတယ်။ ဘာမှ မဖြစ်လာသေးပါလားဆိုပြီး ပြောနေ ကြတာတွေတောင်ရှိတယ်။ ဘာမှမဖြစ် သေးဘူးပြောတာလွယ်ပေမယ့် လုပ်ရတဲ့ သူတွေမှာလည်း အခက်အခဲတွေရှိတယ် လေ”  ဟု ဦးစိုးထွေးက မှတ်ချက်ပြုသည်။
တနင်္သာရီတိုင်းအစိုးရအဖွဲ့ကို ဧပြီလ ၄ ရက်နေ့တွင်မှ ဖွဲ့စည်းနိုင်ခဲ့ပြီး စတင်တာဝန်ယူသည့် သက်တမ်းရက် ၂၀ ခန့်ရှိပြီဖြစ်သည်။