အဆိုအမိန့် များနှင့် ဘ၀ ကို ဖြတ်သန်းခြင်း

0
825

တစ်ခါတစ်ရံ အားအားလပ်လပ် ရှိ တိုင်း ကမ္ဘာကျော် အဆိုအမိန့်လေးတွေကို ရှာဖတ်ပြီး ကိုယ့်ဥာဏ်မီသလောက် တွေးတော ဆင်ခြင်လေ့ ရှိပါတယ်။ အခုလို ဖတ်ရင်းတွေးရင်း တချို့ အဆို အမိန့် လေးတွေဆို တစိမ့်စိမ့် သဘော ကျပြီး အလွတ်ရတဲ့ အထိပါပဲ။

တစ်လော က ကမ္ဘာကျော် ဟာသ သရုပ်ဆောင်ကြီး ချာလီချက်ပလင်ရဲ့ အဆိုအမိန့်လေး တစ်ခုကို ဖတ်လိုက်ရပါတယ်။ ဒီအဆို အမိန့်ကို ဖတ်ပြီးတာနဲ့ ကျွန်တော့် တူမ လေးကို ပြေးမြင်ယောင်မိပြီး တစိမ့်စိမ့် သဘောကျ နေမိပါတော့တယ်။
” Life is a tragedy in close up, but a comedy in long shot. ”
” ဘ၀ဆိုတာ အနီးရိုက်ချက်ထဲမှာ အလွမ်းဇာတ်ကား တစ်ကား၊ ဒါပေမဲ့ အဝေး ရိုက်ချက်ထဲမှာတော့ ဟာသ ကားတစ်ကား” ဟူလို။
ဒီလို ပြောင်မြောက်လွန်းတဲ့ အဆို အမိန့်ကို ပြောဆိုခဲ့တဲ့ ချာလီချက် ပလင်ဟာ ဘယ်လို ပုဂ္ဂိုလ်လဲ ဆိုတာ တစ်ကမ္ဘာလုံး သိရှိ ပြီးသားမို့ ကျွန်တော့် အနေနဲ့ အထူးတလည် မိတ်ဆက်ပေး နေစရာ မလိုတော့ဘူး ထင်ပါတယ်။ တကယ်တော့ ချာလီဟာ ဟာသ သရုပ် ဆောင် တစ်ဦး ဆိုပေမယ့် အလွမ်းခန်း တွေမှာပါ ပီပီပြင်ပြင် သရုပ်ဆောင် နိုင် တဲ့ စွယ်စုံရအနုပညာရှင် တစ်ဦး ဖြစ်ပါ တယ်။

ရုပ်ရှင်ခေတ်ဦး ဖြစ်တဲ့ အဖြူ အမည်း အသံတိတ်ခေတ်တုန်းက သူမို့ စကားမပြောဘဲ အမူအရာနဲ့ အရွှန်း ဖောက်ပြီဆိုရင် တစ်ကမ္ဘာလုံးက ရုပ်ရှင် ပရိသတ်တွေ တဝေါဝေါနဲ့ ပတ်တုတ်လို့ မရအောင် ပွဲကျကြသလို သူမို့ မျက်နှာ သေလေးနဲ့ လွမ်းပြရင် ရုပ်ရှင်ကြည့် ပရိသတ်တွေမှာ သနား ကရုဏာ သက် လို့ မဆုံးနိုင် အောင်ပါပဲ။

soe_nge_article_2
အများအားဖြင့် လူတွေဟာ ဘ၀ကို မိမိကျင်လည်ကျက်စား ရတဲ့ ပတ်ဝန်း ကျင်နဲ့ ခိုင်းနှိုင်းတတ်စမြဲမို့ ရုပ်ရှင် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ချာလီဟာ ရုပ်ရှင်ရိုက်ချက်တွေနဲ့ ဘ၀ကို ခိုင်းနှိုင်း ခဲ့ခြင်း ဖြစ်ပါလိမ့်မယ်။ ထားလိုက် ပါတော့။ အထက်ပါ အဆိုအမိန့်လေးကို ဖတ်ရတဲ့အခါ တူမလေးရဲ့ မျက်နှာကို ပြေးမြင်ယောင်မိပြီး တစိမ့်စိမ့် သဘော ကျရတဲ့ အကြောင်းအရင်းက ဒီလိုပါ။
ကျွန်တော့် တူမလေး သုံးတန်း ကျောင်းသူ ဘ၀ကပေါ့။ တစ်မနက် ကျောင်းမသွားမီ စာကြည့်စားပွဲမှာ ထိုင်ပြီး တရှုံ့ရှုံ့ ငိုကြွေးနေပါတယ်။ ဒီနေ့မှာ သူ့မိဘနှစ်ပါးက ကိစ္စတစ်ခုနဲ့ အပြင်ခဏသွားနေတာမို့ ကျွန်တော်က တူမလေးကို ဘာကြောင့် ငိုနေတာလဲလို့ မေးမြန်းလိုက်ပါတယ်။ ကျွန်တော့် အမေး ကြောင့် တူမလေးက မနေ့က သူ့ အတန်းပိုင် ဆရာမ အိမ်စာပေးလိုက်တဲ့ သင်္ချာတစ်ပုဒ်ကို မတွက်တတ်ကြောင်း၊ ဒါကြောင့် ကျောင်းရောက်ရင် အရိုက်ခံ ရမှာဖြစ်ကြောင်း ငိုယိုပြီး ပြန်ရှင်းပြ ပါတယ်။ ဒီအခါ ကျွန်တော်က ” ဒါလေးများ…ဦးဦး တွက်ပြမှာပေါ့”  လို့ ပေါ့ပေါ့ပါးပါး ပြောဆိုပြီး သူ့ဧရာမ အခက်အခဲကြီးကို ကူညီ ဖြေရှင်း ပေးလိုက်မှ တူမလေးဟာ မျက်နှာငွေလ ဝင်းပပနဲ့ မနက်စာ ဖြောင့်ဖြောင့် စား နိုင်ပါတော့တယ်။
အခု ချာလီရဲ့ အဆိုအမိန့်လေးကို ဖတ်ရမှ ဒီအချိန်တုန်းက တူမလေး အတွက်(ချာလီ့အဆိုအရ)အနီးရိုက်ချက် ဖြစ်နေပြီး ကျွန်တော့်အတွက် အဝေး ရိုက်ချက် ဖြစ်နေမှန်း သိရပါတော့တယ်။ သုံးတန်းကျောင်းသူ ကလေးတစ်ယောက် အတွက် အိမ်စာမပြီးခြင်း၊ ဆရာမ အရိုက် ခံရခြင်း ဆိုတဲ့ အမှုကိစ္စဟာ သူ့အတွက် သေရေးရှင်ရေးတမျှအရေးကြီး နေပေ မယ့် အသက်လေးဆယ်အရွယ် ကျွန် တော့် အတွက်တော့ ရယ်စရာ မောစရာ တစ်ခုအနေနဲ့ ပေါ့ပေါ့ပါးပါး သဘော ထား နိုင်ပါတယ်။ သုံးတန်းကျောင်းသူ ကလေးတစ်ဦးနဲ့ အသက်လေး ဆယ်အရွယ် လူကြီးတစ်ဦးဟာ ဖြတ် သန်းမှုနဲ့ အတွေ့အကြုံချင်း ကွာခြား ချင်တိုင်း ကွာခြားခဲ့ပြီ မဟုတ်ပါလား။ ဒါပေမဲ့ ကျွန်တော်လည်း တူမလေး အရွယ်တုန်းကဆို (ချာလီ့အဆိုအရ) အနီးရိုက်ချက်မို့ ဒီကိစ္စကို သေရေး ရှင်ရေးလို့ သဘောထားမိမှာ အမှန်ပါပဲ။
လောကမှာ လူမှန်သမျှ လက်ရှိ မိမိ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ ပြဿနာကိုသာ အရေးအကြီးဆုံးလို့ သဘောထား တတ်ကြပါတယ်။ လူဆိုတာ အတ္တကို ရှေ့တန်းတင် တတ်ကြတဲ့ သတ္တဝါတွေ ပီပီ ကိုယ့်အရေးလောက် ဘယ်သူ့ အရေးကမှ ပိုအရေးမကြီးဘူးလို့ မှတ်ယူ ထား ကြပါတယ်။
အိုဇုန်းလွှာ ပေါက်တာထက် မိမိ အိမ်ခေါင်မိုး ပေါက်ပြီး မိုးယိုနေတာက ပိုအရေးကြီးတယ်လို့ထင်မှတ် တတ် ကြသလို ဧရာဝတီတိုင်းမှာ နာဂစ် မုန်တိုင်းကြီး ဝင်မွှေလို့ လူသိန်းနဲ့ချီ သေ ဆုံးခဲ့ရတာထက် မိမိအိမ်က ရေကန်မှာ ရေလျှံကျနေတာက ပိုအရေးကြီးတယ်လို့ သဘောထားတတ် ကြပါတယ်။
ဒါကြောင့်လည်း တူမလေး အတွက် အိမ်စာမပြီးလို့ အရိုက်ခံရမယ့် အရေးဟာ ကမ္ဘာပျက်သလို ဖြစ်နေရ ခြင်းပါ။ ဒါပေ မဲ့သူလည်း ကျွန်တော်တို့ အသက်အရွယ် ရောက်ရှိ လာတဲ့အခါ ဒီကိစ္စကို ရယ်စရာ တစ်ခုအနေနဲ့ သဘောထား နိုင်မှာ ဖြစ် သလို ကျွန်တော်တို့လိုပဲ ဒီထက် အဆ ပေါင်း များစွာပိုခက်ခဲ နက်နဲတဲ့ ပြဿနာ ပေါင်း သောင်းခြောက်ထောင်ကို ဆက် လက်ရင်ဆိုင် ဖြေရှင်းနေရဦးမှာပါ။ ဒီအခါ ငယ်စဉ်က ပြဿနာတွေကို အဝေးရိုက်ချက် တစ်ခုအနေနဲ့ ရယ် သွမ်းသွေးနိုင်ပေမယ့် လက်ရှိ ရင်ဆိုင် နေရတဲ့ ပြဿနာတွေဟာ သူ့အတွက် သေရေးရှင်ရေး တမျှ အရေးကြီးတဲ့ အနီး ရိုက်ချက်တွေ ဖြစ်လာ ဦးမှာပါ။
ဒါကြောင့်လည်း ကျွန်တော်တို့ ကိုးကွယ်ဆည်းကပ် ခဲ့ကြတဲ့ ဗုဒ္ဓ ဘုရား ရှင်က လောကီဘုံသား ဆုံလည်နွားတွေ ဖြစ်ကြတဲ့ ကျွန်တော်တို့ကို ကြည့်ပြီး “ပုထုဇနော ဥမ္မတကော” လို့ ဟောကြား ဆုံးမတော်မူခဲ့ခြင်း ဖြစ်ပါလိမ့်မယ်။ နိစ္စဓူဝ တစ်ဝမ်းတစ်ခါး အတွက် လောဘ၊ ဒေါသ၊ မောဟတရား တွေနဲ့ ဆင်းရဲခြင်းကြီးစွာ မပြတ်ရုန်းကန် လှုပ်ရှားနေကြရတဲ့ ပုထုဇဉ်တွေရဲ့ ဘ၀ ဟာ ကိလေသာ ဟူသမျှမြူမှုန်မျှ မကျန် တော့တဲ့ ဘုရားရှင် အတွက်တော့ ကရု ဏာ သက်စရာတစ်ခု ဖြစ်နေမှာ အမှန် ပါပဲ။ တစ်နည်း ပြောရရင် ကျွန်တော်တို့ အတွက် အနီးရိုက်ချက်ဟာ ဘုရားရှင် အတွက် အဝေးရိုက်ချက် တစ်ခုပါပဲ။
အလားတူပဲ ပြင်သစ် ဘုရင်ကြီး တစ်ဦးဟာ ညီလာခံ တစ်ခုမှာ မှူးမတ် တွေကို ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့သလို ” လူတွေ အားလုံးဟာ အရူးတွေချည်းပါ ” လို့ ပြောဆိုခဲ့ပါတယ်။ အခုလို ဘုရင်ကြီး ပြောတဲ့ စကားကို ညီလာခံ ပြီးတဲ့အခါ မှူးမတ်တွေက ရပ်ထဲရွာထဲမှာ ပြန်ပြော ပြတော့ ဒီစကားကို ဒဿန ပညာရှင် တစ်ဦး ကြားသိသွားပါတယ်။ ဒီအခါ ဒဿန ပညာရှင်က ဘုရင်ကြီး ရှေ့တော် မှောက် ဝင်ရောက်ခစားပြီး ဘုရင်ကြီးရဲ့ စကားကို အခုလို ဆင်ခြင်ထုံး တစ်ခုနဲ့ ပြန်လည် ချေပခဲ့ပါတယ်။
” အရှင်မင်းကြီးက လူတွေအားလုံး အရူးတွေလို့ မိန့်ဆိုခဲ့ပါတယ်။
အရှင်မင်းကြီးလည်း လူထဲက လူတစ်ဦး ဖြစ်တဲ့အတွက် အရူး တစ်ယောက် ဖြစ်ပါတယ်။အရူးတစ်ယောက် ပြောတဲ့ စကား ဟာ မမှန်ကန်ပါ။ဒါကြောင့် လူတွေအားလုံးဟာ အရူးတွေဆိုတဲ့ အရှင်မင်းကြီးရဲ့ စကား ဟာ မှားပါတယ်။”
အခုလို ဒဿနပညာရှင် ဖွဲ့ပြတဲ့ ဆင်ခြင်ထုံးကို ဘုရင်ကြီးက နှစ်ခြိုက် တော်မူ လွန်းလို့ ဆုလာဘ်တွေ ပေးသနား ခဲ့သတဲ့။ တော်သေးတာပေါ့၊သဘော ထားကြီးတဲ့ ရှင်ဘုရင်မို့လို့။ အကယ်၍ သဘောထား သေးသိမ်တဲ့ ရှင်ဘုရင်ဆိုရင် ဒီဒဿန ပညာရှင်လည်း ဂယ်လော့တင်း ရဲ့ ဓားစက်အောက်မှာ ခေါင်းပြတ်မှာ သေချာသလောက်ပါပဲ။
တကယ်တော့ ဘုရားဟောလည်း ဒီစကား၊ ရှင်ဘုရင် ပြောလည်း ဒီ စကားပါပဲ။ ဒါပေမဲ့ ဘုရားရှင်က ကိ လေသာ ဟူသမျှကို ပယ်သတ်ခဲ့ပြီး ဖြစ် လို့ အဝေးရိုက်ချက် ဖြစ်ပြီး ထီးနန်း စည်းစိမ်ကြား ယစ်မူးနေတဲ့ ရှင်ဘုရင်က အနီးရိုက်ချက် ဖြစ်နေလို့ အခုလို ပြန် လည် ချေပပြောဆို ခံရခြင်းပါ။ အကယ် ၍များ ပြင်သစ် ဘုရင်ကြီးဟာ သိဒ္ဓတ္ထ မင်းသားလို ထီးနန်းစည်းစိမ်ကို စွန့်ပြီး ကိလေသာ ဟူသမျှကို ပယ်သတ် နိုင်ခဲ့ ရင် ဘယ်သူက ပြန်လည် ချေပနိုင် လိမ့် မလဲ။
တကယ်တော့ ချာလီရဲ့ အနီး ရိုက်ချက်နဲ့ အဝေးရိုက်ချက် ဆိုတာ အ ချိန်ကို တင်စားပြီး ပြောဆိုခဲ့ခြင်း ဖြစ်ပါ တယ်။ လောကမှာ အချိန်ဆိုတာ ဒဏ်ရာ ဒဏ်ချက်တွေကို ကုစားပေးနိုင်တဲ့ သမား တော်ကြီး တစ်ဦးပါ။
ဆိုကြပါစို့။ ဒီနေ့ ဒီအချိန်မှာ ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ အခက်အခဲတွေဟာ နောင်တစ်ချိန်မှာ ရယ်စရာ အဖြစ်အပျက် တစ်ခု သော်လည်းကောင်း၊ စကားကြုံလာလို့ ပြန်ပြောင်း ပြောပြစရာ ရှေးဟောင်း နှောင်းဖြစ်လေး တစ်ခု သော်လည်း ကောင်း ဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့ ရင်ဆိုင်ဖြတ်သန်း နေရတဲ့ ကာလမှာတော့ ဒီထက် ခက်ခဲတာတောင် ဒီလောက် မခက်ခဲဘူးလို့ ထင်မှတ် တတ်ကြစမြဲပါ။
တကယ်တော့ ဘ၀ဆိုတာ အဆုံး မရှိတဲ့ ဂိမ်းတစ်ခုပါပဲ။
Level တစ်ခုကို ကျော်ဖြတ်နိုင်တိုင်း ရှေ့မှာ ဒီထက် ပိုခက်ခဲတဲ့ Level တစ်ခု က အသင့် ဆီးကြို နေဦးမှာပါ။