လာဘ်မပေးခြင်းဖြင့် ပြောင်းလဲချိန်တန်ပါ

0
587

လာဘ်ပေး လာဘ်ယူမှုကိစ္စကို တိုက်ဖျက်မည်ဟု အစိုးရသစ်က ပြောသည့် အခါ ဤသပွတ်အူဇာတ်ထုပ်ကို မည်သို့အချိန်တိုတိုဖြင့် ရှင်းမည်မသိဟု စောကြောမိသည်။အစိုးရသစ်တက်ပြီးပြီးခြင်း လက်ဆောင်နှင့်ပတ်သက်သည့် ညွှန်ကြား ချက်ထွက်လာသည့်အခါ မဆိုးဘူးဟု မယုတ်မလွန်မှတ်ချက်ပြုမိသည်။


ပြီးခဲ့သည့် ဧပြီလ ၂၀ က နေပြည်တော်တွင် မဏ္ဍပ်ထိုးသည့်မီဒီယာကုမ္ပဏီ ကြီးတစ်ခု၏ ကျပ်သိန်း ၅၀ လာဘ်ပေးမှုနှင့်ပတ်သက်ပြီး လာဘ်ပေးသည့် မီဒီယာကုမ္ပဏီအား အသိပညာပေးသည့်စာကိုထုတ်ပြန်ခဲ့ရာ နိုင်ငံအဝှမ်း သောင်းသောင်းဖျဖျ ဖြစ်ခဲ့ကြသည်။
ယင်းအသိပညာပေးစာကိစ္စကို ထောက်ချင့်ပါကပေးသူရော၊ ယူသူပါ မချောင်သည့်သဘောပင်။ တာထွက်ကောင်းသည်ဟု ပြောရပေမည်။ ယင်းအခြေ အနေကို ဆက်ထိန်းထားရန်လိုပေသည်။
ဤတွင် သန်း ၅၀ ကျော်သောပြည်သူများ၏ ပြောင်းလဲချင်သည့်ရေချိန်မှာ အရေးကြီး လာပေသည်။
အောက်ခြေပြည်သူအများစုကြုံရသည့် စာရွက်စာတမ်းဖိုး၊ လက်ဖက် ရည်ဖိုး၊အလှူငွေဟု ခေါင်းစဉ်တပ်ထားသည့်လာဘ်ပေးရမှုနှင့်ပေါ်ပေါ်တင်တင်ပေးရသည့်လာဘ်ပေးရသည့်ကိစ္စများသည် တောင်းသူများကမပြောင်းလဲ လျှင်ပေးနေရသူများက ရဲရဲပြောင်းရန် တွန်းရပေမည်။
အပြောင်းအလဲအတွက် အများစုဖြစ်သည့် ပြည်သူ၏ အားသည်အတော်ကို အရေးကြီးပေသည်။
ပြည်သူလူထုမပါလျှင် ယခုထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များသည် လည်း ရှေ့တစ်မျိုး ကွယ်ရာတစ်ဖုံဆိုတာမျိုးဖြင့် လက်တစ်လုံးခြား လုပ်ခံရ မည်ဖြစ်သည်။
ပြည်သူများက မပြောင်းရဲလျှင် တနည်းအားဖြင့်ပေးသူများက မပြောင်းရဲ လျှင် သူ့ဘက် ကိုယ့်ဘက်ကိုယ်ကျိုးစီးပွားများနှင့် ပတ်သက်နေသည့်အတွက် ပေးခြင်းယူခြင်း အမှုသည် ပုံစံမျိုးစံနှင့် ရှိနေဦးမည် ဖြစ်သည်။
ထို့ကြောင့် ရွေးကောက်ပွဲကာလက ကိုယ်စီကိုယ်စီနှစ်ခြိုက်ခဲ့သည့်    “ပြောင်းလဲချိန်တန်ပြီ ” ဟူသည့် လက်ရှိအာဏာရပါတီဖြစ်သည့် NLD ပါတီ ကြွေးကြော်သံကို နှစ်ခြိုက်သကဲ့သို့ပင် လာဘ်မပေးခြင်းဖြင့် ပြောင်းလဲချိန်တန် ကြောင်း ပြသရန် လိုပေသည်။
ယင်းကြွေးကြော်သံဖြင့် အာဏာရလာသည့် အစိုးရ ကိုယ့်ကြွေးကြော်သံ ကိုယ် မမေ့အောင် ပြည်သူများက ပြန်လှုပ်နှိုးရမည် ဖြစ်သည်။