တိုင်းအတွင်းရှိ အလုံပိတ်အခန်းပါ စားသောက်ဆိုင်များ ချက်ချင်းပိတ်ရန် ဝန်ကြီးချုပ် ညွှန်ကြား

0
411

တနင်္သာရီတိုင်းအတွင်းရှိ စား သောက်ဆိုင်အမည်ခံ ကာရာအိုကေ KTV အလုံပိတ်အခန်းပါ ဆိုင်များကို ချက်ချင်းပိတ်သိမ်းရန် တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့ မော်က ညွှန်ကြားလိုက်သည်။


ဝန်ကြီးချုပ်၏ ဧပြီလ ၂၃ ရက် မောင်းမကန်ကမ်းခြေခရီးစဉ်တွင် ဒေသ ခံတစ်ဦး၏ တင်ပြချက်အရ ကမ်းခြေ အနီးဆိုင်တန်းများကို စစ်ဆေးရာမှ အလုံပိတ်အခန်းများတွေ့ရှိပြီးနောက် ယင်းသို့သော ဆိုင်များကို တစ်တိုင်း လုံးတွင် ပိတ်သိမ်းရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
” အမျိုးကောင်းသမီးတွေ ဒုက္ခ ရောက်သွားနိုင်သလို မူးယစ်ဆေး သုံးစွဲ နိုင်မှုကိုလည်း အားပေးရာရောက်တယ်၊ ချက်ချင်းပိတ်ပြီး ဥပဒေနဲ့ညီအောင် ဖွင့်မယ်ဆိုမှ ခွင့်ပြုပါ”  ဟု ဒေါက်တာ လဲ့လဲ့မော်က အစိုးရအဖွဲ့ ညွန်ကြားရေးမှူး အပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကို စစ်ဆေးတွေ့ရှိသည့်ဆိုင်အတွင်း၌ ပင် ညွှန်ကြားခဲ့သည်။
ယင်း အလုံပိတ်အခန်းများငှားခမှာ တစ်နာရီ ၃၅၀၀ ကျပ်မှ ၇၀၀၀ ကျပ် ကြား ပေးရပြီး အမျိုးသမီးငယ်ဖြင့် ဆိုင်မှ ဝန်ဆောင်မှု ပေးလေ့ရှိကြောင်း၊ အခန်းအတွင်းသို့ အပြင်မှ မမြင်ရသည့် အပြင် အတွင်းမှ ဂျက်ချထားနိုင်သောအခန်းမျိုးပါရှိကြောင်း ယင်းဆိုင်မျိုးသို့ သွားဖူးသူများက ဆိုသည်။
ယင်းသို့ သွားရောက်မစစ်ဆေးမီ ဒေသခံတစ်ဦး တင်ပြစဉ်က မြို့နယ်ရဲမှူး နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းတို့က ယင်းသို့သော အလုံပိတ်ဆိုင်ခန်းများ မရှိဟု ငြင်းဆိုခဲ့သော်လည်း စစ်ဆေး မှုကြောင့် အလုံပိတ်ခန်းတွေ့သောအခါ ၎င်းတို့အနေဖြင့် မသိရှိကြောင်း ငြင်းဆို ခဲ့ကြသည်။
” အဲလိုဆိုင်တွေ မောင်းမကန်မှာ တင် ၁၁ ဆိုင်လောက်ရှိတယ်၊ အမျိုး ကောင်းသားသမီးတွေဆို ညဖက် ကမ်း ခြေ မလာရဲအောင် ဖြစ်နေတယ်၊ အခုလို ပိတ်ခိုင်းတာကို ကြိုဆိုတယ်”  ဟု မောင်း မကန် ရွာသားတစ်ဦးက ပြောသည်။
ယင်းသို့သော အလုံပိတ် အခန်း ပါဆိုင်များ ထားဝယ်၊ မြိတ်၊ ကော့သောင်း မြို့တို့တွင်ပါရှိနေကြောင်း စားသောက် ဆိုင်လုပ်ငန်းရှင်အသိုင်းအဝိုင်းက ဆို သည်။
မောင်းမကန်ကမ်းခြေသို့ အမှိုက် ကိစ္စ ကိုင်တွယ်ဖြေရှင်းရန် သွားရောက် ခဲ့သော ဝန်ကြီးချုပ်သည် မောင်းမကန် ဆေးရုံနှင့် မောင်းမကန်လျှပ်စစ်ရုံးမြေနေရာကိစ္စများအတွက်လည်း လိုအပ် ချက်များကို ညွှန်ကြားခဲ့သည်။