ဖြောင့်ချက်

0
515

အသက်အရွယ်နဲ့ ဖြတ်သန်းမှုလေး အတော်အသင့် ရလာလို့လား မသိဘူး။စကားပြောတဲ့အခါ ယတိပြတ် အသုံး အနှုန်းတွေကို ပြောဆို သုံးနှုန်းဖို့ နည်း နည်း နှုတ်တွန့်မိတာ အမှန်ပါပဲ။ဆိုကြ ပါစို့။

ငယ်စဉ်က ” တစ်သက်လုံး” နဲ့ ” ဘယ်တော့မှ” ဆိုတဲ့ အသုံးအနှုန်းတွေကို ပြောဆို သုံးနှုန်းတိုင်း ” ငါ့လောက် သန္နိ ဋ္ဌာန် ခိုင်မြဲသူ ဤဇမ္ဗူတစ်ခွင်မှာ ရှိရိုး လား”  ဆိုတဲ့ အတွေးနဲ့ ဂုဏ်ယူ ဝင့်ကြွား မိပေမယ့် အသက်အရွယ်လေး ရလာတော့ ဒီယတိပြတ် အသုံးအနှုန်းတွေကို ပြောဖို့ နည်းနည်း လန့်လာပါတယ်။အကယ်၍ တစ်ခါတရံ ဒီအသုံးအနှုန်းတွေကို အမှတ် မထင် ပြောဆိုမိတိုင်းလည်း သိုးဆောင်း အဆိုအမိန့်လေး တစ်ခုကို အလိုလို သတိရမိပါတယ်။
” We are not allowed to read another page of life. ”

” မည်သူမျှ ဘ၀ကို စာမျက်နှာ ကျော်ဖတ်လို့ မရပါ” တဲ့။
လူတိုင်းလူတိုင်း ဘ၀မှာ ကြိုတင် မျှော်လင့်မထားတဲ့ အရာတွေ့ကြုံတွေ့ရ စမြဲမို့ တစ်ခါတရံ မိမိ ဆုံးဖြတ်ချက်ကို အကြောင်းကြောင်း ကြောင့် ပြင်လိုက် ရတာတွေ ရှိတတ်ပါတယ်။ဘ၀ဆိုတာ ဒီပုစ္ဆာကို ဒီတွက်နည်းအတိုင်း တွက်ရင် ဒီအဖြေပဲ ထွက်တဲ့ သင်္ချာတစ်ပုဒ် မဟုတ် လေတော့ တစ်ခါတရံ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေနဲ့ ပက်ပင်းတိုးမိ တတ် ပါ တယ်။ ဒီအခါ ကာလ၊ဒေသ၊ ပယောဂ အပေါ် မူတည်ပြီး မိမိ ဆုံးဖြတ်ချက်ကို မပြင်ချင်ဘဲ ပြင်လိုက်ရတာတွေ ရှိတတ် စမြဲပါ။

confess_laq
ဒီနေရာမှာ အကြောင်း တိုက်ဆိုင် လာလို့ သူငယ်ချင်း တစ်ယောက် အကြောင်း ပြောပြ ချင်ပါတယ်။ငယ်စဉ်က ရာဂျူးဆိုတဲ့ ဟိန္ဒူကုလားလေး တစ် ယောက်နဲ့ ကျွန်တော် သူငယ်ချင်း ဖြစ်ခဲ့ ဖူးပါတယ်။ ရာဂျူးတို့ မိသားစုဟာ ကျွန် တော်တို့ အိမ်ရဲ့ အဖီလေးမှာ ငှားရမ်း နေထိုင်ပြီး သူ့ဖခင်က ပင်မင်းလုပ်ငန်း လုပ်ကိုင်ပါတယ်။ ရာဂျူးရဲ့ ဖခင်ဟာ အလုပ်သမား ငှားရမ်းနိုင်ခြင်း မရှိဘဲ တစ်ကိုယ်တော် ရုန်းကန် လှုပ်ရှား ရတာ မို့ တော်တော်ဆင်းရဲ ပင်ပန်းလှပါတယ်။

ဒါကြောင့် ညနေ အလုပ်သိမ်းချိန်ဆို တောအရက်လေး ထွေနေအောင် သောက် ပြီးမှ အိမ်ပြန်လာ လေ့ရှိပါတယ်။အိမ်ပြန် ရောက်တော့လည်း ထမင်းဝိုင်းပြင်ပြီး စောင့်နေတဲ့ ဇနီး ဖြစ်သူကို အမျိုးမျိုး ပြဿနာရှာပြီး ရိုက်မောင်း ပုတ်မောင်း လုပ်လေ့ ရှိပါတယ်။ တစ်ခါတရံ ရာဂျူး တောင် အဆစ်ပါသွားပြီး မဆီ မဆိုင် အရိုက်ခံ ရတတ်ပါတယ်။ အခုလို ကိုယ် က ဘာအပြစ်မှ မကျူးလွန်ဘဲ မကြာခဏ အရိုက်ခံရတော့ ရာဂျူးမှာ စိတ်ဒဏ်ရာ ရလာပါတယ်။ သူ့ ဖခင်ကြီးဟာ သာမန် အချိန်မှာ အလွန်အေးဆေးပေမယ့် အရက်မူးလာရင် သူတို့သားအမိကို အမြဲလိုလို ရမယ်ရှာပြီး ရိုက်ပုတ်တတ် တာမို့ ဒါအရက်ကြောင့် ဖြစ်တာလို့ ယုံကြည်တဲ့ ရာဂျူးကလေး ဘ၀ ကတည်းက အရက်မုန်းတီးရေး ဝါဒီ တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် စကား ကြုံတိုင်းလည်း ” ငါတော့ အရက်ကို တစ်သက်လုံးမသောက်ဘူး”  ” ဘယ် တော့မှ မသောက်ဘူး” လို့ သူငယ်ချင်း တိုင်းကို ယုံယုံကြည်ကြည်နဲ့ တဖွဖွပြော လေ့ရှိပါတယ်။
ဒီလိုနဲ့ ကျွန်တော်တို့နှစ်ဦး ကလေး ဘ၀ကို အတူ ဖြတ်သန်းခဲ့ ကြပြီး ရာဂျူး အိမ်ထောင်ရက်သားတွေ ကျပြီးမှ အရင် လို မတွဲဖြစ်ကြတော့ပါဘူး။ တစ်လောက ညဘက်ကြီး ရာဂျူးနဲ့ ကျွန်တော် ကွမ်း ယာဆိုင် တစ်ဆိုင်မှာ အမှတ်မထင် ဆုံကြပါတယ်။ မတွေ့ရတာ ကြာပြီမို့ ကျွန်တော်က သူ့ကို ဝမ်းသာအားရ နှုတ် ဆက်လိုက်တော့ ရာဂျူးခမျာ မလုံမလဲ ဖြစ်နေပါတယ်။ ဒါနဲ့ အနီးအနား ရောက် ရှိသွားတဲ့အခါ ရာဂျူးခန္ဓာကိုယ်က ထောင်းခနဲ ထွက်လာတဲ့ အရက်နံ့ကို ရှူရှိုက်လိုက်ရမှ သူဘာကြောင့် မလုံမလဲ ဖြစ်နေမှန်း ကျွန်တော် သိလိုက်ရတယ်။လက်စသတ်တော့ ငယ်စဉ်က အရက် မုန်းတီးရေး ဝါဒီ တစ်ဦးဖြစ်တဲ့၊ အရက် ကို တစ်သက်လုံး မသောက်ဘူးလို့ သူ ငယ်ချင်းတွေကို တွင်တွင်ကြီး ပြောဆို ခဲ့တဲ့ ရာဂျူးဟာ အခုတော့ ယမကာလေး တမြမြနဲ့ ဖြစ်နေပြီကိုး။

ဒါကြောင့် ကျွန်တော့်ကို တွေ့တာနဲ့ မလုံမလဲ ဖြစ် နေတာပေါ့။ဒါပေမဲ့ကျွန်တော်က မသိချင် ယောင်ဆောင်ပြီး စကားရော ဖောရော လုပ်ပေမယ့် ရာဂျူးရဲ့အမူအရာဟာ ပျက် မြဲမို့ အာလာသလ္လာပလေး အနည်း အကျဉ်းပြောဆိုပြီး လမ်းခွဲလိုက်ပါတယ်။
ဒီညက ရာဂျူးကို အကြောင်းပြုပြီး ကျောင်းစာသင်ခန်း တွေထဲမှာ မသင်ခဲ့ ရတဲ့ သင်ခန်းစာလေး တစ်ခုရခဲ့ပါတယ်။ ဒီသင်ခန်းစာကတော့ ” တစ်သက်လုံး”  နဲ့ ” ဘယ်တော့မှ ” ဆိုတဲ့ ယတိပြတ် အသုံးအနှုန်းတွေကို ဆင်ဆင်ခြင်ခြင် သုံးနှုန်းဖို့၊မလိုအပ်ရင် မသုံးအနှုန်းဘဲ အတတ်နိုင်ဆုံး ရှောင်ရှား ဖို့၊အကယ်၍ လူရှေ့ သူရှေ့မှာ သုံးနှုန်းမိပြီဆိုရင်လည်း ဆိုခဲစေမြဲစေဆိုသလို တည်မြဲ အောင် စောင့်ထိန်းဖို့ပါပဲ။
ဒါတွေအပြင် ငယ်စဉ်က ” ဂုဏ်ယူ စရာ”  လို့ ထင်မှတ်ခဲ့တဲ့ လုပ်ရပ် တချို့ ကို အခု အသက်အရွယ်ရောက်တော့ ” ရှက်စရာ”  မှန်း ခွဲခြားနားလည် တတ်ခဲ့ ပါတယ်။ မြီးကောင်ပေါက် အရွယ်ရောက်တဲ့ အချိန်မှာ ကျွန်တော်ဟာ လူရာဝင်ပြီဖြစ်ကြောင်း ပြသချင်လို့ မိဘစကားကို မှန်မှန်းသိလျက်နဲ့ ဖြစ်စေ၊ မသိဘဲဖြစ်စေ ဆန့်ကျင်ပြခဲ့ပါတယ်။မိဘက မကောင်းမှန်းသိလို့ တားမြစ်ထားတဲ့ အရာတွေကို မဖြစ်မနေ လုပ်ပြခဲ့သလို မိဘက မသွားနဲ့လို့ တားမြစ်ထားတဲ့ အရပ်ဒေသတွေကို မရောက်ရောက်အောင် တမင်တကာ သွားပြခဲ့ပါတယ်။ အခုလို မိဘ စကားကို တမင်တကာ ဆန့်ကျင်မိတိုင်းလည်း အမှားတွေ့ပေမယ့် ဘယ်တော့မှ နောင်တမရခဲ့ ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့် လုပ်ရပ်ဟာ လူလားမြောက်တဲ့ လူငယ်တစ်ဦးရဲ့ လွတ်လပ်စွာ ဆုံးဖြတ် ပိုင်ခွင့်လို့ ခံယူပြီး တလွဲဂုဏ်ယူနေမိလို့ပါပဲ။
ဒါတင်မက အရာရာကို စူးစမ်းလေ့လာတတ်တဲ့ လူငယ်ပီပီ ဟိုစပ်စပ် ဒီစပ်စပ်လေးတွေလည်း မိဘတွေ မသိအောင် တိုးတိုးတိတ် တိတ် လက်တည့် စမ်းဖူးပါတယ်။ ဆေးခြောက်ဆိုလည်း မစို့မပို့လေး ရှူခဲ့ဖူးသလို ဖန်စီဒိုင်းကိုလည်း စမ်းသောက်ဖူးတာပါပဲ။ ထိုနည်း တူစွာ အရက်ဆိုလည်း နာမည်ပျက်ရုံလေး သောက်ခဲ့ဖူးပါတယ်။ ဘိန်းဖြူခေါ် နံပါတ်ဖိုးတောင် သွေးကြောထဲ ဆေးထိုးအပ်ကြီးနဲ့ ထိုး သွင်းရမှာကြောက်လို့ မသုံးစွဲခဲ့ဖူးတာပါ။ အကယ်၍ ဆတ်ဆော့ပြီး စမ်းသုံးကြည့်မိရင် အခုလောက်ဆို အရိုးဆွေးနေလောက်ပြီ။ အခုခေတ် လို WY ဆေးပြားတွေ (သူတို့လောက အခေါ် ” ဝင်းရီ” )ကို ဦးချိန်တီ အစာကြေဆေးလို လွယ်လင့်တကူဝယ်ယူလို့ရနိုင်ရင်တော့ မူးယစ် ဆေးရဲ့ သားကောင်ဖြစ်မှာ သေချာသလောက်ပါပဲ။
ကျွန်တော့်အထင် ခေတ်အဆက်ဆက်က လူငယ်အတော်များ များဟာ အခုလိုစုံနေအောင် စမ်းသပ်ဖူးမှ ခေတ်မီတယ်၊ ယောက်ျား ကောင်းပီသတယ်လို့ ခံယူထားကြပါတယ်။ ဒါကြောင့် လက်တည့် စမ်းရင်း တချို့ဆို ဘရိတ်ပေါက်ပြီး ယမကာ လုလင်ဖြစ်သူကဖြစ်၊ မူးယစ်ဆေးဝါးကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသူက သေဆုံးခဲ့သလို ဘ၀ပျက်သူက ပျက်ခဲ့ရပါတယ်။ ဒါပေမဲ့ အရင့် အရင် ဘ၀တွေက ဖြည့်ဆည်းခဲ့တဲ့ အထုံပါရမီက နည်းခဲ့လို့လား ဒါမှမဟုတ် ကိုယ်စောင့် နတ်ကပဲ လက်မခံလို့လား မသိဘူး။ ကျွန်တော် စမ်းသပ်သုံးစွဲခဲ့ဖူးတဲ့ မူးယစ်ဆေးဝါးတွေကို တစ်ခုမှ မစွဲလန်းခဲ့ပါဘူး။ ချွင်းချက်အနေနဲ့ ပြောရရင် အရက်ကိုတော့ အခုထက်ထိ အခင်အမင် မပျက်ရုံလေး သောက်နေဆဲပါပဲ။ ဒါပေမဲ့ ကိုယ်က နည်းနည်းသောက်ရင် များများ မူးပြီး နောက်နေ့ဆို အရက်နာကျပြီမို့ ရံဖန်ရံခါက လွဲလို့တကူးတက မသောက်ဖြစ်သလောက်ပါပဲ။

 

ဒါတွေအပြင် လူငယ်ဘ၀မှာ တခြား သည်းထိတ်ရင်ဖို စွန့်စားခန်းလေးတွေလည်း ကြုံရင် ကြုံသလို စမ်းသပ်ခဲ့ဖူးပါတယ်။ တကယ်တမ်း သေသေချာချာ တွေး ကြည့်ရင် တစ်ချိန်က လူငယ်ပီပီ စူးစမ်းချင်စိတ်၊ လူရာဝင်ချင်စိတ်နဲ့ တလွှဲဆံပင် ကောင်းခဲ့တာကို ဂုဏ်ယူစရာလို့ ထင်မှတ်ခဲ့ပေမယ့် အခုချိန်မှာတော့ ရယ်ချင်သလိုလို ရှက်ရွံ့သလိုလို ဖြစ်မိပါတယ်။ တစ်ချိန်က မိဘစကားကို ဆန့်ကျင်လိုက်ရတိုင်း မိမိကိုယ်မိမိ မဟာ အိုင်ဒီယာ တော်လှန်ရေးသမားကြီးလို့ အထင်ရောက်ခဲ့ပေမယ့် အခုချိန် မှာ ကိုယ့်စကားကို တူလေး၊ တူမလေးတွေ နားမထောင်ရင် ” အင်း…. ဒီကလေးတွေလည်း ငါတို့ ငယ်ငယ်တုန်းက လိုပါလား” လို့ တွေးမိပြီး စိတ်မသက်မသာ ဖြစ်ရပါတယ်။ ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာပဲ သူတို့လေးတွေလည်း ငါတို့ အရွယ်ရောက်တဲ့အခါ အလိုလို နားလည် သဘောပေါက်မှာပါလေလို့ ဖြေတွေးလေး တွေးပေးလိုက် မိပါတယ်။
အခု ဒီဆောင်းပါးကို ရေးနေရင်း ကွယ်လွန်သွားပြီဖြစ်တဲ့ သမိုင်း ပညာ ရှင်ကြီး ဒေါက်တာသန်းထွန်းက သူ့တပည့်တွေကို ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းကို သတိရမိပါတယ်။
” လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ရေး ခဲ့တဲ့ စာအုပ်ကို ပြန်ဖတ်ကြည့်၊ အကယ်၍ ဘာမှဖြည့်စွက် ပြင်ဆင်စရာ မရှိတော့ဘူး၊ အားလုံး အိုကေ ဆိုရင် ဒီလူဟာ ၁၀ နှစ်လုံးလုံး ဘာအလုပ်မှမလုပ်ခဲ့ဘူးလို့သာ မှတ် လိုက်ပေတော့” တဲ့။ ကျွန်တော့်အထင် သူတို့ သမိုင်းပညာရပ်နယ် ပယ်မှာ အသစ်ထပ်မံတွေ့ရှိချက်တွေ များလွန်းလှပြီး မကြာခဏ ဆိုသလို ကနဦးတွေ့ရှိချက်ကို ထပ်မံဖြည့်စွက် ပြင်ဆင်နေရတာကြောင့် ဆရာကြီးက အခုလို ပြောကြားခဲ့ခြင်း ဖြစ်ပါလိမ့်မယ်။ ဆိုကြပါစို့။ဆရာကြီးရဲ့ အဆိုအမိန့်ဟာ သမိုင်းပညာရပ် နယ်ပယ်တစ်ခုတည်း အတွက် ရည်ရွယ်ပြီးပြောခဲ့တာလို့ ဘောင်ခတ်မထားဘဲ နယ်ပယ် တိုင်းနဲ့ သက်ဆိုင်ပါလားလို့ ဖြန့်ကျက် တွေးတောကြည့်လိုက်တော့……
ဘာလိုလိုနဲ့ ကျွန်တော့် အသက်က ၄၆ နှစ် ရှိခဲ့ပါပြီ။ ပညာရှင် တွေရဲ့ တွက်ချက်မှုအရ လူ့သက်တမ်းဟာ ပျှမ်းမျှ နှစ်ပေါင်း ၇၀ ဆိုတော့ ကျွန်တော့် သက်တမ်းဟာ ၃ ပုံ ၂ ပုံ ကုန်ဆုံးခဲ့ပါပြီ။ အခုလို ဖြတ်သန်းမှုလေး အတော်အတင့်ရလာချိန်မှာတော့ ကျွန်တော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀-၃၀ခန့်က ပြုမူပြောဆို ခဲ့တာတွေကို ပြန်လည် ဖြည့်စွက်ပြင်ဆင်နေမိသလို အကယ်၍များ ကံအားလျှော်စွာ နောက် ထပ် နှစ်ပေါင်း ၂၀လောက် နေရဦးမယ်ဆိုရင် ဒီနေ့ ဒီအချိန်မှာ ပြုမူ ပြောဆိုခဲ့တာတွေကို ထပ်မံဖြည့်စွက် ပြင်ဆင်နေရဦးမယ် ထင်ပါရဲ့။ အကယ်၍ ဖြည့်စွက် ပြင်ဆင်စရာလေးတွေ တွေ့ခဲ့ရင် ဆရာကြီး