လေးကျွန်းသို့လာလည်သူများ အစားအသောက် ယူဆောင်လာခွင့်တားမြစ်၊ အမှိုက်ကြေးကောက်မည်

0
421

မြိတ်ကျွန်းစုအတွင်းရှိ လေးကျွန်း ပင်လယ်ပြင် ကမ်းခြေသို့ အပန်းဖြေ သွားရောက်လည်ပတ်သူ များပြားလာပြီး အမှိုက်များစည်းကမ်းမဲ့စွန့်ပစ်မှု များပြား လာသည်ဟုဆိုကာ အစားအသောက်ယူ ဆောင်လာခွင့်ကို ကန့်သတ်လိုက်ကာ အမှိုက်ကြေးကိုလည်း ကောက်ခံသွား မည်ဖြစ်ကြောင်း ခရီးသွားကုမ္ပဏီ တစ်ခု က ထုတ်ပြန်လိုက်သည်။


ယင်းကျွန်းလုပ်ကိုင်ခွင့်ရရှိထားသည်ဆိုသော Blue Ocean Star Resort & Travel Co., Ltd  ကုမ္ပဏီမှ သဘာဝ ပတ်ဝန်းကျင် အညစ်အကြေးများ စီမံခန့် ခွဲရေးအတွက် ဧပြီလ တစ်ရက်နေ့မှ စတင် ၍ ခရီးသည်တစ်ဦးလျှင်ကျပ် ၃၀၀၀ ဖြင့် စတင် ကောက်ခံသွားမည်ဖြစ်ကြောင်း ယင်း ကုမ္ပဏီထံမှ သိရသည်။
လေးကျွန်း ပင်လယ်ပြင် အပန်းဖြေ ကမ်းခြေသည် ၂၀၁၅ ခုနှစ်၊  စတင်ဘာ လမှ စတင်၍ ခရီးသွားဝန်ဆောင်မှု လုပ်ကိုင်သူအချို့ ဦးဆောင်၍ ပို့ဆောင် ပေးရာမှ သွားရောက်အပန်းဖြေသူများ ပြားလာခဲ့သည်။ “လေးကျွန်းကမ်းခြေမှာက အခုဆို ရင် အပန်းဖြေသူတွေ အတော်များများကို လာရောက် လည်ပတ်တာ တွေ့ရပါတယ်။ ဒါပေမယ့် အများစုက စည်းကမ်းမရှိတာ ကြောင့် ကမ်းခြေမှာ အမှိုက်တွေ အရက် ပုလင်းတွေ ဘီယာဗူးခွံတွေနှင့် အညှိ အဟောက်တွေ စွန့်ပစ်နေတာတွေ့ရလို့ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ တိုင်းဒေသ ကြီးအစိုးထံ လုပ်ပိုင်ခွင့် တရားဝင် လျှောက် ထားပြီး အခုလို ကောက်ခံတာဖြစ်ပါတယ် ” ဟု ယင်း ကုမ္ပဏီ၏ Project Developer   ဦးကျော်မိုးက ဆိုသည်။
မြန်မာတစ်ဦးလျှင် ကျပ် ၃၀၀၀၊ နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန် ဒေါ်လာ ငါးဒေါ်လာ ကောက်ခံသွားမည် ဖြစ်ပြီး ပြင်ပအစားအသောက်များ လည်း ယူဆောင်ခွင့်ပြုတော့မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
ယင်းကဲ့သို့လေးကျွန်း ပင်လယ်ပြင် ကမ်းခြေ အပန်းဖြေသူများထံမှ သဘာဝ ပတ်ဝန်းကျင်စီမံခန့်ခွဲရေးအခ ကောက်ခံ မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာခရီး သွားဝန်ဆောင်မှုလုပ်ကိုင်သည့် ကုမ္ပဏီ များ၊ သယ်ယူပို့ဆောင်ပေးနေသော လျှပ်ပြေးယာဉ်များ၊ ဟိုတယ်များထံ အသိပေးစာ ပေးပို့ထားပြီပြီး ဖြစ်ကြောင်း ယင်း ကုမ္ပဏီထံမှ သိရသည်။
” ကျွန်တော်တို့ ခရီးသွားဝန်ဆောင် မှုလုပ်ကိုင်သူတွေဘက်ကလည်း အမှိုက် တွေကိုပြန်ကောက်၊ သိမ်းတာတော့ ရှိပါ တယ်။ အခု ကုမ္ပဏီတစ်ခုကနေပြီး တရား ဝင်လာပြီး ကမ်းခြေမှာ ကောက်ယူ သိမ်း ဆည်းမယ်ဆိုတော့ ဘာမှတော့ ပြောပိုင် ခွင့်တော့မရှိပါဘူး။ ဒါပေမယ့် အပန်း ဖြေခရီးသည်တွေမှာတော့ ဝန်ဆောင်ခ တိုးသွားတာပေါ့ ”  ဟု လေးကျွန်းကမ်းခြေ ခရီးစဉ်ပြေးဆွဲပေးနေ သူ တစ်ဦးဖြစ်သည့် ကိုအောင်ဆန်းလင်းက ပြောသည်။
လေးကျွန်း ပင်လယ်ပြင် အပန်းဖြေ ကမ်းခြေသည်၊ မြိတ်မှ ရေမိုင် ၃၆ မိုင် ခန့်ကွာဝေးပြီး၊ရှပ်ပြေးအမြန် ရေယာဉ် များဖြင့် ၂ နာရီကျော်နီးပါး မောင်း နှင်ရကာ မြိတ်မြို့ အခြေစိုက်ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း ၅ ခုမှ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေများတွင် ပြေးဆွဲ ပေးလျက်ရှိသည်။
Blue Ocean Star Resort & Travel Co., Ltd ကုမ္ပဏီမှ လေးကျွန်း ပင်လယ်ပြင် အပန်းဖြေကမ်းခြေတွင် လက်ရှိ အပန်းဖြေသူများ လာရောက်လည်ပတ် နိုင်ရန် စားသောက် ဆိုင်များ၊ ထိုင်ခုံများ၊ ဘန်ဂလိုများ၊ အိမ်သာများနှင့်နေရာ ထိုင်ခင်းများကို ဝန်ဆောင်မှုပေးသွား မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ကုမ္ပဏီသည် လေးကျွန်း အပန်းဖြေစခန်း လုပ်ကိုင်ခွင့်အတွက် တိုင်းဒေသကြီး အစိုးရထံမှ လုပ်ပိုင် ခွင့်ရရှိထားကြောင်း ဦးကျော်မိုးက ဆိုပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် သို့ ဆက်လက် တင်ပြထားကြောင်း သူ၏ အဆိုအရ သိရသည်။