ယစ်မျိုးလိုင်စင်အသစ် ထပ်မံ မချပေးတော့ဟုဆို

0
638

ယစ်မျိုးလိုင်စင်အသစ် လျှောက် ထားမှုအား တစ်နိုင်ငံလုံး ထပ်မံချပေး ခြင်းမရှိတော့ဘဲ ပြည်သူအကျိုးအတွက် ကန့်သတ်ထားကြောင်း ထားဝယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက ပြောကြားသည်။


ဧပြီလ ၁ ရက်နေ့ ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်သည့် ထားဝယ်မြို့နယ်အတွင်းရှိ ယစ်မျိုးလိုင်စင်ရရှိထားသူများအား အသိ ပေးရှင်းလင်းပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။
ယင်းအပြင် ယစ်မျိုးလိုင်စင်မရှိ သည့်အရက်ဆိုင်များအား သတင်းပေး တိုင်ကြားနိုင်ပြီး တရားဝင်လိုင်စင်ပြု လုပ်ထားသူများ လိုင်စင်ပါအခွင့်အရေး အကုန်ရရန် ဆောင်ရွက်သွားမည်ဟု ဧပြီလ ၁ ရက်နေ့မှစတင်၍ ခရိုင်အုပ်ချုပ် ရေးမှူးအဖြစ် တာဝန်ထမ်းဆောင် လျက် ရှိသော ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို က ပြောသည်။
နိုင်ငံအတွက် အခွန်ထမ်းသည့် ပြည်သူများ နစ်နာမည်စိုးသဖြင့်တိုင်ကြား ပါကအမြန်ဆုံး ဖမ်းဆီးပေးသွားမည် ဖြစ်ပြီး လိုင်စင် သက်တမ်းတိုး အခွန်ငွေ များအား ဧပြီလ ၈ ရက်နေ့ နောက်ဆုံး ထားပေးသွင်းကြရန် ဦးခင်မောင်ချိုက ဆိုသည်။
” ယစ်မျိုးငွေပေးသွင်းတဲ့အခါကျ လည်း အမြန်ဆုံးပေးသွင်းစေချင်ပါတယ်။ ပေးသွင်းမှသာ လိုင်စင်ထုတ်ပေးတဲ့အခါ ကျရင်လည်း အဆင်ပြေမှာ ဖြစ်ပါတယ်” ဟု ဦးခင်မောင်ချိုကပြောသည်။
ယစ်မျိုးလိုင်စင်အား လက်လွှဲ ရောင်းချပါက အရေးယူဖမ်းဆီးသွား မည်ဖြစ်ကာ လိုင်စင်အဆင့်မြှင့်ခြင်းနှင့် နာမည်ပြောင်းခြင်း (မိသားစုဝင်)နှင့် လိပ်စာပြောင်းလဲမည်ဆိုပါက အချိန် မရွေး လာရောက်လျှောက်ထားနိုင် ကြောင်း ၎င်းကပြောသည်။
တစ်ဆင့်မြှင့်ထားသည့် ယစ်မျိုး လိုင်စင်လျှောက်ထားချိန်တွင် နဂိုရှိရင်း လိုင်စင်ပါအရက်အမျိုးအစားကိုသာ   ရောင်းချခွင့်ရှိမည်ဖြစ်ပြီး လျှောက်ထား သည့်  အဆင့်မြှင့်ထားသည့်လိုင်စင်ချထား ပေးပြီးပါကလည်း    ငွေပေးသွင်းပြီးမှသာ ရောင်းချခွင့်ရှိမည်ဖြစ်ကြောင်း ဦးခင်မောင်ချို ကဆိုသည်။
အခွန်ငွေများစွာပေးသွင်းရမည့်  (FL-၁၁) ကဲ့သို့သောလိုင်စင်ကြီးလုပ် ဆောင်ထားသူများမှာပေးသွင်းရမည့်ငွေ ပမာဏ များပြားသည့်အတွက် ၂ ကြိမ် ခွဲကာ ပေးသွင်းနိုင်ရန် ညှိနှိုင်းဆောင် ရွက်သွားမည်ဟု ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလင်းသန့်က ယင်း အခမ်းအနားတွင် ပြောသည်။
” လိုင်စင်ကြီးကိုင်ထားသူတွေ ၂ ရစ် ခွဲပေးသွင်းနိုင်ဖို့ အခက်အခဲရှိရင် လာ ရောက်ညှိနှိုင်းနိုင်တယ်” ဟု မြို့နယ်အုပ်ချုပ် ရေးမှူး ဦးလင်းသန့်က ပြောသည်။
ထားဝယ်မြို့နယ်တွင် ယစ်မျိုးလိုင် စင်အမျိုးမျိုး ပြုလုပ်ထားသည့်ဆိုင် ၁၁၆ ဆိုင်ရှိကာလိုင်စင်ကြေး အနိမ့်ဆုံး ကျပ် ၁ သိန်းမှ အမြင့်ဆုံး ကျပ်သိန်း ၅၀ အထိ ရှိကြောင်း ထားဝယ်မြို့နယ်အုပ်ချုပ်ရေး မှူးရုံးထံမှ သိရသည်။