စက်ချို့ယွင်း၍ မီးပုံမှန် ပြန်မပေးနိုင်သေးဟုဆို

0
506

ထားဝယ်ခရိုင် လျှပ်စစ်မီးအတွက် သဘာဝဓာတ်ငွေ့ရယူသည့် ရတနာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့်ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှစ်ခု အပြောင်း အလဲတွင် စက်မတည်ငြိမ်မှုနှင့် အကူဒီဇယ်အင်ဂျင်နှစ်လုံး စက်ချို့ယွင်း နေခြင်းကြောင့် လျှပ်စစ်မီးပုံမှန်အတိုင်းအချိန်ပြည့် ပြန်မပေးနိုင်သေးကြောင်း ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုအများပိုင် ကုမ္ပဏီလီမိတက် (DDPC) ထံမှ သိရ သည်။


ဇောတိကစီမံကိန်းမှ သဘာဝဓာတ် ငွေ့ထုတ်လုပ်ရေးစင် ပြုပြင်ထိန်းသိမ်း ရေးကာလအဖြစ် ထုတ်လုပ်မှုရပ်ဆိုင်း ထားသည့် ဆယ်ရက်အတွင်း မတ်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရတနာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွင် သဘာဝ ဓာတ်ငွေ့အစားထိုးရယူကာ ထားဝယ် ခရိုင်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခဲ့ပြီး ဇောတိကပိုက်လိုင်းသို့ ပြန်ကူး ပြောင်းရာတွင် စက်မတည်ငြိမ်မှုပြဿနာ နှင့်ကြုံတွေ့နေခြင်းဖြစ်ကြောင်း  DDPC  ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ဇော်ဟိန်း က ပြောသည်။
” ပိုက်လိုင်းနှစ်ခုက ဂတ်စ်အရည် အသွေးကွာတော့ လောင်ကျွမ်းအား မတူလို့   Setting ချိန်တာ မမှန်သေးလို့ ကောင်းကောင်း မထုတ်နိုင်သေးဘူး” ဟု ဦးအောင်ဇော်ဟိန်းက ဆိုသည်။၎င်းအပြင် အကူဒီဇယ်အင်ဂျင် ၅ လုံးတွင် ၂ လုံးမှာ စက်ချို့ယွင်းသွား သောကြောင့် ထားဝယ်ဒေသအတွင်း သုံးစွဲသည့် လျှပ်စစ်ပမာဏကို မထုတ် ပေးနိုင်ဘဲ ဖြစ်နေရသည်ဟု ၎င်းက ပြော သည်။
ထားဝယ်တွင် လျှပ်စစ်အသုံးများဆုံးအချိန်ဖြစ်သည့်ညနေ ၅ နာရီမှ ၁၀ နာရီအတွင်း လျှပ်စစ်သုံးစွဲမှုမှာ ၇ မဂ္ဂါ ဝပ်ကျော်ရှိရာ ယခင်ဇောတိကစီမံကိန်း ထုတ်လွှတ်မှု ခေတ္တမရပ်နားခင်က ယင်းသဘာဝဓာတ်ငွေ့မှ ၅ မဂ္ဂါဝပ်နှင့် အကူမီးစက် ၅ လုံးမှ ၂ မဂ္ဂါဝပ် ထုတ်လုပ် နိုင်သည့်အတွက် လုံလောက်မှုရှိခဲ့ကြောင်း  DDPC ကုမ္ပဏီထံမှ သိရသည်။
သို့သော်လက်ရှိအချိန်တွင် ကံပေါက် ဓာတ်အားခွဲရုံမှ ၄ မဂ္ဂါဝပ်နှင့် အကူမီးစက် ၃ လုံးမှ ၁.၅ မဂ္ဂါဝပ်ခန့်သာ ထုတ်နိုင် သည့်အတွက် ဒေသတွင်း အမြင့်ဆုံးသုံး စွဲသည့်ပမာဏကို မဖြည့်ဆည်းနိုင် ကြောင်း ဦးအောင်ဇော်ဟိန်ုးက ပြော သည်။
ယင်းကြောင့် မီးသုံးစွဲမှုများသည့် နေရာများကိုလျှပ်စစ်ကိုအချိန်ပိုင်းဖြင့်အလှည့်ကျဖြတ်တောက်နေပြီး မီးသုံးစွဲမှုမများသည့်နေရာများကို ပုံမှန်အတိုင်းအချိန်ပြည့်ပေးလျက်ရှိကြောင်း  DDPC  ကုမ္ပဏီထံမှ သိရသည်။
” အမြန်ဆုံး အရင်လိုပြန်ပေးနိုင်ဖို့ကြိုးစားနေတယ်။ သုံးလေးရက်ထဲမှာ  ရနိုင်တယ်” ဟု ၎င်းကဆိုသည်။
လက်ရှိအချိန်တွင် ထားဝယ်မြို့ ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာများ၊ လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူ မြို့နယ်တို့တွင် မီးပုံမှန်မရကြောင်း သိရ သည်။