မြေယာကိစ္စ ဦးစွာရှင်းလိုကြောင်း အရွေးချယ်ခံ တနင်္သာရီဝန်ကြီးချုပ်ပြော

0
341

မြေယာပြဿနာ အမှုအခင်းများ စွာရှိသော တနင်္သာရီတိုင်းဒေသကြီးတွင် မြေယာပြဿနာကို ဦးစွာဖြေရှင်းလို ကြောင်း အရွေးချယ်ခံ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။


သရက်ချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ဒေါက်တာ လဲ့လဲ့မော်ကို ဝန်ကြီးချုပ်အဖြစ် မတ်လ ၂၈ ရက်နေ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် တွင် ကန့်ကွက်သူမရှိ အတည်ပြုပြီး နောက် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပထမဦးစားပေးအဖြစ် လယ်မြေ ကိစ္စရပ်များကိုရှင်းလိုပြီး ဒုတိယဦးစားပေး အနေနှင့် ပြည်သူများ စားဝတ်နေရေး အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးလိုကြောင်း ဒေါက်တာလဲ့လဲ့မော် က ပြောဆိုသည်။
“ဒို့အရေး ဒို့အရေးအော်နေတဲ့ မြေယာတွေချည်းပဲများတယ်ဆိုတော့ အဲလိုမျိုးမြေယာမှုခင်းတွေကို ရက်တစ် ရာမှာ အရင်ဆုံးရှင်းပေးချင်တယ်”  ဟု ၎င်းက ဆိုသည်။
ယင်းတို့မှာ ၎င်း၏ တစ်ဦးတည်း ဆန္ဒသာရှိသေးပြီး ပါတီအနေနှင့် မည် သို့သော စီမံကိန်းများလုပ်ဆောင်ရမည် ကို မရှိသေးသဖြင့် ကတိကဝတ် များစွာ မပေးနိုင်သေးဘဲ ယင်းသို့ ရက်တစ်ရာ အတွင်း လုပ်ဆောင်ရမည့် စီမံကိန်းများ ထွက်ရှိလာပြီးနောက်ပိုင်း အကောင်းဆုံး လုပ်ဆောင်သွားနိုင်မည် ဖြစ်ကြောင်း ဒေါက်တာ လဲ့လဲ့မော်က ပြောဆိုသည်။
၂၀၁၂ ခုနှစ်တွင် ပါတီဝင်ဖြစ်လာ သော ဒေါက်တာ လဲ့လဲ့မော်သည် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် တနင်္သာရီတိုင်း ဒေသကြီး အလုပ်အမှုဆောင် တစ်ဦး ဖြစ်ပြီး ဝန်ကြီးချုပ်အဖြစ် အရွေးချယ် ခံရရန် ရေပန်းစားခြင်းမရှိခဲ့ပေ။ ယင်းအပြင် ဒေါက်တာလဲ့လဲ့မော် သည် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ    ဦးအောင်စိုး၏ ခယ်မဖြစ်ပြီး ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်စိုးမှာ များစွာ နီးကပ်မှုရှိသဖြင့် ထိုသို့ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံ ရခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ကျယ် ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။
” ဒါပေမယ့်လို့ အစ်မ အခုလိုဖြစ် လာတာကတော့ ဦးအောင်စိုးရဲ့ အကူ အညီပါလိမ့်မယ်လို့ မထင်ပါဘူး။ ဦးအောင်စိုးကို အစ်မကလည်း အစော ကြီးထဲက ကြိုပြောထားပါတယ်။ နိုင်ငံ ရေးမှာ လွတ်လွတ်လပ်လပ်ပဲလှုပ်ရှားရအောင်လို့ အစ်ကိုနဲ့ ကျွန်မနဲ့ ဆိုပြီး တော့ အဲလိုမျိုး။ အစ်မတို့လွတ်လွတ် လပ်လပ်ပဲ လှုပ်ရှားကြပါတယ်” ဟု ဒေါက်တာ လဲ့လဲ့မော်က အထက်ပါကိစ္စနှင့် ပတ်သက် ၍ ပြန်လည် တုံ့ပြန်ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့က ထုတ်ပြန် ကာ ရွေးချယ်လိုက်သော တိုင်းဒေသကြီး နှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ် ၁၄ ဦးတွင် အမျိုးသမီး ၂ ဦးပါဝင်ပြီး ယင်း တို့မှာ ဒေါက်တာလဲ့လဲ့မော်နှင့် ကရင် ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တို့ ဖြစ်သည်။
ဒေသခံတိုင်းရင်းသူ တစ်ဦးမဟုတ် သည့် ဒေါက်တာလဲ့လဲ့မော် ဝန်ကြီးချုပ် အဖြစ်အရွေးချယ်ခံရခြင်းကို ထားဝယ်တိုင်းရင်းသားများပါတီနှင့် မြိတ်နှင့် ကော့သောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့က အပြုသဘော တုံ့ပြန်ပြောဆိုသည်။
ပြည်သူအတွက် များစွာအလုပ် လုပ်လိုကြောင်း ပြောကြားထားသဖြင့် ထိုကတိစကားကို ယုံကြည်နေမည်ဖြစ် ကြောင်း ထားဝယ်တိုင်းရင်းသားများ ပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက ပြောဆိုသည်။”ပြည်သူဘက်ကို မျက်နှာမူလိမ့် မယ်လို့ ယုံကြည်ထားတယ်” ဟု ၎င်းက ဆိုသည်။
ရွေးချယ်ခံထားရသော ဝန်ကြီးချုပ် အနေနှင့် တိုင်းအတွင်း တရားဥပဒေ စိုးမိုးရေးကို အဓိက လုပ်ဆောင်ရန် လိုအပ်ပြီး စည်ပင်သာယာရေး ဆိုင်ရာ ဥပဒေကို ပြုပြင်ပြောင်းလဲရန်လိုကြောင်း မြိတ် ၈၈ ကျောင်းသားများ ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးအောင်နိုင်ဦးက ပြောကြားသည်။ နောက်တစ်ခုက ပြည်သူတွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ CSO (အရပ်ဖက် လူ့အဖွဲ့အစည်း) တွေနဲ့ တွေ့ဆုံပွဲတွေ လုပ်သင့်တယ်”  ဟု ၎င်းက ဆိုသည်။
ကော့သောင်း ၈၈ ကျောင်းသားများ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း မှ ဦးထင်ကျော်ကလည်း ပုဂ္ဂိုလ်စွဲမရှိဘဲ အရွေးချယ်ခံရသော ဝန်ကြီးချုပ်နှင့် တိုင်းပြည်ပြုပြင် ပြောင်းလဲရေးလုပ်ငန်း များတွင် လက်တွဲ အလုပ်လုပ်သွားရန် ရှိကြောင်း ပြောဆိုသည်။
ထားဝယ်ဒေသ၊ သရက်ချောင်းမြို့ ပေါ်တွင် ကိုယ်ပိုင်ဆေးကုခန်းဖွင့်ထား သော ဒေါက်တာ လဲ့လဲ့မော်သည် ရန်ကုန် ဇာတိဖြစ်ပြီး အသက် ၅၀ နှစ် ရှိပြီဖြစ် သည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်စိုး၏ ညီဖြစ်သူ ဦးထွန်းမင်းနှင့် အိမ်ထောင် ပြုခဲ့ပြီး သားနှစ်ဦး သမီးနှစ်ဦး ရှိသည်။