ညောင်ဇင်သချုင်္ိင်းမှ သံချောင်းခေါက်သံ

0
509

လူမစည်ကားသင့်သော အရပ် တစ်ခုဟု သတ်မှတ်ထားကြသော ခြောက် သွေ့ ကြဲတောက်နေသည့် သုဿာန်ဝင်း ထဲသို့သရက်ချောင်း မြို့နယ်ညောင်ဇင် ကျေးရွာသူ ကျေးရွာသားများနှင့် ရွာနီး စပ်ချုပ်မှရဟန်းရှင်လူ ဧည့်သည်များ  ရာထောင်ချီ ရောက်နှင့်နေသည်။
၅နှစ်သားလေးမှအစ ဆံဖြူခါးကိုင်း အရွယ်ထိ ပါဝင်သော ထိုလူအုပ်ကြီး သည် အပူစံချိန်သစ်တင်ထားသည့် ထားဝယ်၏ မတ်လ ၂၆ ရက်နေ့လယ် ၁၂ နာရီ နေမင်းကို မေ့လျှော့ ဥပေက္ခာ ပြုကာ ကျောက်ဆစ်ရုပ်များပမာ မားမားရပ်နေ ကြ၏။ အချို့မျက်နှာများ တွင် ချွေးနှင့်မျက်ရည် ရောယှက်စိုရွဲနေ ပါသည်။


” သင်္ချိုင်းမှာ လူအဲလောက်စည်တာ ဒီတစ်သက် ဒီတစ်ခါပဲကြုံဖူးလေရဲ့ ” ဟု အသက် ၆၀ ကျော်အရွယ် ညောင်ဇင်ရွာ သားကြီးတစ်ဦးက တိုးတိုးဖွဖွဆိုလေ သည်။နေ့လယ် ၁၂ နာရီခွဲခန့်တွင်တစ်လုံး တည်းသော မီးသင်္ဂြိုလ်စက်ရှိရာ ထိုသုဿာန်ဝင်းအတွင်းသို့ နိဗ္ဗာန်ယာဉ် ၉ စီး စီတန်းမောင်းနှင်ဝင်ရောက်လာ သည်။

nyaungzin_funeral
ထိုနိဗ္ဗာန်ယာဉ် ၉ စီး ပေါ်၌ လွန်ခဲ့ သော မတ်လ ၂၃ ရက် တပေါင်းလပြည့် နေ့ လက်ခတ်တောင် ဘုရားတောင် အဆင်း ကားတိမ်းမှောက်ခဲ့မှုမှ သေဆုံး ခဲ့သူ ၁၅ ဦးတွင် ပါဝင်သော ညောင်ဇင်  ရွာသား၉ဦး၏ သက်မဲ့ခန္ဓာများ တင်ဆောင်လာပါသည်။ သူတို့ ၉ ဦး စလုံး အားတပြိုင်နက်တည်း သင်္ဂြိုလ်နိုင် ရန် တင်ဆောင်လာခြင်း ဖြစ်ပါသည်။
နိဗ္ဗာန်ယာဉ် ၂ စီးက သုဿာန်ဝင်း ကုန်းမြင့်ရှိ မီးသင်္ဂြိုလ်စက်ရှိရာသို့ မောင်းဝင်လာပြီး ကျန်နိဗ္ဗာန်ယာဉ် ၇ စီး က သင်္ဂြိုလ်စက်နောက်ဘက် မြေနိမ့်ပိုင်း ကွင်းပြင်လေးဆီသို့ ခွဲထွက် ဆက်မောင်း သွားပါသည်။ နိဗ္ဗာန်ယာန်များသည် သုဿာန်ဝင်း မြေနိမ့်ကွင်းရှိ သွပ်ပြား အဟောင်းများ ဝင်းခတ်ကာရံထားသော ပေ ၁၀၀ ခန့် အကျယ်ခြံဝင်းရှေ့တွင် ရပ်နားလိုက်ပါသည်။
ထိုသွပ်ဝင်းအတွင်းတွင်ကား သစ် ထင်း တစ်ထပ်၊ ကားဆိုင်ကယ်တာယာ ကွင်းတစ်ထပ်ဖြင့်လူ ၄ ဦးကို တစ်နေရာ တည်းသင်္ဂြိုလ်နိုင်ရန် စီမံထားသည့်ဒီဇယ် အနံ့ ထောင်းထောင်းထနေသော မီးသင်္ဂြိုလ် ထင်းစင်ကြီးနှစ်ခု။
သွပ်ဝင်းတွင် ဝင်ပေါက်နှစ်ခု ဖော်ထားပြီး ဘယ်ဘက်ဝင်ပေါက်နံရံတွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ပေါင်း ၃ ဦးတို့၏ အမည်နှင့် အသက်များ ရေးထားသည့် စာရွက်ကြီးတစ်ချပ်ကပ် ထားပြီး ညာဘက်ဝင်ပေါက်တွင်မူ အမျိုး သမီး ၄ ဦး၏စာရင်းကို တွေ့ရပါသည်။ထိုဝင်းအတွင်းတွင် လူ ၇ ဦးကို သင်္ဂြိုလ် မည်ဖြစ်ပြီး အကြီးဆုံး အဖိုးအိုအသက်မှာ ၈၁ နှစ်ရှိကာ အငယ်ဆုံးအမျိုးသမီးမှာ ၄၄ နှစ် ဖြစ်ပါသည်။
ကုန်းမြင့်ပေါ် မီးသင်္ဂြိုလ်စက်တွင် အသက် ၁၀ နှစ်စွန်းစွန်းကလေး ၂ ဦးကို တစ်ချိန်တည်း သင်္ဂြိုလ်ရန် အသင့်။
မီးသင်္ဂြိုလ်စက်နှင့်ကပ်ရက်ရှိ သုဿာန် ဇရပ်ဆောင်အတွင်း ထားဝယ် မြို့ပေါ်နှင့် ရွာနည်းစပ်ချုပ်မှ ဆရာတော် သံဃာတော်များ စုံလင်စွာတွေ့ရ သော်လည့် တရားနာလူပရိသတ်ထဲတွင် မူ အစိုးရအဖွဲ့နှင့် နိုင်ငံရေးနယ်ပယ်မှထင်ရှားကျော်ကြားသူများကို မတွေ့ရ။ ရာထောင်ချီ ပရိသတ်တို့ကတရားနာ ယူရန်ထက် ထူးခြားသည့်အသုဘအခမ်း အနားကိုကြည့်ရှုရန်သာ စိတ်စောနေကြ ပုံရ၏။
နေ့လယ်၁နာရီကျော်ကျော်၊ သုဿန် ဇရပ်ဆောင်မှ ဆရာတော်များ၏ ဘ၀သံ သရာ တရားချီးမြှင့်မှု ပြီးမြောက်ချိန် ဇရပ် အတွင်းမှအနည်းငယ်သော လူပရိသတ်၏ သာဓုခေါ်သံအဆုံး၊ ကြေး စည်သံကြီး ပေါ်ထွက်လာသည်နှင့်တပြိုင် နက်၊ သက်ကြီးအလောင်း ၇ လောင်းတင် ထားသည့် ထင်းစင်နှစ်ခုရှိရာ အောက် ဖက် မီးသဂြိုလ်ကွင်းမှ မီးလုံးမီးမြိုက်များ၊ မီးခိုးငွေ့များ ထွက်ပေါ်လာပါတော့သည်။ညောင်ဇင်ရွာသူရွာသားတို့၏ ရှိုက်သံ များက မီးခိုးငွေ့များနှင့်အပြိုင်..။
ယင်းမီးခိုးငွေ့များသည် အနောက် လေ၏ပင့်ဆောင်မှုဖြင့် ဆယ်ကျော် သက် လေး ၂ ဦး သင်္ဂြိုလ်ရာကုန်းမြင့်မီးသင်္ဂြိုလ် စက်ခေါင်းတိုင်မှ ထွက်ပေါ်လာသော မီး ခိုးငွေ့မျာနှင့်ပေါင်းဆုံကာ မိုးယံထက်ဆီ လွင့်ပျံတက်သွားပါလေသည်။
” ကျုပ်တို့ရွာမှာ ၂၀၀၇ တုန်းက လည်း လှေမှောက်လို့ ရေနစ်သေဆုံးသူ တွေကို ခုလိုပဲ ပေါင်းသဂြိုလ်ဖူးတယ်ဗျ။အဲဒီတုန်းက ၆ လောင်းပြိုင်လေ”  ဟု ညောင်ဇင် နာရေးကူညီမှုအသင်းမှ ကိုနှစ် ထွေးက ဆိုလေသည်။
အသက်မဲ့ အလောင်းများပြာကျသွား သည့်အချိန်အထိ အစိုးရ၊ လွှတ်တော်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံမှ မည် သည့်မှတ်ချက်ဝမ်းနည်းစကားမျှ မကြား ရ။ နောက်ထပ်ထိုသို့သောအဖြစ်ဆိုး မကြုံရန် မည်သို့တာဝန်ယူသွားမည် ဟူသော ကတိကဝတ်များလည်း မကြားရ။
မည်သူ့ကြောင့်ဟု လက်ညှိုးထိုး ရန်မလွယ်ကူသည့် ယင်းသို့သော ဘေး ဆိုးအဖြစ်ဆိုးများ မပေါ်ပေါက်လာရေး စနစ်တကျ ကာကွယ်ရန်နည်းလမ်းများမပေါ်ပေါက်သေး။ ဖြစ်ပေါ်လာခဲ့ပါက လည်း ပါဝင်ပတ်သက်ခံရသူအားလုံး အထိအရှ နည်းနိုင်သမျှနည်းအောင် ကိုင် တွယ်ဖြေရှင်းပေးမည့် အဖွဲ့အစည်းများ၊ တာဝန်ယူ တာဝန်ခံရဲသည့် သက်ဆိုင်သူ များ လိုအပ်နေကြောင်း ယခုအဖြစ်အပျက် ကြီးက သံချောင်းခေါက်လိုက်ပါပြီ။
” အခု သေဆုံးထိခိုက်မှုကိုအနှစ်ချုပ် ရင် အားလုံးစည်းကမ်းမရှိကြလို့ပဲ ” ဟု ညောင်ဇင်ကျောင်းကြီး နာယက ဥူးဥတ္တမကတော့ မိန့်လေသည်။